မျက်နှာဖုံးကို သေလောက်အောင်မုန်းတဲ့ မျက်နှာဖုံးနဲ့ ငါ

ဟိုး…လွန်ခဲ့တဲ့ငါးနှစ်လောက်ကငါ…

ရိုးသားဖြူစင် တဲ့ နှလုံးသားနဲ့ ငါ …

ဘ၀အတွက်ရင်ဆိုင်ဖို့ အားမာန်တွေအပြည့်နဲ့ ငါ…

လတ်ဆတ်တဲ့ ရင်ခုန်သံအသစ်စက်စက်တွေနဲ့ ငါ…

အထွေးဆုံးဖြစ်တဲ့ ငါ..

မိဘတွေရဲ့ ယုယကြင်နာမှု
အစ်ကိုတွေ အစ်မတွေရဲ့ အလိုလိုက်မှုတွေနဲ့
ပြည့်နှက်နေခဲ့တဲ့ ငါ …

လောကကြီးအကြောင်ကို ဘာမှမသိနားမလည်
ဟန်ဆောင်မှုတွေကင်းမဲ့တဲ့ ငါ…

မိဘမေတ္တာတစ်ခု ကလွဲလို့ ဘာဆိုဘာမှ
မခုံမင် မမက်မောခဲ့တဲ့ ငါ …

အရာရာကို မှန်ကန်စွာဆုံးဖြတ်ပေးနိုင်တဲ့
အစ်မတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ငါ…

သာယာမှုအတိပြီးတဲ့ လောကကြီးကို ပိုင်ဆိုင်ထားတဲ့ ငါ…

ဒီလိုနဲ့
မှုန်ဝါးဝါး ရေးတေးတေး ရည်ရွယ်ချက်တွေနဲ့
စင်ကာပူ ဆိုတဲ့ တိုးတက်နေတဲ့
ကျွန်းနိုင်ငံသေးသေးလေးထဲမှာ တစ်နေရာစာရဖို့
၂၀၀၇ ဖေဖေါ်ဝါရီလထဲက ကြိုးစားခဲ့တဲ့ ငါ…။

ခုဆိုရင် သုံးနှစ်စွန်းလို့ လေးနှစ်ပြည့်ခဲ့ ပြီပေါ့။

ဒီ လေးနှစ်အတွင်းမှာငါ…

အရင်က…
ဟန်ဆောင်မှုကင်းမဲ့ခဲ့တဲ့ ငါ
ဟန်ဆောင်တာကို သေလောက်အောင်မုန်းတဲ့ငါက
ဘ၀ကပေးတဲ့ အတွေ့အကြုံတွေကြောင့်
မျက်နှာဖုံးတွေ အမျိုးမျိုးပြောင်းတပ်လာခဲ့တဲ့ငါ…

ငါ့လိုဘဲ မျက်နှာဖုံးအောက် ကမျက်နှာတွေကို ငါ မြင်နေရတယ်။
ဒီ ဟန်ဆောင်မျက်နှာဖုံးတွေအောက် ကအကြိမ်ကြိမ် ရုန်းထွက်ဖို့လည်း
ကြိုးစားခဲ့ဖူးတဲ့ငါ…

လတ်ဆတ်ခဲ့တဲ့ ရင်ခုန်သံတွေ ပျက်သုန်းပြီး
ညစ်ပတ်စုတ်ပြတ် သတ်နေတဲ့ ရင်ခုန်သံတွေနဲ့ ငါ…

ဖြူစင်နေတဲ့ စိတ်ဓါတ်တွေလည်း
မျက်နှာဖုံးတွေကြောင့် မဲညစ်နေတဲ့ စိတ်ဓါတ်တွေသာရှိတော့တဲ့ငါ…

ဘာဆိုဘာမှ မသိ နားမလည်ပေမဲ့ ခုတော့
အရာရာကို ကြိုသိနေတတ်တဲ့ ငါ….

မျက်နှာဖုံးတွေအောက် ကလွတ်မြောက်ချင်တဲ့ငါ…
မျက်နှာဖုံးတွေကို သေလောက်အောင်မုန်းတဲ့ငါ….

ငါ….ငါ….ငါ…။
Read More ->>

ဗုဒ္ဓ ဘာသာ ကို Apple ကုမ္ပဏီမှ ဒီဇိုင်နာ က စော်ကားလိုက်ခြင်း


We have assembled a heavenly design team. By keeping the core team small and investing significantly in tools and process we can work with a level of collaboration that seems particularly rare. Our physical environment reflects and enables that collaborative approach. The large open studio and massive sound system support a number of communal design areas. We have little exclusively personal space. In fact, the memory of how we work will endure beyond the products of our work.
-Jonathan Ive, senior vice president of industrial design at Apple

http://www.fastcompany.com/blog/gizmodo-staff/gizmodo/important-message-about-apple-industrial-design-jon-ive-blockquote
အဲဒီ link ကို ၀င်ကြည့်ကြပါ ...Jonathan Ive (senior vice president of industrial design at Apple) ဆိုသူက ဗုဒ္ဓ ရဲ့ ပုံတော်က မျက်နှာတော်ကို သူ့မျက်နှာနဲ့ အစားထိုးရုံတင်မက ဗုဒ္ဓရဲ့ လက်တော်ထဲမှာပါ Apple logo နဲ့ ipod တို့ကို ထည့်ထားပြီး စော်ကားချင်တိုင်း စော်ကားထားပါတယ်။
အဲဒီလူရဲ့ ဓာတ်ပုံကို အောက်ပါ link မှာ တွေ့နိုင်ပါတယ်။

http://www.123people.com/s/jonathan+ive

Read More ->>

သို့ ...မေမေ


သမီး မေ့မေ့ကို အရမ်းသတိရနေလို့ ဒီပို့စ်လေး ရေးဖြစ်တာပါ။

မေမေ နဲ့ ဖေဖေ အိမ်ထောင်ပြုပြီး မိုးကုတ်ကိုပြောင်းလာခဲ့ပါတယ်။်အမကြီးရယ် ၊ အစ်ကို ရယ် နဲ့ သမီးရယ်ကို မေမေက မိုးကုတ်မှာမွေးပြီး အမလတ်ကိုတော့ ရန်ကုန်မှာမွေးပါတယ်။သမီးတို့သုံးယောက် ကမိုးကုတ်မှာမွေးလို့လားတော့ မသိဘူး၊ အသား ဖြူတယ်နော် မေမေ ။အမလတ်တစ်ယောက်ဘဲ အသားညိုတယ်။ ဒါပေမယ့်အမလတ်က သမီးတို့မောင်နှမ တွေထဲမှာ အချောဆုံး။ မေမေနဲ့ တူလို့လားတော့သိဘူးနော်။

သမီးတို့မောင်နှမလေးယောက်လုံး ကတစ်ယောက်တစ်မျိုးစီ ဆိုးခဲ့ကြတယ်နော်။ ဖေဖေကလည်း လူတဖက်သားကို အရမ်းအားနာတတ်ခဲ့တဲ့သူပေါ့။ ဒီလို မျိုးတွေကြားထဲမှာ မေမေ ဘယ်လိုများစီမံကွပ်ကဲခဲ့ပါသလဲ? သမီးသိချင်တယ်မေမေရယ်။ဖေဖေ ဘယ်လောက်ထိအားနာတတ်သလဲဆိုရင် မေမေပြန်ပြောတာ သမီးနားထဲမှာအမြဲကြားနေရတယ်။ အစ်မလတ်မွေးပြီးတော့ မေမေတို့မိုးကုတ်ကို ပြန်လာခဲ့ တယ်။ ဖေဖေ ကကျောက်ကြည့်တာ အရမ်းကျွမ်းကျင်ပါတယ်။ ဘယ်လောက်ထိကျွမ်းသလဲဆိုရင် ယိုးဒယားတို့ဘာတို့ ဘက်က သူငှေးတွေဆိုရင် ဖေ့ဖေ့ ကို ရာဖြတ် အနေနဲ့ ခေါ်ပြီး သူ့တို့ကျောက်တွေကို ဈေးဖြတ်ပေးရပါတယ်။ ဖေဖေရဲ့ အားနည်းတဲ့ အချက်က သူများကို အားနာတတ်လို့ သမီးတို့မချမ်းသာတာပါ။ လိမ်တဲ့သူမှန်းသိသိကြီးလည်း ကျောက်ကိုထည့်လိုက်တာဘဲ။ အဲလို အားနာတတ်တဲ့သူမျိုးလေ။ အရင်တုန်းကတော့ မေမေ ကစီးပွားရေးထဲမှာ ၀င်မလုပ်ပါဘူး။ ဒါပေမယ့် သမီးကိုမွေးပြီးတဲ့ အချိန်ကစလို့ အားနာတတ်တဲ့ ဖေဖေရဲ့ အကျင့်ကြောင့် မေမေ စီးပွားရေးထဲ မ၀င်လို့ မရတဲ့ အခြေအနေ ကိုရောက်ရှိခဲ့ပါတယ်။ မေမေ စီးပွားရေးထဲ ၀င်လာပြီဆိုမှဘဲ ဖေဖေ့ကိုလည်း ဘယ်သူမှ မလိမ်ရဲတော့ပါဘူး။မေမေ့ ပါးစပ်ကို ကြောက်လို့ထင်ပါရဲ့။

မိုးကုတ်မှာနေတုန်းကဆိုရင် သမီးကမူကြိုဘဲရှိသေးတာ။ သမီးကငယ်ငယ်လေးထဲက လက်ဖက်ရည်ဆိုရင် အရမ်းကြိုက်တာ။ မေမေ ကသမီးကိုအမြဲကျောင်းလိုက်ပို့တယ်။ မေမေမှတ်မိတယ်မလားဟင်။ ကျောင်းသွားရင် လက်ဖက်ရည် ဓါတ်ဘူးတစ်လုံး အပြည့်ဖျော်ပေးလိုက်တာ။ ပြီးတော့ကျောင်း သွားတဲ့လမ်းမှာ ပေါက်စီဆိုင်ရှိတယ်။ ပေါက်စီကတစ်လုံးမနက်တိုင်း စားနေကျ။ စားပြီးရင် မေမေက သမီးကို မူကြိုပို့ပေးပြီး ထပွဲထဲသွားပြီ။ထပွဲ ဆိုတာက ကျောက်ဈေးလိုသဘောမျိုးပါ။ မေမေကဖေဖေ့ လောက်ကျောက်ကြည့်တာမကျွမ်းဘူး။ ဒါပေမယ့် သားသမီးဇောတွေနဲ့ မေမေရဲ့ အားမနာတတ်တာရယ် အတိအကျလုပ်တာရယ် ဖေဖေရဲ့ ကျောက်ကျွမ်းကျင်မှူနဲ့ စီးပွားရေးနယ်ပယ်မှာ ဖေဖေနဲ့ မေမေ ရပ်တည်လာနိုင်ခဲ့တယ်။ ဖေဖေကတော့သူ့မိန်းမအောင်မြင်တာတွေကြည့် ပြီး ဂုဏ်ယူနေလေရဲ့။ ဒီလိုနဲ့ ဖေဖေက မေမေ့ကိုကျောက်ပညာတွေသင်ပေးခဲ့တယ်။ မေမေက သူယူလာတဲ့ကျောက်တွေ ကောင်းမကောင်းဖေဖေ့ကိုပြ တယ်။ပြီးတော့နှစ်ယောက်သားတိုင်ပင်ပြီး အရောင်းအ၀ယ်လုပ်တာခုချိန်ထိဘဲ ဆိုပါတော့။

သမီး ခေါင်းထဲမှာ မှတ်မိသေးတယ် မေမေ။သမီးတို့ ခြံထဲမှာ မာလကာပင်တစ်ပင်ရှိတယ်။ အဲဒီမာလကာပင်က မာလကာသီးတွေကို သမီးတို့က အမြဲခူးစားနေကျလေ။ တစ်ရက် ဖေဖေနဲ့ မေမေ အပြင်သွားနေတုန်း မောင်နှမလေးယောက် မာလကာသီးတွေခူးစားပါရော။ အသီးကမမှည့်သေးတော့ မာကျစ်ကျစ်နဲ့။ စားပြီးည ဘက်လည်းရောက်ရော ကျန်တဲ့ မောင်နှမတွေက ဘာမှမဖြစ်ဘဲ သမီးက (ကန်တော့နော်) အီးအီးတွေတစ်ပါလေရော။ မေမေကလေ ပြန်ရောက်တော့ ကျန်တဲ့ မောင်နှမတွေကို ဆူပြီး သမီးရဲ့မစင်ကို လက်နဲ့ ထုတ်ပေးပါတယ်။ မရွံမရှာနော်။ အော်။သူလည်း မိခင်မေတ္တာတွေ နဲ့ဆိုတော့ ဘယ်ရွံမလည်းနော်။ သမီးလေ အဲဒီအကြောင်းပြန်စဉ်းစားတိုင်း မေမေ့ကို အရမ်းအားနာတာပဲမေမေရယ်။

အစ်ကိုတုန်းက ကျတော့ ဒီလို။ တစ်ရက် အစ်ကို အပြင်းဖျားတယ်လေ။ဘယ်လောက်ထိဖျားလည်း ဆိုရင် ဆေးရုံတောင်တက်ရတယ်။ မေမေက အဲဒီတုန်းက ဆေးရုံမှာ တစ်ညလုံးစောင့်အိပ်ခဲ့တယ်နော်။မပင်ပန်းဘူးလားမေမေရယ် လို့မေးတော့ ဟဲ့သားဇောနဲ့ဆိုတော့ အိပ်ပါဆိုရင်တောင် မအိပ်ချင်ဘူးလို့မေမေပြန်ဖြေခဲ့တယ်နော်။ သုံးညလေးညလောက်မေမေ မအိပ်ရဘူးတဲ့။ သားဇောတွေနဲ့ လေ။ ဒီကြားထဲ အစ်ကို ကုတင်ဘေးက ကောင်လေးက ဆုံးသွားသေးတယ်။ မေမေပိုပြီး စိတ်ပူတာပေါ့။ သူ့သားအတွက်။

အမကြီးကျတော့ မေမေချစ်ပုံကတစ်မျိုး ။ မကြီး ကငယ်ငယ်လေးထဲက မေမေ့လက်ထွက်မို့လို့လားမသိဘူးနော် တစ်ခုခုလုပ်ပြီဆိုရင် သူကအရမ်းထူးချွန်တယ်။ သမီးတို့နဲ့များတော့ ကွာပါ့။ မေမေက မကြီးငယ်ငယ်တုန်းကဆိုရင် အတန်းထဲမှာ ပထမ မရရင်ထမင်းမကျွေးဘူး ။အဲလိုမျိုး။ မကြီးက အဲဒါကိုကြောက်ပြီး အတင်းကြိုးစားတာ။ သမီးတို့အလှည့်ကျတော့ မေမေကစာမပြပေးနိုင်တော့ဘူး။ စီးပွားရေးလုပ်နေရလို့။

မေမေ့ကို လူတွေက အတ္တကြီးတယ် တဲ့။ အပေါက်ဆိုးတယ်တဲ့။ မေမေကတော့ အဲဒီလူတွေကို ဘာပြန်ပြောတယ် မှတ်သလဲ။ ဟုတ်တယ် ကျွန်မက အတ္တကြီးတယ်တဲ့။ ကိုယ့်သားသမီးအတွက် ကျွန်မ အတ္တကြီးတာ ဘာဖြစ်သလဲလို့ ပြန်ပြောခဲ့တယ်။ မေမေ့အပေါ်မှာ သူ့မောင်နှမတွေ ကအစ အမြင်မကြည်ဘူး။ မေမေက သူမိသားစု တစ်ခုကိုဘဲသူ့ကမ္ဘာလို့ယုံ ကြည်တဲ့သူလေ။သူများအပေါ်စိတ်ထား မကောင်းဘူလားဆိုတာတော့ မဟုတ်ဘူး။ မေမေက သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲလုပ်တတ်တဲ့သူပေါ့၊ တစ်ခါတစ်ရံမှာ မေမေက သူ့ဘ၀နဲ့ရင်းပြီး ရလာတဲ့သင်ခန်းစာတွေကြောင့် စကားပြောတာဆိုးချင်ဆိုးမယ်။ ဒါပေမယ့် သူများ အပေါ်မှာ မကောက်ကျစ်ဘူး။ မယုတ်မာဘူး။မေမေ ရေ. သမီး အမှန်အတိုင်း ၀န်ခံရရင် သမီး အထင်ကြီးရတဲ့မိန်းမ လေးစားရတဲ့ မိန်းမ တွေထဲမှာ မေမေ ကဒုတိယပါ။ ပထမက တော့ အန်တီ စုပါ။

ခုချိန်မှာ မေမေ့ကို သမီးအရမ်းသတိရနေပါတယ်။ သမီး အရမ်းစိတ်ညစ်လာတဲ့အခါ၊ အဆင်မပြေမှုတွေများလာတဲ့အခါ မှာမေမေကို သမီး အနားမှာရှိစေချင်တယ်။ မေမေ့ကိုအရမ်းလွမ်းပါတယ်။ မေမေက နိုဝင်ဘာ လလယ်လောက် သမီးနဲ့ မကြီး ရှိတဲ့ ဒီနိုင်ငံကို လာမယ်တဲ့။ သမီးအရမ်းပျော်တာဘဲ။မေမေချက်ကျွေးတဲ့ ဟင်းတွေလည်းမစားရတာ ကြာနေပြီ။ မေမေ့ ရင်ခွင်မှာလည်း မအိပ်စက်ရတာကြာပြီ။

မေမေ နေကောင်းပါစေ ဒီသားသမီးတွေရယ် ဒီဖေဖေရယ် ဒီမေမေရယ် နောင်နှစ်ပေါင်း ၁၀၀ တိုင် အေးချမ်းပျော်ရွှင်တဲ့မိသားစု လေးအတိုင်း နေထိုင်သွားနိုင်ပါစေလို့ဆန္ဒပြုရင်း။

မေမေနဲ့ ဖေဖေကို အရမ်းလွမ်းတဲ့
မျက်မှန်လေး

* ပုံကို ဒီက ယူထားပါတယ်။

* အားလုံးဘဲဆော်ရီးပါနော်။ ခုတလောကနည်းနည်း အလုပ်များနေလို့ ဘယ်သူ့ဘလော့ခ်မှလည်း မရောက်ဖြစ်၊ ဝေဖန်ချက်လည်း မပေးနိင်ဖြစ်သွားပါတယ်။ အနှူးညွှတ်တောင်းပန်ပါတယ်။။
အားလုံးကို ခင်တဲ့
မျက်မှန်လေး
Read More ->>