သူ....


အချိန် ကား ၁၉၉၇ ခုနှစ် … ဇူလိုင်လ။

နော့်နာမည် အရင်း က မိုးနဒီဦး ပါ။ နော် က မိသားစု ထဲမှာ အငယ်ဆုံး သမီးထွေးလေးဆိုပါ တော့။ အားလုံးက နော့်ကို ငယ်ငယ်လို့ ဘဲခေါ်ပါတယ်။ နော် တို့မှာ မောင်နှမ နှစ်ယောက်တည်း ရှိတာဆိုတော့ အကို ကဘဲ ထမင်းကျွေး အကို ကဘဲသိပ် အဲဒီ အကို ကဘဲ နော့် အ၀တ်တွေ လျော်ပေး နဲ့ အကို့ လက်ထဲမှာဘဲ ကြီးပြင်းခဲ့ ပါတယ်.။ ဖေဖေ နဲ့ မေမေ တို့ ကစီးပွားရေး အတွက်အချိန်ပေးနေရလို့ နော်တို့မောင်နှမ နှစ်ယောက်ကို လှည့်မကြည့်နိုင်ခဲ့ ပါဘူး။ ငယ်ငယ်ကတည်းက အကို နဲ့ဘဲ အနေများလို့ စကားပြော ရင် ကျနော် ကျနော် လို့ ကိုယ့်ကိုယ်ကို နာမ်စားသုံးတာ အကျင့်ပါနေခဲ့ပါတယ်။ အဲလိုနဲ့ ကြာလာတော့ ကျနော် က ‘ကျ’ ပျောက်ပြီး နော် နော် ဖြစ်သွားပါတယ်။



 နော် က ဒီနှစ်မှာ ၁၀ တန်းပါ။ ကျောင်းဖြေဖြစ်ပေမဲ့ ကျောင်းမတက်ဘဲ သူငယ်ချင်းတွေနဲ့ ဆရာတွေခေါ်ပြီး ၀ိုင်းသင်ဖြစ်ပါတယ်။ နော်တို့် ကျူရှင် က လမ်းမတော် ၈ လမ်းမှာဘဲ။ Chemistry နဲ့ Maths အချိန်က မိုးချုပ်ပါတယ်။ ဖေဖေတို့ က သူတို့အလုပ်အပြန် နော့်ကို ၀င်ကြိုပြီး သားအမိသားအဖ ၃ ယောက် မြို့ထဲမှာ တစ်ခုခု ၀င်စားပြီးမှ အိမ်ကိုပြန်နေကျ ပါ။ နော်တို့ လမ်းထိပ်မှာ မုန့်ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ ကွမ်းယာ ဆိုင်နဲ့တွဲ ဖွင့်ထားတာပါ။ မုန့်တို့ ဆေးတို့ ကွမ်းယာ တို့ ကို စုံစုံလင်လင် ၀ယ်ယူ လို့ရပါတယ်။ အဲဒီဆိုင်နား မှာ အုတ်ခုံလေးတစ်ခုံ ရှိပါတယ်.။ အဲဒီမှာ သူ့ကို နော် စတွေ့ခဲ့ တာပါ။ တစ်ရက် ဖေဖေ ကနော့် ကို Chemistry ကျူရှင်ကြိုပြီး အပြန် (အဲနေ့က မေမေမပါလို့) နော် ကားရှေ့ခန်းမှာ ထိုင်ပါတယ်။ ဖေဖေ က ကွမ်းယာစားချင်လို့ ဆိုပြီး အဲဒီဆိုင်မှာ ကွမ်းယာ ၀င်ဝယ်ပါတယ်။ နော်က ကားထဲမှာဖေဖေ့ကိုစောင့်နေပါတယ်။ အဲဒီ အုတ်ခုံ လေးမှာ အစ်ကိုကြီးတွေနှစ်ယောက်လောက်ထိုင်နေပါတယ်။ အဲချိန်မှာ သူက ကားလမ်းကို ဖြတ်ကူးလာပါတယ်။ ရှပ်အကျီ င်္အနီကွက်ကလေးနဲ့ ပုဆိုးလေးကို မပြီး လမ်းဖြတ်ကူး လာတဲ့ သူရဲ့စတိုင်လ် က တော်တော်လေးကို ကြည့်လို့ကောင်းပါတယ်။ ပြီးတော့ ဖြောင့်စင်းစင်းဆံနွယ် တွေ ကုတ်ပေါ် ၀ဲကျနေတဲ့ လူငယ်တစ်ယောက် ရဲ့ ဟန်ပန်က နော် အကြည့် တွေ ကို သူ့ဆီမှာ ရပ်တန့်စေ အောင် စွဲဆောင်နိုင်ခဲ့ပါတယ်။ သူက တော့နော့် ကိုမြင်မယ် မထင်ပါဘူး။ အရပ်ကလည်း ထောင်ထောင်မောင်းမောင်း ကိုယ်ထည်ခပ်တောင့် တောင့်နဲ့ သူ့ကို နော် ရင်တွေခုန်ခဲ့မိပါတယ်။ ဒီလိုနဲ့ အဲဒီ အုတ်ခုံလေးနားရောက်ရင် သူ့ကို ရှာဖွေ ရတဲ့ အလုပ်တစ်ခု ရလာပါတော့တယ်။ သူ့ကို တွေ့ရင် နော်လေ သူ့ကို မကြည့်ရ မနေနိုင်ပါဘူး။ သူကတော့ နော့်ကို ကလေးဆိုပြီး ဂရုတောင်စိုက်မှာ မဟုတ်ပါဘူး။ နော် သိပါတယ်။ သူ နော့်ကို သတိမထားမိပါဘူး။ နော် က သတိထားမိအောင်လည်း လှမှ မလှတာ။ သာမာန် မိန်းကလေး တစ်ယောက် မှာ ရှိတဲ့ ရုပ်ရည်မျိုး နဲ့ ကိုယ်ထည်သေးသေးသွယ်သွယ် လေးသာ ပိုင်ဆိုင်ထားတဲ့ နော့်ရဲ့ ပုံစံ က ဘယ်ပုရိသ ယောကျာ်းမှ တကူးတက လှည့်ကြည့်ရလောက်အောင် လှမနေခဲ့ပါဘူး။ နောက်ကျတော့ သူ့ကို နော့် အစ်ကို နဲ့ တစ်ခါတစ်ခါ တွေ့ပါတယ်။ ဒါပေမယ့်လည်း အစ်ကို့ ကို နော် ဘယ်လိုသွားမေးမလဲနော်။ နော့်ကို လက်သီးနဲ့ထိုးမှာ ပေါ့်။

၁၉၉၇ ခုနှစ်… နိုဝင်ဘာလ။

နော် က ရပ်ကွက်ထဲမှာ ဆိုရင် ရွာစော်ကြီးလို့ပြောလို့ ရပါတယ်။ သာရေးနာရေးရှိရင် ဆော်သြဖို့ ဓမ္မာရုံကလူကြီးတွေက နော့်ကို တာဝန်ပေးနေကျလေ။ အဲလိုဆိုရင်တော့ နော်က ကလေး တစ်သိုက်ကို စည်းရုံးပြီး လမ်းထိပ်တိုက် ကဦးတုတ်ကြီး ဆီမှာ ဆိုက်ကားနဲ့ လော်စပီကာကြီး ငှားပြီး တော့ လမ်းတကာ လိုက်ပြီးဆော်သြခဲ့ကြတယ်။ ခုလည်း တစ်နှစ်တစ်ခါ ကျင်းပမြဲ ဖြစ်တဲ့ ရပ်ကွက် ဘုံကထိန် အတွက် ပဒေသာပင်သီးလို့ ရပြီဆိုတဲ့အကြောင်း လူကြီးတွေ တာဝန်ပေးချက် အရ ဆော်သြနေချိန်မှာဘဲ ကွမ်းယာဆိုင်နားက တိုက်ရဲ့ ဒုတိယထပ်မှာ သူ့ကို အမှတ်မထင် တွေ့ခဲ့ရတယ်။ စွပ်ကျယ် လက်ပြတ် နဲ့ဘောင်းဘီတိုနဲ့ အိမ်ကို ကိုယ်တိုင် ကိုယ်ကျ ဆေး သုတ်နေတဲ့ သူ့ရဲ့ ပုံစံက လွတ်လပ်ပေါ့ပါးနေပြီး အမြင်ဆန်းနေပြန်ပါတယ်။
“ ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ ဗုဒ္ဓဘာသာဝင် ပါရမီရှင် သူတော်ကောင်း အပေါင်းတို့”
ဆိုပြီး ရှေ့ဆက်မတက်ဘဲ သူ့ကို ငေးနေမိတဲ့ နော့်ကို နော့်ရဲ့ ဘက်တော်သားတစ်ယောက် က
“ မကြီး ..ဘာလို့ ရပ်နေတာလည်း။ ဆက်ပြောလေ။ ”
“ အေး အေး ”

ဆိုပြီး အခန်းနံပါတ်နဲ့ တိုက်နံပါတ်ကို ဦးနှောက်ထဲ ထည့်ပြီး ဆက်ပြီး ဆော်သြခဲ့ ပါတယ်။
အဲလိုနဲ့ နောက် အပြင်ထွက်ရင် သူ့အခန်းကို ကြည့်ဖို့ သူနဲ့ ပတ်သတ်ပြီး အလုပ် နောက်တစ် ခုတိုးလား ခဲ့ပြန်ပါတယ်။ တစ်ခါတစ်ခါ သူ့ကို လှေကားမှာ ထိုင်နေတာတွေ့သလို တစ်ခါတစ်ခါ အုတ်ခုံ လေးမှာ ထိုင်နေတာလည်း တွေ့ရပြန်ပါတယ်။

၁၉၉၈ ခုနှစ်….ဇန်န၀ါရီလ။

နော် စာကျက်နေတုန်း လမ်းမှာ ဆူဆူညံညံဖြစ်နေလို့ ထွက်ကြည့်တော့ …
“ ဟေ့ကောင်.. မင်းထွက်လာစမ်း ။ မင်းယောကျာ်းမဟုတ်ဘူးလား။ ငါ့ကို လက်သီးနဲ့ထိုး တုန်းက ထိုးပြီးတော့။ ခုမှ ဘာကြောက်ပြီး အိမ်ထဲ အောင်းနေတာလည်း” ။
နော်လည်း ဘယ်သူလည်းလို့ကြည့်လိုက်တော့ အရပ်မြင့်မြင့် နဲ့ ထင်ထင်ရှားရှား ရှိတဲ့ သူ့ကို တွေ့ပြန်ပါတယ်။ နော်တို့ အရှေ့တိုကက် အကို ကြီးကို ဒေါသ တကြီး အော်ပြောပြီး ဓါးကြိမ်းကြိမ်း နေတဲ့ သူ့ကို နော် နည်းနည်းတော့ဖြုံသွားပါတယ်။ နောက်နာရီ ၀က်လောက်ကြာတော့ သူလည်း သွေးအေးသွားပါတယ်။ ရန်ဖြစ်ရင် ၀ိုင်းကြည့်တတ်တဲ့ နော်တို့ ရပ်ကွက်ရဲ့ထုံးစံအတိုင်း အခန်းတိုင်းလိုလို ကသူ့ကို ၀ိုင်းကြည့် ပြီး သူ့အသံတိတ်သွားတာနဲ့ အိမ်ထဲကို အလျှိုလျှိုနဲ့ ပြန်ဝင်ကုန်ကြပါတယ်။ သူ့ကို ကြောက်လို့ ထင်ပါရဲ့ နော်။

၁၉၉၈ ခုနှစ်….မတ်လ။

စာမေးပွဲ ပြီးလို့ အိမ်မှာ အလုပ်မရှိ အကိုင်မရှိနဲ့ ၁၀၉ ၁၁၀ လုပ်နေတုန်းမှာ နော့်စိတ်ထဲမှာ သူ့ကို သတိရနေခဲ့ ပါတယ်။ သူ့နာမည်ကို ခုထိတော့ မသိသေးပါဘူး။ နောက်တော့ နော် အကြံတစ်ခုရသွားပါတယ်။ သူ့ဆီကို စာရေးပြီး မိတ်ဆက်မယ် ဆိုတဲ့ အကြံဘဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့နာမည်မှ မသိတာ။ ဘယ်လို လိပ်မူပြီး ရေးရမလဲလို့ စဉ်းစားရပြန်ပါတယ်။ နော်လည်း ကြံ ရာမရဖြစ်တာနဲ့ “ကိုကြီး” ဆိုတဲ့ နာမည်နဲ့ စာရေးလိုက်ပါတယ်။ နော့်ကိုယ် နော်တော့ ဘယ်သူပါဆိုပြီးတော့တော့ မပြောဘူးပေါ့။ သူမှာလည်း အကို တစ်ယောက်ရှိတာနဲ့ စာထဲမှာ သူ့ကိုရေးတာမှန်းသိအောင်တော့ သူ့ပုံပန်း ကို တော့ တည့်ရေးရတာပေါ့နော်။ ပြီးတော့ နော်ကပန်းချီဆွဲတာလည်း ၀ါသနာပါတော့ သူ့ပုံပန်းချီလေးရယ် နောက် စာလေးတစ်စောင်ရယ် နောက် ကဗျာလေးတစ်ပုဒ်ရယ် နဲ့ စာရေးလိုက်ပြီး သူ့အိမ်လိပ်စာအတိုင်း ရေးပြီး ထည့်လိုက်တယ်။ သူဖတ်ဖြစ်ပါစေ။

၁၉၉၈ ခုနှစ်….ဧပြီလ။

အင်း ဘာလိုလိုနဲ့ သင်္ကြန်အကျနေ့တောင်ေ၇ာက်လာပြီနော်။ နော် နဲ့ နော့ သူငယ်ချင်း သုံးယောက် တို့ လည်း လှလှပပလေး ပြင်ဆင်ပြီးတော့ အင်းလျား လမ်းက မဏ္ဍပ်ကို သွားဖို့ ferry လာကြိုမယ့် လမ်းထိပ်ကို အထွက် သူကလည်း ခပ်မိမိစတိုင်လ် နဲ့ လမ်းထဲကို အ၀င် မျက်နှာချင်းဆိုင် ကြီးသွားတိုးပါလေရော။ နော့် သူငယ်ချင်းတွေက ၁၀ တန်းဆိုပေမယ့် တော်တော်လေးထွားပြီး အပျိုကြီးဖားဖားစတိုင်လ်တွေနဲ့ ဆိုတော့ နဂို ကတည်းက သေးညှပ်ပြီး ကလေး ရုပ်မပျောက်သေးတဲ့ နော်နဲ့ ယှဉ်ရင် လူတိုင်းက သူတို့ကို ဘဲ သတိထားမိတာပေါ့။ သူက လည်း အဲလိုဘဲလေ။ သူ့လက်ထဲမှာ ပါတဲ့ ရေခဲရေနဲ့ နော် တို့ သူငယ်ချင်းလေးယောက် ဆီရေလောင်းမယ် ဆိုပြီးတော့ အလာ။ နော်က တော့ နော်ကိုများ လောင်းမလားဆိုပြီး ရင်တွေခုန်နေလိုက်တာ။ သစ်ရွက်ကလေးတွေ လေတိုက်လို့လှုပ်ရင်တောင် မှ ရီချင်တဲ့ အရွယ်ဆိုတော့လေ။ သူကလေ နော်ထင်သလို နော့် ကိုမလောင်းဘဲနဲ့ နော့်သူငယ်ချင်း ခပ်ချောချော ခင်မြတ်သန့်ကို လောင်း လိုက်တော့ နော် လည်း ရှက်သွားတာပေါ့။ ဘယ်သူမှ မသိပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိနေတော့ ရှက်လိုက်တာ အရမ်းဘဲ။ စိတ်လည်းမကောင်းဖြစ်မိတယ်။ အဲလိုနဲ့ သင်္ကြန်ပြီးတော့ သူ့ကိုစိတ်ဆိုးတဲ့ အကြောင်း စာေ၇းလိုက်တယ် ။ ဘာကြောင့်ဆိုတာကို တော့မရေးလိုက်ပါဘူး။ ရေးရင်း နော်ဘယ်သူ ဆိုတာ သိသွားမှာပေါ့။ နောက်တော့ လည်း စိတ်ဆိုးတော့ပါဘူး။ ဘုရားပေးတဲ့ ဒီကလေး ရုပ်ကလေးကို လည်း အပြစ်မတင်ချင်တော့ပါဘူး။ အဲလိုနဲ့ ဘဲ စာလေးငါးစောင်လောက် နောက်ပိုင်း ထည့်ဖြစ်သေးတယ်။ နောက်ကျတော့ အဲလိုစာထည့် တာ အဓိပ္ပါယ် မရှိသလို ကိုယ့်ကိုယ်ကို ခံစားလာရတယ်။ အဲဒါနဲ့ နောက်ထပ်စာထပ် မထည့်တော့ ဘူးလို့ ရေးတဲ့ နောက်ဆုံးသော စာတစ်စောင်ကိုေ၇းပြီးထည့်လိုက်တယ်။ စာလည်းထပ်မထည့်တော့ဘူး ။ ဒါပေမယ့် သူ့တို့ အိမ်ရှေ့ရောက်တိုင်း၊ အုတ်ခုံလေးရောက်တိုင်းတော့ သူ့ကို ရှာနေမိတဲ့ ကိုယ့်မျက်လုံးကိုယ်တော့ ကိုယ်ထိန်းချုပ်နိုင် စွမ်းမရှိခဲ့ပါဘူး။

၁၉၉၈ ခုနှစ်….ဇူလိုင်လ။

သြော် တစ်နှစ်တာ ကာလ ကလည်း ကုန်လွယ်လွန်းလိုက်တာနော်။ ဘာလိုလိုနဲ့ နော် သူ့ကို စိတ်ဝင်စားမိနေတာ ၁ နှစ်တောင်ရှိသွားခဲ့ပြီ။

နော်တို့ ဓမ္မာရုံ က လစဉ်လတိုင်း ရပ်ကွက်ပေါင်းစုံ ကသံဃာတွေကို အာရုဏ် ဆွမ်း နေ့ဆွမ်း ဆိုပြီး ဆပ်ကပ်လှူဒါန်းလေ့ရှိတယ်။ ရလာတဲ့ အလှူငွေတွေပေါ်မှာ မူတည်ပြီး သံဃာတွေ ကို ၀ထ္ထုငွေကို ကပ်လှူပါတယ်။ လာလှူတဲ့ လူတွေကို ကျောက်သင်ပုန်းပေါ်မှာ “ဒီလအတွက် လှူဒါန်းသူများ” ဆိုပြီး အလှူရှင်တွေကို တန်းစီချေ၇းပြီး ဓမ္မာရုံ ရှေ့မှာ ထောင်ထားလေ့ ရှိတယ်။ ရေးတဲ့ တာဝန်ကတော့ နော့် ရဲ့ တာဝန်ပေါ့။ ဒီလ အတွက် အလှူရှင်စာရင်းကို ရေးနေတုန်းမှာဘဲ…

“ ဦးတင်မောင် နှင့် ဒေါ်နွဲ့နွဲ့မြင့် မိသားစု ………………… ၅၀၀၀ ကျပ်တိတိ”
တိုက် ၂၆ အခန်း ၉ ဝေသာလီရပ်ကွက်

နော်လည်း ဒီလိပ်စာ ကိုတရင်းတနှီးသိနေခဲ့တယ်လေ။ ဦးတင်မောင်ဆိုတာ သူ့အဖေ ထင်ပါရဲ့။ အဲလိုနဲ့ နော် သူ့အဖေ နာမည်နဲ့ ဖုန်းလမ်းညွှန်စာအုပ်မှာ ရှာကြည့်မိတော့ ဦးတင်မောင်တွေ တော်တော်များများတွေ့ လိုက်ရတယ်။ နောက်လိပ်စာ နဲ့ ထပ်တိုက်ပြီး ရှာကြည့်တော့ တစ်ခု …နှစ်ခု …သုံးခု….လေးခု…ဟော တွေ့ပါပြီ။ လေးခု မြောက်မှာ ဦးတင်မောင် နာမည်ရယ် .တိုက် ၂၆ အခန်း ၉ ရယ် ။ သေချာပြီ။ ဖုံးနံပါတ်လေးကို သေချာကြည့်ပြီး မှတ်ထားလိုက်ပါတယ်။ အဲလိုနဲ့ သူ့ဆီကို ဖုန်း စဆက်ဖို့ ဖုန်း ထားတဲ့ ဧည့်ခန်းကို ပြေးရပါတယ်။ ဖုန်းနာပါတ် တစ်ခုချင်းစီကို လှည့်လိုက်ပါတယ်။ ၅…..၆……၅…..၆……၂..၄….၊
“ဟဲလို”
တစ်ဖက်က လူငယ် ယောကျာ်း တစ်ယောက်အသံတခု ထွက်လာပါတယ်။
“………..”
နော် ဘာပြောရမှန်းမသိလို့ ငြိမ်နေမိတယ်။
“ဟဲလို”
“ဟဲလို ..ဟုတ်ကဲ့ …အဲဒီမှာ လေ…ဟိုလေ…. ဟိုဟာ”
“ ဘယ်သူနဲ့ ပြောချင်လို့ပါသလဲခင်ဗျာ။”
“ဟိုဟာလေ… အဲဒီမှာ ဆံပင်ခပ်ရှည်ရှည်နဲ့ အစ်ကိုကြီး တစ်ယောက်များ ရှိပါသလားရှင်။”
“သြော်…ဟုတ်ကဲ့ ခဏလေးကိုင် ထားပါခင်ဗျာ။”
ဟူးး…တော်ပါသေးရဲ့။။။ သူ့အစ်ကို ဖြစ်မယ်ထင်တယ်။
သူ့ညီကို ခေါ်တဲ့ အသံတစ်ခု ကြားလိုက်တယ်။
“ညီလေး ရေ…မင်းဖုန်း”
ခဏကြာတော့ ခုနက အစ်ကို အသံနဲ့ မတူတဲ့ အသံချိုအေးအေး တစ်ခုကို ကြားလိုက်ရတယ်။
“ဟဲလို”
“……”
“ဟဲလို ပြောပါ”
“ဟဲ…..လို”
“ပြောပါခင်ဗျာ”
“ ခုပြောနေတာ ဆံပင်ရှည်ရှည်နဲ့ ဟိုဟာလေး…ကိုကြီးလားမသိဘူးနော်..”
နော်လည်း ထစ်ထစ်အအ နဲ့ မေးလိုက်တယ်။ တစ်ဘက်က.
“ဟုတ်ကဲ့”
“ဟိုလေ…အဲဒါဆိုရင် ကျနော် ပို့လိုက်တဲ့ စာတွေရလားမသိဘူးနော် ”
“ ကိုကြီး နာမည်နဲ့ စာတွေလား ဟင် ညီမလေး”
“ဟုတ်ကဲ့… အဲဒါလေ အဲဒီက ကိုကြီး နာမည်မသိလို့ …ဒါနဲ့ ကိုကြီးနာမည် ကဘယ်သူလည်းဟင်”
“နေမင်းမောင် ပါ။ ဒီက ညီမလေး နာမည်ကရော”
“ငယ်ငယ်လို့ဘဲမှတ်ထားပေးပါနော် ။ ကိုကြီးနဲ့ ခင်ချင်လို့ ခုလိုစပြီး တော့ဆက်ရတာ ပါရှင်။ ကိုကြီးက ခင်တတ်ရဲ့လားဟင်”
“ကိုယ့်ကို ရန်ငြိုးထားတာမှ မဟုတ်တာ။ ခင်တာဘဲ။ ခင်တတ်ပါတယ်။ ကိုကြီးက ကိုကြီးဆီ ရေးတဲ့ စာလေးတွေရဲ့ ပိုင်ရှင်ကို သိချင်နေတာကြာလှပြီ။ ဒါနဲ့ ကိုကြီးဖုံးနာပါတ် ဘယ်လို ရတာလဲဟင်။ ”
“ဒီလိုဘဲပေါ့။ သိချင်တော့လည်း စုံစမ်းရတာပေါ့ ”
အစချီပြီး စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်။ ဒီလိုနဲ့ ဖုန်းထဲမှာခင် သွားကြပြီး တစ်ယောက်နဲ့ တစ်ယောက် အရမ်းနားလည်တဲ့ ဖုန်းသူငယ်ချင်းတွေဖြစ်သွားကြတယ်။ ခုထိတော့ နော်ဘယ်သူလည်းဆိုတာ သူမသိသေးပါဘူး။

၁၉၉၉ ခုနှစ် ဇန်န၀ါရီလ….

ညကြီးမင်းကြီး ဖုန်းမြည်သံလေး တစ်ခု ကြားလို့ နော်သွားကိုင်လိုက်တယ်။

“ဟဲလို”
“ညီမလေးလား ”
“ကိုကြီးလား ပြောလေ...”
“ကိုကြီး အရမ်းခံစားနေ ရတယ် ညီမလေးရယ်။ အဲဒါ သူ့ကြောင့်”
သူ့ရင်ထဲက ဆွေးမြေ့မြေ့ စကားတစ်ချို့ ထွက်ကျလာခဲ့တယ်။ စကားပြောတာ အာလေး လျှာလေး ရှိတာကြောင့် သူရေချိန်လွန်နေပြီ ဆိုတာ နော့်စိတ်ထဲက အလိုလျောက်သိတယ်.။
“ကိုကြီး အရက်တွေ သောက်ထားတာလားဟင်”
“ဟုတ်တယ် ညီမလေး။။။ကိုကြီး လေ အရမ်းစိတ်ညစ်လို့ သောက်ပစ်လိုက်တယ်။ သူ ကိုကြီးကို အရမ်းအနိုင်ကျင့်တယ်။ ကိုကြီးချစ်တာကို အခွင့်ကောင်းယူတယ်”
သူ့ကောင်မလေးအကြောင်း ကို လွမ်းမောတသစွာ ပြောနေတဲ့ သူ့အသံ တွေဟာ နော့်ရဲ့နှလုံးသားကို အက်စစ်နဲ့ ပတ်သလိုပါဘဲ။ နော်လေ အရမ်းခံစားရပါတယ်.။ ဒါပေမယ့် နော်လေ သူ့ကို အားပေးခဲ့ပါတယ်.။
“ကိုကြီးရယ်…. ကိုကြီးသူ့ကို ချစ်တယ်မလား။ ချစ်ရင် သူ့ကို ကိုကြီးအလို လိုက်ရမှာပေါ့။ သူက လည်းကိုကြီး ကို ချစ်လို့ဆိုးတာနေမှာပါ။ ကိုကြီး အလိုလိုက် တာခံချင်လို့ တမင်သက်သက် ဆိုးတာနေမှာပေါ့ ကိုကြီးရဲ့။ ချော့လိုက်နော် ။ ရည်းစားဆိုတာ ဒီလို ဘဲ ကိုကြီးရဲ့။ တစ်ခါတစ်ခါ စိတ်ကောက်စိတ်ဆိုးတာ ရှိမှ ..နို့မဟုတ်ရင် ပျင်းစရာကြီး …”
သူစိတ်ဖြေသာအောင် နော်ပြောပေးခဲ့ပါတယ်။ နောက်နှစ်ရက်လောက်ကျတော့ သူတို့အဆင်ပြေသွားတယ်။ ကိုကြီး ပျော်နေတာကို ကြားရတိုင်းမှာ နော်လည်းပျော်ပါတယ်။

၁၉၉၉ သြဂုတ်လ ….

သတင်းစာ ပို့သမားပစ်တင်ပေးလိုက် တဲ့ သတင်းစာကို ကောက်ယူဖတ်နေခဲ့တယ်။ သတင်းစာဖတ်တိုင်း နောက်ဆုံးက လှန်တတ်တဲ့ နော့်ရဲ့ အကျင့်အတိုင်း နောက်ဆုံးက စာမျက်နှာ ကိုလှန်ပြီး နာရေးသတင်းလေး တွေဖတ်ခဲ့တယ်။ ပြီးတော့ ဒီ နာရေးကြော်ငြာ နဲ့ ဘေးချင်းကပ်မျက်နှာ က ကြော်ငြာတွေကို ဖတ်နေချိန်မှာဘဲ…..

စေ့စပ်ကြောင်းလမ်းပြီးစီးခြင်း

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် နေ
ဦးတင်မောင် ( မြို့ပြအင်ဂျင်နီယာငှာနမှူး၊ မန္တလေးတိုင်း) နှင့် ဒေါ်နွဲ့နွဲ့မြင့်
တို့ဧ။် သားထွေး
မောင်နေမင်းမောင်
(2nd Year of Physics, Yangon University)
နှင့်
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် သံလွင်လမ်းနေ
ဒေါက်တာ ဦးကြည်သောင်း( ကလေးအထူးကုဆရာဝန်ကြီး ) နှင့်  ဒေါက်တာ ဒေါ်စန်းမူခင် ( သားဖွားနှင့် မီးယပ် အထူးကု)
တို့ဧ။် တစ်ဦးတည်းသောသမီး
မခင်ပွင့်ကြည်သောင်း
(1st Year of MBBS, Yangon)
တို့သည် (၁၅-၀၈-၂၀၀၉) တွင် နှစ်ဖက်သော လူကြီး မိဘများရှေ့မှောက့်၌် စေ့စပ်ကြောင်းလမ်းပြီးစီးပါကြောင်း။
မောင်နေမင်းမောင်+မခင်ပွင့်ကြည်သောင်း။

နော်ရဲ့ မျက်စိတွေ ပြာဝေသွားတယ်။ ဒီသတင်းကို ဘယ်နှစ်ခေါက်မှန်းမသိဖတ်နေ ခဲ့မိတယ် ။
နောက်တော့ နော်လည်း ကိုကြီးဆီကို ဖုန်းမဆက်ဖြစ်တော့ ဘူး ။ ဗုဒ္ဓ ဘာသာကို ယုံကြည်သူ တစ်ယောက်အနေနဲ့ ကိုယ့်စိတ်ထဲက မရိုးသားဖြစ်နေတဲ့ စေ့စပ်ပြီးတဲ့ လူတစ်ယောက်နဲ့ ဆက်ပြီး မဆက်သွယ်ဖို့ နော်ဆုံးဖြတ်ချက်ချခဲ့တယ်။ ကိုကြီးကတော့ နော့်ဆီ ဖုံးဆက်ပါတယ်။ ဒါပေမယ့် နော်မကိုင်တော့ဘူး။ နောက်တော့ ကိုကြီး လည်း နော့်ကို မေ့သွားပြီ ထင်ပါရဲ့။

၂၀၀၀ ဇန်န၀ါရီလ ၃၁ ရက်နေ့….

ဒီနေ့ နော်အပြင်သွားစရာရှိလို့ ကိုကြီးတို့တိုက်ရှေ့က အဖြတ် မင်္ဂလာဆောင်ကား တစ်စီးကို ကိုကြီးတို့တိုက်ရှေ့မှာ ရပ်ထားတာ တွေ့လိုက်ရတယ်။ ကိုကြီးတို့လှေကားကိုကြည့်လိုက် တော့ ခေါင်းပေါင်းနဲ့ တိုက်ပုံ နဲ့ တောင်ရှည်ပုဆိုးနဲ့ ခန့်ခန့်ကြီး လှ နေတဲ့ နော့်ရဲ့ တစ်ချိန်က ကိုကြီးကို တွေ့လိုက်ရပါတယ်.။ နော်လေ သူ့ကို ပြုံးပြလိုက်ပါတယ်။ သူကလည်း နော့်ကို ပြန်ပြီးပြုံးပြပါတယ်။ သူ့သူငယ်ချင်းရဲ့ ညီမတစ်ယောက်အနေနဲ့ ပေါ့။ ကိုကြီးရေ… အရင် ကငယ်ငယ် ဆိုတာကို ရော ကိုကြီးမှတ်မိသေးရဲ့ လားဟင်။ ရှေ့ကို ဆက်မလျှောက်ဘဲ လမ်းဘေးမှာ ယောင်နန နဲ့ ရပ်ပြီးကိုကြီးကို ကြည့်နေမိပါတယ်။ ကိုကြီးမင်္ဂလာဆောင် ကာကြီးပေါ်ကို တက်ပြီး သိပ်မကြာခင်မှာဘဲ ကားကြီးက တလိမ့်လိမ့်နဲ့ ထွက်ခွာသွားပါတယ်။ နော်လည်း ကားကို မျက်စိတဆုံး ကြည့်ပြီးတော့မှ မျက်ရည်တွေကျလာပါတယ်။ နောက်တော့ အပြင် သွားစရာရှိတာ မသွားဘဲနဲ့  အိမ်ကိုလှည့်ပြန်ခဲ့ပါတော့တယ်။

ဘာလိုလိုနဲ့ ၁၁ နှစ်ဆိုတဲ့ အချိန် က တိုက်စားသွားလို့ ရင်ထဲမှာ ရှိတာတွေလည်း လျော့တန် သလောက် လျော့ နေပါပြီ။ ကိုကြီးတို့ရဲ့ ၁၁ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်ခင်ကြင်နာစွာ ပေါင်းသင်းနိုင်ပါစေ လို့ ဆုတောင်းပေးရင်းနဲ့ ဆရာလေး ဓမ္မာစာရီ လည်း စစ်ကိုင်းချောင် မှာ သာသနာပြုဖို့ ပုတီးစိပ်ရင်း တရားမှတ်ရင်း ထွက်လာခဲ့ပါတော့တယ်။

ပုံကို ဒီက ယူပါတယ်။






5 comments:

ဝက်ဝံလေး said...

ဟင် .. ကိုယ်တွေ့လားလို့ ခစ်ခစ် နောက်ဆုံးမှ ကိုယ်တွေ့မဟုတ်မှန်း သိရတယ် ဟားဟားးးးးးးးးးးး

ဟတ်ထိ တယ် ဗျာ ...

မြူးမြူး said...

ဟုတ်ပ.. ကိုယ်တွေ့ဇာတ်လမ်း ထင်နေတာ..း)

သုခုမလေဒီ said...

အဖြစ်မှန်ဟုတ်ဖူးပေါ့..
သူများကို .ခံစားရအောင်လုပ်တယ်..ဟွန်း တော်တော်ဆိုးတဲ့ မျက်မှန်..း)))

စန္ဒကူး said...

mayဖတ်သွားတယ်..
စိတ်ဝင်စားဖို့အရမ်းကောင်းတယ်..
အလုပ်လုပ်နေရင်းကိုစိတ်ဝင်တစားရပ်ပြီးဖတ်တယ်.
အမျိုးသမီးလေးက မယ်သီလရှင်ဝတ်သွားတာလား..
အကိုကြီးပစ်သွားလို့လား.. သူ့ဘာသူတရားဘောင်ဝင် သွားတာလားလေးတော့သိချင်တယ်။

raingerzadrozny said...

What is a casino? How to make a $5 casino bet | CBS
A popular gambling app that is similar to Casino Vegas 라이브 바카라 is Bally's. 실시간배당 But 바카라게임방법 they have different w88 com login promotions and 인디언 포커 different odds.