ချစ်ရပါသောမောင်

ကျွန်မ ဘ၀မှာ ဒီနေ့ဟာ ၀မ်းအနည်းဆုံးနေ့တစ်နေ့ပါ။ ကျွန်မ သိပ်ချစ်ရတဲ့ သူက ကျွန်မနဲ့ အဝေးဆုံးကို ထွက်ပြေးသွားတော့မယ်လို့ ပြောတဲ့နေ့တစ်နေ့ပေါ့။ သူနဲ့ ကျွန်မနဲ့ အိမ်ထောင်သက် ၅ နှစ်မှာ သူဆီက မထင်မှတ်ထားတဲ့ စကားတစ်ခွန်းကို ကျွန်မ ကြားခဲ့ရတယ်။ ကျွန်မ အရမ်းဝမ်းနည်းခဲ့ရပါတယ်။ ကျွန်မတို့နှစ်ယောက် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကိုယ်တိုင် တည်ဆောက်လာတဲ့ အဆောက်အအုံလေးကို ကျွန်မတကယ် မပျက်စီးစေချင်ပါဘူး။ ကျွန်မတို့ နှစ်ယောက်ရေးခဲ့ကြတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ကမ္ဘာလေးတစ်ခု ပျက်စီးသွားမှာ မလိုလားဆုံး လူသားဟာ ကျွန်မဘဲဖြစ်ပါတယ်။

“ ကိုယ်တို့ လမ်းခွဲကြရအောင်” တဲ့.။

“ မောင် ဘာပြောလိုက်တယ်။”

“ မောင်တို့ လမ်းခွဲ ရအောင် လို့ပြောလိုက်တာလေ။ ”

ဘာဖြစ်လို့လည်း ဆိုတာကို မေးလို့မရဘဲ ခရု နှုတ်က ဆွံအ နေခဲ့တယ်။

“ မောင့်ဘက် ကသေချာပြီလား။ ရု ဘက်ကစပြောတာမဟုတ်ဘူးနော် ။”

“ သေချာတယ်။ မောင်ဖန်တရာတေ အောင် စဉ်းစားပြီးမှ ဒီစကားကိုပြောတာ။”

မောင့်ကို ဟန့်တားဖို့ ကျွန်မ မစဉ်းစားခဲ့ပါဘူး။

“ အိုကေလေ။ မောင်ကတောင် ဒီစကားပြော မှတော့..ရု က မောင့်ကိုကွာပေးရတော့မှာပေါ့။ ဒီနေ့အဖို့တော့ အချိန်နှောင်းနေပြီ မောင်။ နက်ဖြန်ကျမှ မောင်နဲ့ ရု တို့ တရားရုံးတစ်ခုခု သွားပြီး ကွာကြတာပေါ့နော်။ ရု အကုန်အဆင်သင့်ပြင်ထားလိုက်ပါ့မယ်။

ခရု ဒီစကား ပြောရင်း အသံတွေတုန်နေပါတယ်။ မျက်ရည် တွေကလည်း ပါးပြင်ပေါ်မှာ ပိုးပိုးပေါက်ပေါက်ကျနေပါတယ်။ အရင်က ခရု မျက်ရည်ကျဖို့ မပြောနဲ့။ မျက်နှာညိုရင်တောင် မှ မနေတတ်တဲ့ မောင်တစ်ယောက် ခုတော့ ခရုမျက်ရည်တွေကို မောင် ဥပက္ခာပြုရက်နိုင်ပြီပေါ့။ မောင်မျက်နှာမကောင်းစွာနဲ့ အိမ်ရှေ့ထွက်သွားပါတယ်။ ရုကတော့ မောင်ဝယ်ပေးထားတဲ့ အရုပ်တွေကို ထုရိုက်ရင်း အားရပါးရ ရှိုက်ကြီးတင် ငိုကြွေးနေမိပါတယ်။

ခရု ထက်အသက်နှစ်နှစ်လောက်ငယ်တဲ့ မောင့်ကို ခရု အရမ်းချစ်ပါတယ်။ ခရု မျက်လုံးထဲမှာ မောင်နဲ့ ဆုံစည်းဖြစ်တဲ့ အချိန်လေးတွေကိုပြန်မြင်ယောင်နေပါတယ်။ ခရု ဆယ်တန်းအောင်ပြီးလို့ YIT တက်နေရင်းအိမ်စရိတ် တစ်ဖက်တစ်လမ်းအတွက် ခရု ဆယ်တန်းတွေကို ဂိုက်လုပ်ပြီး ငွေရှာပါတယ်။ ဒီဇင်ဘာလလောက်မှာ ခရုရဲ့ သူငယ်ချင်း ငယ်ငယ် က သူ နိုင်ငံခြားကို ကျောင်းလျှောက်တာ ရပြီ ဆိုပြီး သူ့ရဲ့ ဂိုက် နှစ်ယောက်ထဲက တစ်ယောက်ကို ခရုကို အပ်ခဲ့ပါတယ်။ ငယ်ငယ် က ခရုကို ခေါ်ပြီး သူ့ဂိုက် နဲ့ မိတ်ဆက်ပေးပါတယ်။ ခရုနဲ့ မောင့်ရဲ့ ဇာတ်လမ်းအစပေါ့။ ဆံပင်ရှည်ရှည် အလယ်ခွဲ နဲ့ မောင့်ပုံစံက အဲဒီကတည်းက ထောင့်ကို မကျိုးခဲ့တာပါ။

“လင်းထင်…. ဒါက မငယ် ကိုယ်စား မင်းကိုဂိုက်လုပ်ပေးမယ့် မမေခရု တဲ့ ..”

ဖေဖေက ကျွန်မနံမည်ကို ပေးတုန်းက ချစ်စရာသမီးလေးမို့လို့ Cute လို့ ခေါ်ပါတယ်။ အဲဒါကို မေမေက ကြာသပတေးသမီးဖြစ်တဲ့ ကျွန်မ ကို အရှေ့က မေထည့်ပြီး May Cute လို့ နာမည်ပေးပါတယ်။ ကျောင်းထားတော့ May Cute ကနေ မေခရု ဆိုပြီး နာမည်ဖြစ်သွားပါတယ်။

“ခရုရေ…ဒါက ကိုယ့်ဂိုက် လင်းထင်တဲ့. ကိုယ်စိတ်ချ လက်ချ အပ်ခဲ့ပြီနော်။ ဒီကောင်စာမေးပွဲအောင်ဖို့ မင်းတာဝန်နော်.”

ဒီလိုနဲ့ မောင့်အိမ်ကို ကျွန်မတို့ တစ်ပတ်မှာ ၅ ရက်လောက် ကျွန်မစာသွားပြပေးခဲ့ပါတယ်။ တစ်ဖြေးဖြေးရင်းနှီးလာတော့ …ကျွန်မကို မခရု..မခရု လို့ခေါ်နေတဲ့ မောင့်ကို

“ လင်းထင်ရေ..ငါ့ကို မခရုလို့ မခေါ်နဲ့ကွာ…သူများတွေကြားရင် မက်ခရု တွေပေါက်နေတယ်ထင်သွားဦးမယ်။ ခရုလို့ဘဲခေါ်ပါနော်။ ”

“ ဟုတ်ကဲ့ ခရု..”။

ကျွန်မ စာသင်လို့ သုံးလလောက် အကြာမှာဘဲ အရင်က ဂျစ်ကန်ကန်နေတတ်တဲ့ မောင်က လိမ္မာသွားခဲ့တယ်။ မောင့်အမေကဆို ကျွန်မကို အရမ်းကျေးဇူးတင်တဲ့အကြောင်း သူ့သားကို ခုလို ပြုပြင်နိုင်တာ ဒီလောကမှာ သမီးတစ်ယောက်ဘဲရှိတဲ့ အကြောင်းပြောတော့ ကျွန်မ ရှက်ကိုးရှက်ကန်းဖြစ်သွားတယ်။ မောင် ဆယ်တန်းကို ဂုဏ်ထူး ၁ ဘာသာနဲ့ အောင်သွားတယ်။ မောင် အောင်စာရင်းထွက်တဲ့ နေ့က ကျွန်မဆီကို အပြေးတစ်ပိုင်းနဲ့ ရောက်လာပြီး ခရု ကြောင့် စာမေးပွဲ အောင်တာဆိုပြီး ကျွန်မကို ကန်တော့ခဲ့တယ်။ အိမ်မှာ ဘာမှဧည့်ခံဖို့ မရှိလို့ မောင့်ကို ကျွန်မနည်းနည်းအားနာသွားခဲ့တယ်။ ကျွန်မတို့ အိမ်က မောင်တို့အိမ်လောက်မပြေလည်ခဲ့ပါဘူး။ အဖေ ရဲ့ ၀န်ထမ်းလစာဟာ ကျွန်မတို့မိသားစု အတွက် မဖူလုံ ခဲ့ပါဘူး။ မေမေကလည်း ကျန်းမာရေးအခြေအနေကြောင့် အလုပ်မလုပ်နိုင်ခဲ့ပါဘူး။ မောင်နှမ သုံးယောက်မှာ ကျွန်မ က အလတ်ပါ။ကိုကြီးကလည်း သူရတဲ့ လစာက သူ့စားရိတ်နဲ့ မလောက်လို့ အိမ်ကို မထောက်နိုင်ခဲ့ပါဘူး။ အငယ်မက ကိုးတန်းဆိုတော့ စာအုပ်ဖိုး၊ ကျောင်းစားရိတ်တွေဟာ ကျွန်မအပေါ်မှာ ပိနေပါတယ်။ မောင့်ကို ဂုဏ်ပြုတဲ့ အနေနဲ့ တစ်ခုခုလိုက်ကျွေးမယ်ဆိုပြီး မောင်နဲ့ ကျွန်မ အိမ်နား က ရှမ်းခေါက်ဆွဲ ဆိုင်ကို ထွက်လာခဲ့ပါတယ။် တို့ဟူးနွေး ကို အရမ်းကြိုက်တဲ့ မောင်က တို့ဟူးနွေးနှစ်ပွဲ စားပြီး ဗိုက်ကားသွားလို့ လမ်းလျောက်ချင်တယ်ဆိုတာနဲ့ ကျွန်မလည်းမောင့်ဘေးနားက တိတ်တိတ်လေး လိုက်ခဲ့မိပါတယ်။ လမ်းမှာ မောင်က ကျွန်မကို ချစ်ရေးဆိုပါတယ်။ ကျွန်မလည်း မောင်ဘွဲ့ တစ်ခုခုရမှ အဖြေပေးမယ်လို့။ ဒီလိုနဲ့ မောင်နဲ့ ကျွန်မတို့ အသီးသီးဘွဲ့ ရခဲ့ပါတယ်။ မောင်က Eco နဲ့ဘွဲရခဲ့သလို ကျွန်မလည်း Electronic Engineer ဘွဲ့ကို ရခဲ့ပါတယ်။ မောင်က သူဘွဲ့ယူပြီးအပြန် ကျွန်မအိမ်ကို ဘွဲ့ဝတ်စုံနဲ့ ရောက်လာပြီးတော့ အဖြေတောင်းပါတယ်။ ကျွန်မလည်း ခေါင်းညိမ့် ခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မတို့နှစ်ယောက် လက်ထပ်ဖို့ ပိုက်ဆံလေးတွေစုဆောင်းခဲ့ကြပါတယ်။ အဲလို စုဆောင်းနေချိန်မှာဘဲ ကျွန်မ စင်ကာပူ လာဖို့ အခြေ အနေဖြစ်လာပါတယ်။ ကျွန်မ အရင်ရောက်ပြီးတစ်နှစ် အကြာမှာ မောင် က ဒီကို အလည်လာရင်း အလုပ်ရသွားပါတယ်။ ကျွန်မတို့ နှစ်ယောက်နှစ်ကုန်တော့ ရန်ကုန်ပြန်ပြီး လက်ထပ်ဖြစ်ခဲ့ပါတယ်။ ခုဆို အိမ်ထောင်သက် ၅ နှစ်ရှိပြီ။ တစ်ခါတစ်လေ တစ်ယောက်နဲ့ တစ်ယောက် စိတ်အခန့်မသင့်ဖြစ်ပြီး သူနိုင်ကိုယ်နိုင် အော်ကြတာကလွဲလို့ ကြီးကြီးမားမား ပြသနာ ရယ်လို့မရှိခဲ့ဖူးပါဘူး။ ကျွန်မ ကုတင်ပေါ်မှာ အရူးတစ်ယောက်လိုငိုကြွေးရင်း မောင့်အပေါ်မှာ မောင်စိတ်ဆိုးလောက်အောင် ကျွန်မ ဘာတွေလုပ်ခဲ့ မိသလဲဆိုတာစဉ်းစားလို့မရဖြစ်နေပါတယ်။ မောင့်အပေါ်မှာလည်း ယောင်လို့တောင်မှ သစ္စာမဖောက်ခဲ့ပါဘူး။ မောင်လိုချင်တာဆို ကျွန်မ ဘာမဆို ၀ယ်ပေး ခဲ့ပါတယ်။ မောင်ဖြစ်ချင်တာဆို ကျွန်မအားလုံးလိုက်လျောခဲ့ပါတယ်။မောင့်ကို အမတစ်ယောက် အမေတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို ချစ်သူတစ်ယောက်လိုပုံမျိုးနဲ့ ကျွန်မသိပ်ချစ်ခဲ့ပါတယ်။ မောင်ကလည်း သူတစ်ခုခုလုပ်မယ်၊ ၀ယ်မယ်ဆိုတိုင်း ကျွန်မသဘောတူမှ လုပ်ပါတယ်။ ကျွန်မကို လစာထုတ်တိုင်း လခအကုန်ပြန်အပ်ပြီး ကျွန်မပေးတဲ့ မုန့်ဖိုးကို ဘဲ လောက်ငအောင် သုံးတတ်တဲ့ မောင်၊ ကျွန်မအလုပ်ပင်ပန်းတိုင်းမှာ ကျွန်မကြိုက်တဲ့ Premier ကော်ဖီကို နို့ဆီနဲ့ဖျော်ပြီး နှပ်ထားပေးတတ်တဲ့ မောင်၊ ကျွန်မနဲ့ ရန်ဖြစ်တိုင်းမှာ ကျွန်မကို ပြန်ချော့တတ်တဲ့ မောင် ။ ခုတော့ အဲဒီမောင် ကဘယ်ရောက်သွားပြီလဲဟင်။ ကျွန်မ ဆောက်တည်ရာမရအောင် ဖြစ်နေခဲ့တယ်။ ငိုရလွန်းလို့ မျက်လုံးတွေလည်းအစ်ပြီး မို့နေတယ်။ ကျွန်မ ချက်ချင်းသတိ တစ်ခုရလာတယ်။ မောင်ခိုးခိုးပြီးရေးတတ်တဲ့ ဒိုင်ယာရီစာအုပ်လေးကိုပေါ့။ ကျွန်မ ဗီရို ထဲမှာ ရှာကြည့်တယ်။ မတွေ့၊ ကျွန်မနဲ့ မောင်နဲ့ လက်ထပ်ပွားပစ္စည်းတွေထားတဲ့ မီးခံသေတ္တာလေးထဲမှာလည်းရှာတယ်။ မတွေ့ ။ နေရာအနှံ့ လိုက်ရှာခဲ့တယ်။ ကျွန်မ မတွေ့ခဲ့ပါဘူး။ မနက် ၃ နာရီ ထိုးသွားခဲ့ပြီ။ ကျွန်မ အိပ်လို့မရဘဲ ကုတင်ပေါ်မှာဟိုလွန့်ဒီလူး ဖြစ်နေခဲ့တယ်။ မောင့်ကို ထကြည့်လိုက်တော့ အိမ်ရှေ့ကုလားထိုင်မှာ ထိုင်ရင်းမျက်လုံးမှိတ်နေတယ်။ ဟင်…မောင်ငိုနေတယ်။ မျက်လုံးဒေါင့်မှာမျက်ရည်တွေ လဲ့ နေတယ်။ ကျွန်မ မောင့်ကိုကြည့်ရင်းဝမ်းနည်းလာလို့ အိမ်ခန်းထဲပြန်ဝင်ပြီး ကျွန်မတို့နှစ်ယောက်မင်္ဂလာဆောင်တုန်းက ရိုက်ထားတဲ့ လက်မ ၃၀ လောက်ရှိတဲ့ အလှ ဓါတ်ပုံကို ကြည့်ရင်း ဖတ်ငိုမိတယ်။ ပြီးတော့ ကျွန်မ ဒီဓါတ်ပုံကို ဖြုတ်လိုက်တဲ့ အခါမှာမထင်မှတ်ဘဲ အံဝှက်လေးတစ်ခုသွားတွေ့မိတယ်။ အဲဒါကို ဖွင့်ကြည့်တော့ ကျွန်မရှာနေခဲ့ တဲ့ မောင့်ဒိုင်ယာရီ စာအုပ်လေးပါလား။

ကျွန်မ ဒိုင်ယာရီစာအုပ်လေးကို ယူလိုက်တော့ စာအုပ်ထဲက ကျွန်မရဲ့ ဓါတ်ပုံလေးတစ်ပုံထွက်ကျလာခဲ့တယ်။ ကျွန်မ ဓါတ်ပုံလေးကို ပြန်ကောက်ယူပြီး ဒိုင်ယာရီ စာအုပ်လေးကို စပြီးလှန်ခဲ့ တယ်။ အစပိုင်းမှာ သူနဲ့ ကျွန်မနဲ့ စပြီး ပိုက်ဆံ စုနေပြီဆိုတဲ့ အကြောင်း၊ ကျွန်မနဲ့ အတူတူနေရရင် သူအရမ်းပျော်တယ် ဆိုတဲ့ အကြောင်း ကျွန်မကို သူသိပ်ချစ်တယ် ဆိုတဲ့ အကြောင်းရေးထားပါတယ်။ ကျွန်မလည်း အရင် ကအကြောင်းတွေကို မနေ့တစ်နေ့ ကလိုဘဲပြန်မြင်ယောင်လာပြီး ကြည်နူးလာပါတော့တယ်။ နောက်ပိုင်းစာမျက်နှာတွေမှာတော့ အဲလို ကြည်နူးမှုမျိုးမပါဘဲနဲ့ မာနတွေ သာ တွေ့ရပါတော့တယ်။ ကျွန်မရဲ့ ထိန်းချုပ်မှုဟာ သူ့ရဲ့ ယောကျာ်းမာန ကိုထိပါးတယ်တဲ့ ။ မောင်ရယ် ကျွန်မနဲ့ မောင်နဲ့ ကြားမှာ မာနတွေ ဘာတွေ ဘယ်တုန်းကရှိသွားတာလည်းဟင်း။ ကျွန်မ မောင့်ကိုထိန်းချုပ်တယ် ဆိုတာ တွေဟာမောင့်အတွက်ပါ။ မောင် ဘာလို့ အဲလိုတွေးတာလည်းဟင်။ ပြီးတော့ ကျွန်မက မောင့်ကို အထင်မကြီးဘူးတဲ့ ။ မောင့်ကို အထင်ကြီးလို့ မောင့်ကိုလေးစားလို့ ကျွန်မရဲ့အိမ်ဦးနတ်နေရာမှာ မောင့်ကို ထားထားတာပေါ့မောင်ရယ်။ ကျွန်မ အထင်မကြီး မလေးစားတဲ့ လူတစ်ယောက်ကို ကျွန်မ ဘယ်တော့မှမယူဘူးမောင်။ တခြားမိန်းမတွေက သူတို့ယောကျာ်းတွေ ကို ရိုသေတယ်တဲ့ ။ကျွန်မမောင့်ကို ရိုသေပါတယ်။ ဒါပေမယ့် ကျွန်မမောင့်ကို ကန်တော့လို့မှ မရတာ။ မောင်က ကျွန်မထက် အသက်ငယ်တယ်လေ။ ကျွန်မ မောင့်ကို အရမ်းချစ်လွန်းလို့ လက်ထပ်ခဲ့တာပါ။ ကျွန်မထက်ငယ်တာ မပြောနဲ့ ကျွန်မ နဲ့ သက်တူရွယ်တူ တောင် ကျွန်မ မယူဘူးလို့ ဆုံးဖြတ်ထားတဲ့ ကျွန်မဆုံးဖြတ်ချက်ကို ကျွန်မ ရိုက်ချိုးပြီးမောင်နဲ့ လက်ထပ်ခဲ့တာပါ။ မောင်ရယ် …ငယ်ငယ်လေးတည်းက ဟင်းချက်မကောင်းခဲ့တဲ့ ကျွန်မက မောင့်ကို စားစေချင်လို့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ကျွန်မ ကြိုးစားချက်ပြုတ်ခဲ့ပါတယ်။ မောင်က ကျွန်မကို တခြားမိန်းမတွေလိုနေစေချင်တာလားဟင်။ ယောကျာ်း အပ်တဲ့ လစာနဲ့ လောက်အောင်သုံး ၊ အချိန်တန်ရင် ကလေးမွေး၊ ကလေးကြီးအောင် ပြုစု၊ မီးဖိုချောင်ထဲမှာ တကုတ်ကုတ်နဲ့ အလုပ်တွေလုပ်နေတတ်တဲ့ အိမ်ရှင်မတာဝန်တွေကို ယူစေချင်တာလားဟင်။ ထက်ထက်မြတ်မြတ် နဲ့ စီးပွားရေးလုပ်တတ်တဲ့ မိန်းမတစ်ယောက် ကို မောင်မလိုချင်တော့ဘူးလား ။ မောင့်ကို အားကိုးတကြီးနဲ့ ကြည့်တတ်တဲ့ မျက်ဝန်းတွေကို မောင် ကျွန်မဆီက လိုချင်တာလားဟင်။ မောင့်ကို ကျွန်မသိပ်ချစ်ပါတယ်။ ကျွန်မ ဘာလုပ်ရမလဲ။ ကျွန်မ ဘယ်လိုဆုံးဖြတ်ရမလဲ။ ထက်မြတ်တဲ့ မိန်းမတစ်ယောက် ရဲ့ မာန နဲ့ မောင့်ကို ချစ်တဲ့ အချစ် လွန်ဆွဲနေတယ်။ ကျွန်မ မောင့်ကို ချစ်တဲ့အချစ်ကို ဘဲအနိုင်ပေးချင်ပါတယ်။ မာနတွေအားလုံးကို မောင့်ခြေထောက်အောက် ကို ပစ်ချပေးလိုက်ပါပြီ။ မောင်ကြိုက်သလိုသာဆုံးဖြတ်ပါတော့နော်။ ကျွန်မ ခနအိပ်ပျော်သွားတယ်။ ကျွန်မ အိပ်ရာကနိုးတော့ မောင် က မနိုးသေးဘူး။ မောင် နောက်ကျမှ နိုးပါစေ။ မောင်နိုးရင် ကျွန်မတို့ နှစ်ယောက် တရားရုံးသွားပြီး ကျွန်မတို့ရဲ့ ကမ္ဘာလေးကို ဖျတ်စီးပစ်ရတော့မယ်လေ။ ကျွန်မမှာ မောင့်ကို ပြန်သိမ်းသွင်းဖို့ တစ်မနက် ဘဲကျန်ပါတယ်။

ကျွန်မ မောင့်မျက်နှာက အ၀ကြည့်ပြီး မောင့်နဖူးလေးကို နှစ်ခြိုက်စွာနမ်းလိုက်ပါတယ်။ ပြီးတော့ ကမန်းကတန်း ကျွန်မ မီးဖိုချောင်ထဲ ပြေးပြီး မောင်ကြိုက်တတ်တဲ့ ဘာဂါ လုပ်ဖို့ ပေါင်မုန့်၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ဆလပ်ရွက်၊ Cheese ၊ Mayonese နဲ့ အသားပြားတို့ ကို ပြင်ဆင်ပါတယ်။ ပြီးရင်း ပေါင်မုန်းကို ဓါးနဲ့လှီးပြီး Mayonese ဆလပ်ရွက် ခရမ်းချဉ်သီး၊ သခွားသီး၊ တို့ကို ရေစင်အောင်ဆေးပြီး ပေါင်မုန့်ပေါ်မှာ ဖြန့်ခင်းပါတယ်။ ပြီးတော့ အသားပြားကို မောင့်အကြိုက်ကြွပ်ကြွပ်လေးကြော်ပြီး ခုနအရွက်တွေပေါ်မှာ တင်လိုက်ပါတယ်။ပြီးတော့ Cheese ကိုခွဲခြမ်းပြီး အသားပြားပေါ်မှာတင်ပါတယ်။ ပြီးတော့ ပေါင်မုန့်တစ်ခြမ်းကို ပြန်အုပ်လိုက်ပါတယ်။ ဒါဆို ဘာဂါရပြီ။ ပြီးရင် အာလူးချောင်းကြော် ကြော်ပါတယ်။ ပြီးတော့ ကြက်ဥ အနှစ်မကြတ်တဲ့ Half Fried ကြော်ပြီး မောင် နိုးလာရင်စားဖို့ ထမင်းစား စားပွဲပေါ်တင်ထားပါတယ်။ ကျွန်မရေမိုးချိုး အ၀တ်လဲ သနပ်ခါးလိမ်းလို့ အပြီးမှာ မောင်နိုးလာပါတယ်။ အရင်ကဆို မောင်နှိုးမှ ထတဲ့ ကျွန်မ က သူ့ထက်အရင်နိုးနေလို့ သူအံ့သြနေပါတယ်။ မောင့်အတွက် အဆင့်သင်လုပ်ထားတဲ့ တဘက်နဲ့ သွားတိုက်ဆေးထည့်ထားတဲ့ သွားပွတ်တံကို မောင့်ကို ကမ်းပေးတော့ မောင်က ကြောင်အမ်းအမ်းနဲ့ ယူလိုက်ပါတယ်။ မောင် ရေချိုးပြီးရင် ၀တ်ဖို့ အ၀တ်တွေကို ကျွန်မ ညတည်းက မီးပူထိုးပြီး အဆင်သင့်ဖြစ်အောင် လုပ်ထားပါတယ်။ မောင်ရေချိုးခန်းထဲကထွက်လာတော့ ..မောင့်ကို ရေတွေ ဘာတွေသုတ်ပေးပြီး မီးပူတိုက်ထားတဲ့ အကျင်္ိ လေးကို ကျွန်မကိုယ်တိုင် ၀တ်ပေးနေမိပါတယ်။ မောင်က ကျွန်မကို အံအားသင့်သလိုနဲ့ ကြည့်ရင်း နဲ့ ဒီမိန်းမ ရူးများရူးသွားပြီးလားမသိဘူး ဆိုတဲ့ အထာနဲ့ပေါ့။ ကျွန်မမောင့်ကို ရွေးခဲ့ပြီးပြီဘဲ။ ကျွန်မ စိုပြီးသားလက်ကို မခြောက်စေချင်ပါဘူး။ မောင့်ကို ချစ်တဲ့ အချစ်ဟာ ကျွန်မကို အနိုင်ရသွားပါပြီ။

“ မောင် အ၀တ်လဲပြီးရင် ထမင်းစားပွဲကို လာခဲ့နော်။ Breakfast စားရအောင်။”

ခနနေတော့ မောင်အခန်းထဲက ထွက်လာပါတယ်။ ပြီးတော့ မောင့်ကို ထိုင်စေပြီး

“ ဒီမှာ မောင်ကြိုက်တဲ့ ဘာဂါလေ။ ခရုကိုယ်တိုင်လုပ်ထားတာ။ အာလူးချောင်း လဲပါတယ်။ မောင်ကြိုက်တဲ့ Half Fried လည်းပါတယ် ။ ကော်ဖီက ဒီဘက်မှာ မောင်။ ”

“ ရု ကော မစားဘူးလား ။” မောင့်ဘေးနားမှာ ယပ်ခတ်ပေးနေတဲ့ ကျွန်မကို မောင် က စားဖို့ခေါ်ပါတယ်။

“ မစားသေးဘူးမောင်။ မောင်စားပြီး မှ ဘဲ ခရု စားတော့မယ်နော်။ မောင်ရေ.. ခရု အလုပ်ထွက်တော့မယ် နော်။ မောင့်ဘေးနားမှာ နေပြီး မောင့်ရဲ့ အိမ်ရှင်မဘဲ ခရုလုပ်တော့မယ်နော်။..”

ခနနေတော့ ကျွန်မ စားဖို့ ကြက်ဥ ကြော်မယ်လုပ်တော့ Gas မီးဖို က Gas က ဖွင့်လို့မရတော့ဘူး။ အရင်ကဆို ကျွန်မပြင်နေကြပါ။ ခုလည်းပြင်တတ်ပါတယ်။ ဒါပေမယ့်။

“မောင်ရေ…မောင် ဒီမှာ Gas မီးဖို ဘာဖြစ်သွားလည်းမသိဘူး လာကြည့်ပေးပါဦးနော်”

မောင်ပြာပြာသလဲနဲ့ ရောက်လာပြီး Gas မီးဖိုကို ပြင်လိုက်တယ်။မောင့်ကို ကျွန်မ အားကိုးတကြီးနဲ့ ကြည့်နေမိတယ် ။

“ မောင်ရေ..မောင်မရှိရင် ကျွန်မတော့ဒုက္ခပဲနော်။ ”

မောင်။။ကျွန်မ ဆီက လိုချင်တာ အဲဒါတွေလား။ ကျွန်မပေးနိုင်ပါတယ်။ ကျွန်မကတော့ မောင့်ဆီက ကျွန်မကို ဘယ်တော့မှ ပစ်မသွားပါဘူးဆိုတဲ့ ကတိတခုဘဲလိုချင်ပါတယ် မောင်ရယ်။


အချစ်ဦး ၊ အချစ်စ ၊ အချစ်လယ်၊ အချစ်ဆုံး။


အချစ် ၁။

မမ တစ်ယောက်အိပ်ရာ မှ နိုးထတာနဲ့ အရင်နေ့ ကနဲ့ မတူဘဲ ကျောင်းသွားဖို့ လန်းဆန်းပြီး တက်ကြွနေတယ်။ တစ်သက်လုံး မှာ ကျောင်းသွားဖို့ တက်တက်ကြွကြွပြင်ဆင်တာ ဒီနေ့ တစ်နေ့ဘဲ ရှိတယ်။ အရင်နေ့တွေတုန်းကဆိုရင် မေမေလာနှိုးတာတောင် ၁၅ မိနစ်လောက် အိပ်ရာထဲမှာ ထပ်ကွေးတတ်တဲ့ မမတစ်ယောက် ဒီနေ့တော့ alarm မြည်တာနဲ့ ချက်ချင်း အိပ်ရာထ စောင်တွေ ခေါက်ပြီး ရေချိုးခန်းတန်းပြေးပြီး ရေမိုးချိုး ခေါင်းလျှော် နဲ့ အိမ်ကလူ တွေတောင် မမကို မမြင်စဖူး အထူးတဆန်းဖြစ်နေကြတယ်။ မမ ဘာကြောင့် ဒီလိုဖြစ်နေတာ ဆိုတာတော့ အိမ်ကလူတွေကတော့ မသိကြဘူးပေါ့။ မမ ရင်ထဲမှာတော့ သိမ့်သိမ့်လေး တုန်လို့ နေပါတယ်။ မှန်တင်ခုံ ရှေ့မှာ ထိုင်ပြီး မနေ့က ကျောင်းမှာ တွေ့ခဲ့တဲ့ သူ့အကြောင်းကို စဉ်းစားမိနေခဲ့ တယ်။ မနေ့က မမတို့ သူငယ်ချင်းတစ်စု ကင်တင်းမှာ ထိုင်နေတုန်း.....

“ ၀က်သားလုံးကြော် တစ်ပွဲ၊ နို့သစ်ခွ တစ်ခွက် ”

မှာလိုက်တဲ့ အသံကို မမကြားလိုက်မိတယ်။ ထူးခြားတဲ့ အသံရှင်ဖြစ်တာကြောင့်မို့လို့ မမခေါင်းငဲ့ပြီး အသာ သူရှိရာကို လှည့်ကြည့်ခဲ့မိတယ်။ အသံ အေးအေးလေးလေးနဲ့ လိုက်ဖက်စွာ ရုပ်ကလေးကလည်း ကလေးရုပ်ကလေးနဲ့ အသားခပ်ဖြူဖြူ ဘိုကေ ပိပိရိရိ ကောင်လေးတစ်ယောက် ကို မြင်လိုက်တာနဲ့ မမရင်ထဲ ဘာမှန်းမသိတဲ့ ခံစားချက်ကြီးတစ်ခုတိုးဝင်လို့ နှလုံးသားကလည်း တဒိတ်ဒိတ် နဲ့ အခုန်မြန်နေတော့တယ်။ အမြဲလျှို့လျှို့ဝှက်ဝှက်နေခဲ့တဲ့ မမ ရဲ့ ပင်ကိုယ်စရိုက် အတိုင်း ရင်ထဲကို သူဝင်လာတာကို ဘယ်သူကိုမှ မပြောဘဲ ဆိတ်ဆိတ်လေးနေခဲ့မိတယ်။ သူလည်း မှာထားတာတွေစားသောက်ပြီးတော့ ကင်းတင်းကထွက်တဲ့အထိ မမတို့ သူငယ်ချင်းတွေကတော့ လေပေးလို့ကောင်းတုန်း။ မမလည်းသူ့ကို မသိမသာလိုက်ကြည့်မိတယ်။ ကျောင်းလုံချည်လေးကို တရွတ်တိုက်ဝတ်တတ်တဲ့သူက အရပ်ကလေးကတော့ တခြားယောကျာ်းလေးတွေနဲ့ယှဉ်ရင် နည်းနည်းတော့ ခပ်နိမ့်နိမ့် ဖြစ်တယ်။ အရင်ကတည်းက အရပ်သိပ်မမြင့်တဲ့ မမနဲ့ ဆိုရင် အတော်ဘဲ လို့စိတ်ထဲမှာ စဉ်းစားရင်း ပြုံးနေမိတယ်။

သူ့အကြောင်း စဉ်းစားနေလို့ အနောက် က မေမေ လာခေါ်တာတောင် မကြားလိုက်ဘူး ဖြစ်သွားတယ်။ ကျောင်းရောက်တော့ မမ သူငယ်ချင်းတွေ စောင့်နေတဲ့ ကင်တန်းကို ပြေးအလာ မနေ့က ကောင်လေးနဲ့ တိုက်မိမလိုဖြစ်ပြီး စာအုပ်တွေ လွင့်စင်ကုန်တယ် ။ (ရုပ်ရှင်ထဲက အတိုင်းပေါ့ ဟိဟိ). ကောင်လေး ကပြန်ကောက်ပေးပြီး တောင်းပန် ခင်မင်ရင်းနှီးသွားတယ်။ သူနဲ့ တွဲပြီး ကင်တန်း ကို ထွက်ခဲ့တယ်။ သူငယ်ချင်းတွေ မမြင်အောင် ဟိုဘက်ကင်တန်း တစ်ခု ထွက်လာ ခဲ့တယ်။ သူ့နာမည်က ခိုင်မြဲ တဲ့။ မမထက် နှစ်တန်းငယ်တယ်။ မမ က Final Year .မှာ သူက First Year ပေါ့။ သူက မမ ကို သူငယ်ချင်း တစ်ယောက်ထက် မပိုပေမယ့် မမ ဘက်က သူ့ကို ချစ်သူ တစ်ယောက် လို ချစ်မိနေတာ သူသတိထားမိပါစ။ မမအတွက် ဒီနှစ်နောက်ဆုံးနှစ်ဆိုတော့ မမ သူနဲ့ တွေ့ဖို့ အခွင့်အရေးက သိပ်ကို နည်းပါးလွန်းပါတယ်။ မိန်းမမာယာ တွေ အပြည့်ထုတ်သုံးပြီး သူ့ကို ချဉ်းကပ်ခဲ့ပါတယ်။ ဒါပေမယ့် မမရဲ့ ချစ်နည်းဗျူဟာတွေ မအောင်မြင်ခဲ့ပါဘူး။ မမကျောင်းပြီးတဲ့အထိ သူ့ဘက်က မမကို သူငယ်ချင်းတစ်ယောက်ထက်မပိုခဲ့ပါဘူးရှင်။ မမရဲ့ အချစ်ဦးပေါ့။ မမဘက်က ပြောတာနော်။ မမ သူ့ကို ချစ်တဲ့စိတ်နဲ့ နောက်ဆုံးနှစ်မှာ ကြိုးစားခဲ့ လို့ ဂုဏ်ထူးတန်းဝင်ခွင့်ရခဲ့ပါတယ်။ အဲဒါမှ သူနဲ့ တွေ့ခွင့်ရမှာပေါ့။ ဒါပေမယ့် မထင်မှတ်စွာ ဘဲ ခိုင်မြဲ က ဒုတိယနှစ်မှာ အမေရိကားကို DV ပေါက်လို့ ထွက်သွားခဲ့တယ်။ မမ ရင်ထဲမှာ ဗလောင်ဆူခဲ့ရပါတယ။် တစ်နေ့နေ့တော့ သူရှိရာ နိုင်ငံကို အရောက် လိုက်မယ်ဆိုတဲ့ စိတ်နဲ့ မမ တစ်ယောက် အဲဒီ နိုင်ငံရဲ့ တက္ကသိုက် တစ်ခုပြီး တစ်ခု ကို လှမ်းလျှောက်ခဲ့တယ်။ အချိန်အားဖြင့် ၅ လလောက်ကြာတော့ မမရဲ့ ကံဇာတာတက်လာတယ် ပြောရမလားဘဲ၊ ဖလောရီးဒါး ( Florida University ) မှာ ဘွဲ့လွန်ဒီဂရီ တက်ခွင့်ရခဲ့ တယ်။ ပြည်ပမထွက်မီ မမ ပျော်နေခဲ့တယ်။ ဒါပေမယ့် သူဘယ် State မှာ နေလည်း မမ တကယ်မသိခဲ့ပါဘူး။ အဲဒီအတွက် မမစိုးရိမ် ပူပန် နေခဲ့ပါတယ်။ ဒီလောက် အကျယ်ကြီးရှိတဲ့ အမေရိကန် နိုင်ငံမှာ သူ့ကို ဘယ်လိုရှာရပါ့မလည်း အချိန်ရှိသရွေ့ စဉ်းစားနေခဲ့ပါတယ်။ ဒီလိုနဲ့ မမ တစ်ယောက် School Hostel တစ်ခုမှာ နေထိုင်ခွင့်ရခဲ့ပါတယ်။ ကံတရားက မမဘက်ကို ၁၀၀% အလေး ပေးတယ် ဘဲပြောရမလားမသိဘူး။ ကျောင်းတက်လို့ ၃ လခန့်အကြာ မှာ ဘာဂါ ဆိုင်တစ်ဆိုင်မှာ ၀င်ထိုင်ရင်း ဘေးဝိုင်းကမြန်မာသံ ကြားလို့ လှည့်အကြည့် မမ ခဏတာ မှင်သက်သွားမိပါတယ်။ သူပါလား။ သူတို့ ၀ိုင်းဆီကို မမလျှောက်သွားပြီး သူ့ဆီက ဖုံးနံပါတ် တွေ လိပ်စာတွေ တောင်းခဲ့မိတယ်။ ဘေးနားက ဘာမဆိုင်ညာမဆိုင် သူ့သူငယ်ချင်းကလည်း မမ ဖုံးနံပါတ် တွေယူသွားခဲ့တယ်။ အဲနေ့ညဘဲ မမ သူ့ဆီကို ဖုန်းဆက်ဖြစ်တယ်။ နောက်နေ့ ကျတော့ သူနဲ့ ချိန်းပြီးလျှောက်လည်ဖြစ်ခဲ့တယ်။ သူ့ဘက် ကတော့ ရိုးရိုးသားသားပါဘဲ။ မမဘက်ကသာ။ ဒီလိုနဲ့ နောက်ပိုင်းသူ မမ ကိုအတွေ့မခံတော့ဘူး ။ မမ ဖုန်းဆက်ရင်လည်း သူမကိုင်တော့ဘူး ။ အဲဒီတော့ သူရဲ့ သူငယ်ချင်းကို မမဆက်သွယ်ခဲ့မိတယ်။ သူက တမင်ရှောင်နေတာတဲ့ ။မမ ၀မ်းနည်းလိုက်ရတာ။ မမ ၀မ်းနည်းတိုင်းမှာ နောင်လတ်က မမကို အဖော်အဖြစ်နေပေးခဲ့တယ်။

အချစ် ၂။

နောင်လတ်က မမ အပေါ်အနွံအတာခံလွန်းတော့ မမ သူ့ကို သံယောဇဉ် ဖြစ်မိပြန်ပါတယ်။ နောက်တော့ ရည်းစားရသွားတဲ့ မမ ရဲ့အချစ်ဦးကို မမမေ့ပစ်ခဲ့တယ်။ ဘေးနားမှာ နောင်လတ်က လည်းတစ်ချိန်လုံးရှိနေလို့ မမရဲ့ အသည်းကွဲ ဒဏ်ရာ က သိပ်မသိသာခဲ့ပါဘူး။ နောက် ၄ လ လောက်ကြာတော့ နောင်လတ်နဲ့ မမတို့ ချစ်သူရည်းစား ဘ၀ကို ရောက်ရှိခဲ့တယ်။ မမဘ၀မှာ တစ်ခါမှ မရဘူးခဲ့တဲ့ ကြင်နာယုယမှုမျိုးကို နောင်လတ်ဆီက မမရခဲ့ပါတယ်။ အမြဲ အိပ်ရာထဖို့ ပျင်းတဲ့ မမကို မနက် ၇ နာရီ ထိုးတာနဲ့ ဖုန်းခေါ်ပြီး အိပ်ရာနှိုး တတ်တယ်။ မမ ဘာဂါကြိုက်မှန်းသိပေမယ့် မမ ၀မှာ စိုးတဲ့ အတွက် တစ်ပါတ်တစ်ခါ မှသာ ၀ယ်ကျွေးတတ်တဲ့ ကောင်လေးတစ်ယောက်ပေါ့။ ကျောင်းအပြန်လမ်းတွေ မှာ မမ အမြဲ ဆုပ်ကိုင် ထားခဲ့ တဲ့ လက်တစ်စုံ ရဲ့ ပိုင်ရှင်။ လမ်းခွဲ ခါနီးတိုင်းမှာ မမရဲ့ မကျဉ်းမကျယ် နဖူးပြင် ကို နှုတ်ဆက်အနမ်းလေးခြွှေတတ်သူ။ ရိုးသားတဲ့ သူ။ဖြူစင်တဲ့ သူ။ မမ သူ့ ကို မမ နှလုံးသားတစ်ခု လုံးပုံ အပ်ပြီး ချစ်ခဲ့ တယ်။ မိဝေး ဖဝေးနေနေရတဲ့ မမအဖို့ သူ့ကိုတွယ် တာမိခဲ့တာ မမအမှားလားဟင်။ ဒါပေမယ့် မမသူ့ကို တစ်သက်လုံး လက်တွဲဖို့ မ၀ံ့ရဲခဲ့ဘူး။ ဘာလို့လည်းဆိုတော့ မပြည့်စုံတဲ့ သူတို့မိသားစုတာဝန်က သူ့ တစ်ယောက်တည်းထမ်း ထားရလို့ပါဘဲ။ မမ သူ့ကို နှလုံးသား တစ်ခု နဲ့ချစ်ခဲ့ပေမယ့် ဦးဏှောက် ကသူ နဲ့ လက်တွဲဖို့ ငြင်းဆန်နေခဲ့တယ်။ မမ ရဲ့ အာရုံတွေ သူ့ဆီမရောက်အောင် မမ စာကို သာဖိလုပ်ခဲ့ တယ်။ မမ စာမလိုက်နိုင်တိုင်းမှာ အမြဲ ရှင်းပြပေးတဲ့ ကိုပြည့်စုံနဲ့ မမအနေများခဲ့ တယ်။ အရင် တစ်နေ့ တစ်ခါ တွေ့နေကျ ဖြစ်တဲ့ နောင်လတ်နဲ့ မမ အဆက်အသွယ်ဖြတ်ခဲ့တယ်။ အချစ်တစ်ခုတည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဘ၀မှာ မမ နောင်လတ်ကို ထားခဲ့သလိုဖြစ်ခဲ့တယ်။ ဒီအတွက် မမ နှလုံးသားတွေ တစ်စစ်စစ်နဲ့ နာကျင်ရပါတယ်။ ဒါပေမယ့် အရာရာမှာ ဦးဏှောက်ကို ဦးစားပေးတဲ့ မမ ဒီတစ်ခေါက်လည်း ဦးဏှောက် ကဘဲ အနိုင်ရသွားခဲ့ပါတယ်။

အချစ် ၃။

ကိုပြည့်စုံ ကတော့ နာမည်နဲ့လိုက်အောင်ပြည့်စုံတဲ့သူ တစ်ယောက်ပါ။ မမထက် အသက် နှစ်နှစ်လောက်ကြီးပေမယ့် သူရဲ့ပုံစံလေးက အမြဲရွှင်လန်းတက်ကြွနေခဲ့တယ်။ မမ ကို သူ့ညီမလေးတစ်ယောက်လိုဂရုစိုက်ခဲ့တယ်။ သူက မမလိုချင်တဲ့ မမ အိမ်မက်ထဲက အိမ်ထောင်ဘက် တစ်ယောက် ပုံမျိုးအပြည့်ရှိတယ်။ ပညာအရည်အချင်း၊ ရုပ်ရည်၊ မိဘဆွေမျိုး အဆင့် အတန်း အရာအားလုံးမှာ မမထက်သာတာတွေချည်းဘဲ။ မမ စာကျက်ချင်အောင် အမြဲ တတွတ်တွတ် ပြောနေတတ်တဲ့ အကို တစ်ယောက်ပါဘဲ။ မမ ကို ကိုပြည့်စုံ က ညီမလေး လို့ခေါ်တယ်။ မမ အဲဒီအသံလေးမှာ သာယာနစ်မြောခဲ့မိတာကို မမ၀န်ခံပါတယ်။ မမ ကိုပြည့်စုံ ကို ဦးဏှောက်နဲ့ ရွေးချယ်ပြီး ချစ်ခဲ့တယ်။ သူတစ်နေ့ နေ့ မမကို ဖွင့်ပြောလာလိမ့်မယ် လို့ မမယုံကြည်ခဲ့တယ်။ မျှော်လဲမျှော်လင့်နေခဲ့မိတယ်။ တည်ကြည်ခံငြားတဲ့ သူ နဲ့ လိုက်ဖက်ညီစွာ မမ ရဲ့ အနေအထိုင်၊ အပြင်အဆင် ၊ ၀တ်တာ စားတာ အားလုံးကို ပြင်ခဲ့တယ်။ မိန်းကလေးတွေ အလယ်မှာ စန်းပွင့်တဲ့ စာတော်တဲ့ ရုပ်ရည် သန့်သန့်ပြန့် ပြန့် ရှိတဲ့ သူနဲ့ လူပုံအလယ် လက်ချိတ်ပြီး သွားရမယ့် နေ့၊ သူ့ဆီ က ချစ်စကား တွေ ပွင့်အံလာမယ့်နေ့ကို မမ ကြိုတင်ပြီး စိတ်ကူးယဉ်ရတာလည်း အခါတစ်ရာမကတော့ပါ။ ဒါပေမယ့် စာမေးပွဲ ဖြေအပြီးတဲ့ နေ့မှာတော့ မမရဲ့ စိတ်ကူးယဉ်တာတွေဟာ အလဟသ သဲထဲရေသွန် ဖြစ်ကုန်ပါတော့တယ်။ စာမေးပွဲပြီးလို့ စာမေးပွဲခန်းထဲကအထွက်..
ညီမလေး ”
“ ဟုတ် ကိုပြည့်စုံ ”
“ ညီမလေး ကို ကိုယ်တစ်ခုပြောစရာရှိလို့၊ ParkWay က ဆိုင်တစ်ဆိုင် မှာ သွားပြောရအောင်နော် ။ လိုက်ခဲ့ပါလား…နော်”
မမ ရင်တွေ တဒိန်းဒိန်း ခုန်နေပါပြီ။
နောက် ၃၀ မိနစ်လောက်ကြာတော့ ဆိုင်ကိုရောက်ပါတယ်။ အဲဒီ ကိုပြည့်စုံ က မိန်းမတစ်ယောက် ထိုင်နေတဲ့ ထောင့်ဝိုင်းကို ဦးတည်ပြီးသွားနေပါတယ။် မမလည်း သူ့နောက် က ယို့ယို့လေး နဲ့ လိုက်သွားခဲ့မိပါတယ်။ ၀ိုင်းဆီအရောက်..
နှောင်း… ” ကိုပြည့်စုံ အဲဒီမိန်းမ ကို လှမ်းခေါ်လိုက်တဲ့အသံ
နှောင်း…ဒါ မောင့် ကို စာမသိရင် လာလာမေးပြီး မောင်နဲ့ စာအတူတူ လုပ်ဖြစ်နေတဲ့ လွန်းမမ တဲ့ …
မမ ကြောင်အမ်းနေတယ်။
မမ.… ဒါက ကိုယ့်နဲ့ စေ့စပ်ထားတဲ့ ကိုယ့်ရဲ့ချစ်သူ ခင်နှောင်းတဲ့
မမ သူတို့ နှစ်ယောက်ရှေ့မှာ ဟန်ဆောင်နေပေမယ့် မမ ရင်ထဲမှာ ကြေကွယ်ခံစား ရပါတယ်။ မခင်နှောင်း ကံကောင်းလိုက်တာနော်။ မမ အိမ်ပြန်ရောက်ပြီးတဲ့နောက် မှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတယ်။ မမဘ၀က လိုတာမရ ရတာမလိုပါလားနော်။ မမ တစ်ယောက်တည်းဘဲ နေတော့မယ် လို့ ဆုံးဖြတ်ပြီး part-time အလုပ်ကို StarBuck ဆိုင် တစ်ဆိုင် မှာဝင်လုပ်ခဲ့တယ်။ ကိုယ့် အာရုံနဲ့ ကိုယ်မို့ ဘယ်သူ့ကို မှ သိပ်သတိမထားမိပါ။ တစ်ညနေတော့ အလုပ်ပြီးလို့ uniform လဲပြီး ပြန်အထွက်။။

အချစ် ၄။

“မမလွန်း… ဟောဟဲ ဟောဟဲ မမလွန်း”
ဒီလိုမျိုး ခေါ်တာ ရန်ကုန်မှာဘဲ ရှိတာပါ။ ဘယ်သူ ကများ ခေါ်တာပါလိမ့် မမလွန်းလို့။ မမ ပြန်အလှည့် ….ဟော… တွေ့ပါပြီ။။ မမ သူငယ်ချင်းလေးရဲ့ မောင်လေး။။ မမထက် နှစ်နှစ်လောက် ငယ်မယ်ထင်ပ။
ခေါ်လိုက်ရတာ မမလွန်းရာ….မောလိုက်တာ…ဟော ဟဲ”
“ မင်း က ခင်သန္တာ ရဲ့ မောင် .. ကြက်ရိုး မလား..”
“ ဟုတ်ပါတယ် ။ ဒါပေမယ့် ခုတော့ ကြက်ရိုး မဟုတ်တော့ဘူး မမလွန်း”
“ ဒါဖြင့်ဘာတုန်း… chicken bone လား ဟ ဟ”
“ မနောက်နဲ့ဗျာ မမလွန်းကလဲ။ ကျနော် ကလေးမဟုတ်တော့ဘူးဗျ။”
“ ဘာလဲ ကလေး အဖေလား ဟီး ..ဟီး…
ဒီလို မရီရတာ ကြာပြီဖြစ်တဲ့ မမတစ်ယောက် သူငယ်ချင်းလေးရဲ့မောင်လေးကို စပြီး တစ်ဟားဟား ကိုအော်ရီနေပါတော့တယ်။ သူကလည်း StarBuck မှာလုပ်တာဘဲ တဲ့။ ငါဖြင့် ဘာလို့သတိမထားမိပါလိမ့်။ ဒီလိုနဲ့ ပျော်ပျော်နေတတ်တဲ့ ကြက်ရိုး နဲ့ မမ ခင်မင်သွားခဲ့တယ်။ ဘာလိုလိုနဲ့ ဒီကို ရောက်တာ မမ ၄ နှစ်ရှိလို့ မမအသက်လည်း ၂၈ ကျော်လာခဲ့ပြီ။ အပျို ကြီး စာရင်းဝင်ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရပြီ။ ကြက်ရိုးက ဟာသတွေ ပြောတတ်တော့ မမ သူ့ကို တကယ် ခင်တွယ်မိတယ်။ တစ်ခါတစ်ခါ သူက အွန်လိုင်းက သူ ကြောင်နေတဲ့ သူ့ကောင်မလေး အကြောင်းတွေ ပြောပြ၊ ပြီးတော့ ဘယ်လိုချစ်သွားကြတာတွေ ကို စီကာပတ်ကုံး ပြန်ပြောပြတတ်သေးတာ။ ဒီ မှာတောင် သူ့ အခုလက်ရှိ က ၃ ယောက်လောက် ရှိတာ။ မနိုင်ဘူး။ ဒီကြက်ရိုးတစ်ယောက်ကတော့ ။ တစ်ခါက ကောင်မလေးကို ဘာလုပ်သွားလုပ်လို့လည်းမသိ ဘူး။ ကောင်မလေးအကို တွေက မမ အိမ်လိုက်လာပါလေရော။ မြန်မာချင်းမို့လို့ တော်သေးတာပေါ့။ သူ့အမ ပါ ဘာပါညာပါ ဆို ပြီး မနည်းရှင်းယူလိုက်ရတယ်။ တော်တော်ဆိုးတဲ့ ကောင်လေး။ ဒင်းကို သူ့အမနဲ့ တွေ့မှ တိုင်ရမယ်။ ဟွန်း။ တစ်ရက်တော့ ခင်သန္တာ နဲ့ chat နေရင်း က သူက ရုတ်တရက်။…
ဟဲ့…မမ နင့် ကို ငါယောင်းမ တော်မလို့” တဲ့လေ။ သူ့မောင်က မမကို ကြိတ်ချစ်နေတာ တဲ့။
အမလေး။ မယုံပါဘူး။ဒင်းကလေးက ဒီလောက်မြာပွေတာ။ ဟိုမိန်းမ ကတော့ သူ့မောင်က မမကို တကယ်ချစ်နေတာပါတဲ့။ ခုဆို တစ်အိမ်သားလုံးတောင်သိတယ်ဆိုဘဲ။ ဒင်းတော့နော် လာပစေ့ဦး။ လာတော့မှ …ဟွင်းဟွင်း
နောက်တစ်ရက် မနက် ...
လာပါပြီ ကိုယ်တော်ချော။။။။

ဟဲ့ ကြက်ရိုး နင် နင့်အိမ်မှာ ဘာတွေမဟုတ်က ဟုတ်က လျှောက်ပြောထားသလဲ ပြောစမ်း”
“ဟာဂျာ…မမလွန်းကလည်း ကျနော်က ဘာပြောရမှာလည်းဂျ။
နောက်တီးနောက်တောက်လုပ်မနေ့နဲ့ ကောင်စုတ်လေး
ပြောလည်းပြော လက်ကလည်းမြန် ဒေါင် ခနဲမြည်အောင်တောင် ခေါင်းကို ခေါက်လိုက်သေးတယ်။
နင့်အမ က ငါ့ကို ယောင်းမလေးဘာလေးနဲ့ နင်လျှောက်ပြောထားလို့ နေမှာပေါ့ဟဲ့။
အင်းလေ…ဒါကျနော်ဘက် ကပြောတာဘဲ။ မမလွန်း ဘက် ကပြောတာမှ မဟုတ်တာ… ကျနော်ဘက်က ဖိတ်စာ တစ်ခြမ်းရိုက်ပြီးသား ဟီးဟီး ” လို့ ပြောပြီး မမရဲ့ လက်ကို မလွှတ်စတမ်း ကိုင်ထားပါတော့တယ်။

ကဲ…အပျိုကြီး လွန်းမမ …ဒီတစ်ခါတော့ ရှင် အင် မနေနဲ့ တစ်ခါတည်းသာ အဖြေပေးလိုက်တော့ ။ နှလုံးသားတွေ ဦးဏှောက်တွေလုပ်မနေနဲ့။ မဟုတ်ရင် အပျိုကြီးကနေ အပျိုဟိုင်း ဟိုင်းရာက နေ သိုး၊ သိုး ရာကနေ ဂေါ်မစွံတဲ့ အပျိုကြီးဖြစ်တော့မယ်။ မူမနေနဲ့။ ရရာသာ ယူထားပေတော့။

လို့ မမစိတ်ထဲမှာ ရှိတဲ့ မမတစ်ယောက် ကပြော တော့ မမလည်း ရှက်ကိုးရှက်ကန်းနဲ့ ကြက်ရိုး ရင်ဘတ်ထဲမျက်နှာလေး ၀ှက်ထားပါတော့တယ်။

ကိုယ်တော့ ကြက်ရိုးကတော့ တစ်ခွီးခွီးနဲ့ ပေါ့။ (ကြည်နူးနေတာ ပြောပါတယ်)

နောက်နှစ်နှစ်အကြာမှာတော့… မောင်ထင်လင်းအောင် (ခ) ကြက်ရိုး နဲ့ မလွန်းမမ တို့ရဲ့ မင်္ဂလာဧည့်ခံပွဲ ကြီးကို ခမ်းခမ်းနားနားကြီး ကျင်းပနေတာကို မြင်တွေ့ရပါတော့သည်။

တန်ဖိုး

တန်ဖိုးတဲ့ …. လေးဖြူဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်ပါ။

ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်လည်မရတောတဲ့ အကြောင်း။

အချိန်ကို အကျိုးရှိအောင် သုံးသင့်ကြောင်း စပ်ထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ။

စင်ကာပူမှာ ရိုက်ထားတဲ့ VCD ကောင်းတစ်ပုဒ်ပါ။



ဘ၀နဲ့ရင်းကာ ငါသိလိုက်ပြီ။

ခုချိန်တိုင်းဟာ တန်ဖိုးရှိတယ် ယုံကြည်ပါ။



အိပ်မက်တွေများစွာ အို မင်းရှေ့မှာ…

ပြန်မရနိုင်ဘူးကွာ….ကုန်လွန်သွားတဲ့ နေ့ရက်ချိန်..

ရွှေငွေ များနဲ့ မင်းပြန်လဲလို့ မရနိုင်ပါတဲ့….





ကိုယ်ကြိုက်တဲ့ သီချင်းလေးမို့ နားထောင်စေချင်တဲ့ စေတနာနဲ့ တင်ပေးလိုက်ပါတယ်။

အိမ်ထောင်ရေး နဲ့ ပညာရေး

ကိုယ် ဒီပို့စ်ကို ရေးချင်နေတာ ကြာပါပြီ။ ဒါပေမယ့် အချိန်မရှိတဲ့ အတွက် ရေးဖို့ နှောင့်နှေး သွားရတာပါ။


ကိုယ် ဒီပို့စ်မရေးခင်မှာ ကိုယ့်အကြောင်းလေးနည်းနည်း ပြောပါရစေ။ ကိုယ်က ဒီစင်ကာပူနိုင်ငံကို ၂၀၀၆ ခုနှစ် မှာ ရောက်ပါတယ်။ ၂၀၀၆ ခုနှစ် သြဂုတ်လမှာ ကိုယ် ဒီနိုင်ငံက ဘွဲ့လွန် ဒီပလိုမာတစ်ခု တက်ပါတယ်။ ၂၀၀၇ ခုနှစ် မှာ အလယ်အလတ် အဆင့်နဲ့ အောင်ခဲ့ပါတယ်။ ပြီးတော့ ကိုယ် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ကိုယ့်လက်တွဲဖော်နဲ့ ဘ၀တိုက်ပွဲ မှန်သမျှကို ရင်ဆိုင်ဖို့ နှစ်ဖက်မိဘတွေရဲ့ သဘောတူညီချက်နဲ့ အညီ နှစ်ဖက်သော အစ်မများကို အသိသက်သေနေရာမှာ ထားပြီး လက်မှတ်ထိုးခဲ့ကြပါတယ်။ ကိုယ်တို့နှစ်ယောက် တူတူစပြီးနေခဲ့တာကတော့ ၂၀၀၉ မတ်လမှပါ။ အဲဒီ ထဲက ကိုယ့်ရဲ့ အားလပ်ချိန် တစ်ဝက်နီးပါးလောက်ဟာ သူ့ထံကိုပေးအပ်လိုက်ပါတယ်။ သူ့ဘက်ကို ကြည့်ရင်လည်း အဲဒီအတိုင်းပါဘဲ။ ဒါကတော့ အိမ်ထောင်ရှင်တိုင်းလိုလို သိပါတယ်။


ဒီနိုင်ငံရဲ့ ထုံးစံအတိုင်း နှစ်ယောက်စလုံး အလုပ်လုပ်မှသာ အိမ်စားရိတ် ကာမိတာ ရှိတာမို့ ကိုယ်တို့နှစ်ယောက် စလုံး အလုပ်လုပ်ကြရပါတယ်။ အဲလိုအလုပ်လုပ်ရတဲ့ အတွက် ကိုယ်တို့နှစ်ယောက်အတွက် စကားပြောချိန် ဟာ ညပိုင်းမှာသာ အဖြစ်များတတ်ပါတယ်။ စနေ တနင်္ဂနွေ ဆိုတာက တစ်ခါတစ်ရံ ကိုယ့်လက်တွဲဖော်က အချိန်ပို အလုပ်ဆင်းရတဲ့အတွက် ကိုယ်တို့တွေ အသေအချာ မပိုင်ပါဘူး။ အိမ်ထောင်ရှင် လင်မယားတွေအတွက် အလွန်အလွန့်ကိုမှ အချိန်နည်းလွန်းလှပါတယ်။ ရည်းစားဘ၀မှာပေးရတဲ့ အချိန် နဲ့ လင်မယားဘ၀မှာ ပေးရတဲ့ အချိန်ဟာ တကယ့်ကို ကွာလွန်းပါတယ်။ ချစ်သူရည်းစားဘ၀ မှာတော့ ချစ်စကားတီတီတာတာ တွေပြောရင်းပြော၊ မပြောရင် shopping လေးဘာလေးထွက်နဲ့ ဒီလောက်ဘဲပေးရတာပေါ့။ လင်မယားဘ၀မှာတော့ နှစ်ယောက်ပေါင်းမှ တစ်ဘ၀ဆိုတဲ့အတွက် ဘ၀ရေးရာ၊ နှစ်ဖက်ပတ်ဝန်းကျင်ကိစ္စ၊ အိမ်ထောင့်ကိစ္စ တွေနဲ့ အချိန်တွေတော်တော်ပေးရတာပါ။ ဒါတွေဟာ အိမ်ထောင်မကျခင် လူတွေကို သွားပြောရင်တော့ ရီစရာတွေပေါ့။ အလကားလို့ထင်ကြပါလိမ့်မယ်။ ဒါတွေဟာ အမှန်တရားတွေပါ။


ကိုယ်က ကိုယ့်မမကြီးနဲ့ အတူတူနေပါတယ်။ ကိုယ့်မမကြီးက အပျိုကြီးဖြစ်တဲ့အတွက် ကိုယ့်မိဘတွေကလည်း အသက်ကြီးပြီဖြစ်တာကြောင့် ဒီမှာဘဲ ခေါ်ထားပြီး ဘုရားတရားကို အေးအေးဆေးဆေး လုပ်နိုင်အောင် လိုလေသေးမရှိ ထားထားပါတယ်။ ကိုယ်ရဲ့အချိန်တွေကို မိဘနဲ့ လက်တွဲဖော်ကြားမှာ မနည်း မျှတအောင် ညှိယူထားပါတယ်။ အဲဒီအတွက်လည်း ဘာဆို ဘာမှ ပြသနာ မရှိခဲ့တာ အမှန်ပါ။ နှစ်ဖက်မိဘ များက ယုံကြည်နှစ်လိုစွာ လက်ဆက်ပေးထားတဲ့ ကိုယ်တို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမှာ တစ်ခါတစ်လေ ကတောက်ကဆ ဖြစ်တတ်တာကလွဲလို့ အရာရာပြီးပြည့်စုံ တဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်ခဲ့ပါတယ်။


တစ်ရက်လုံးမှာ အနည်းငယ်လောက်သာရှိတဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန် တွေကို ဘလော့ခ်ရေးရင်းနဲ့ ပျော်ရွှင်စွာကုန်လွန်စေခဲ့ပါတယ်။


အချိန်တွေကို မပိုင်ဆိုင်တဲ့ ကိုယ်က နှစ်နှစ်ခွဲ တက်ရမယ့် သင်တန်းတစ်ခုကို တက်ရောက်ဖို့ ၀င်ခွင့်ရခဲ့ပါတယ်။ အဲဒီသင်တန်းဟာ လွယ်လွယ်လေးနဲ့ Certificate တစ်ခုရမယ့် သင်တန်း တစ်ခုမဟုတ်မှန်း သိရက်နဲ့ လောဘကြီးစွာ မစဉ်းစားမဆင်ခြင်ဘဲနဲ့ ကိုယ်တက်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်ထဲက ကိုယ်ရဲ့ အရေးကြီးတဲ့ အချိန်တွေကို အဲဒီထဲမှာနစ်မြုပ်ခဲ့ရပါတယ်။ ဒါပေမယ့် အိမ်ထောင်သည် မိန်းမတစ်ယောက်ဖြစ်တဲ့ ကိုယ့်အတွက် အဲဒီအတွက်ပေးရတဲ့ အချိန်ဟာထင်သလောက်မလွယ်လှပါဘူး။

မောကြီးပန်းကြီးပြန်လာတဲ့ ခင်ပွန်းသည်စားဖို့သောက်ဖို့ ပြင်ဆင်ပေးရတယ်။ ပြီးတော့ အလုပ်ထဲမှာ ဖြစ်ပျက်လာသမျှကို သူ့စိတ်ပေါ့ပါးသွားအောင် နားထောင်ပေးရပါတယ်။ ကိုယ့်ရင်ထဲက ဖြစ်ပျက်သမျှကိုလည်း သူ့ကိုပြန်ရင်ဖွင့်ရင်းနဲ့ ဘ၀ရှေ့ရေး၊ အိမ်ထောင်ရေး ၊ စီးပွားရေးတွေ တိုင်ပင်ရင်းနဲ့ အချိန်တွေဟာကုန်မှန်းမသိကုန်ခဲ့ ရပါတယ်။ ဘယ်မှာ လည်း ကိုယ့်အတွက် စာကြည့်ချိန်၊ စာဖတ်ချိန် ။ ဒီလို မရှိတဲ့ အချိန်တွေကြားထဲက ကိုယ်ရအောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ထင်သလောက် မလွယ်လှပါဘူး။ ကိုယ်တစ်ခါမှ မဖြစ်ဖူးတဲ့ result တွေက ကိုယ့်ကို ဒီသင်တန်းကို ဆက်မတက်ဖို့ တွန်းအားပေးနေခဲ့ကြပါတယ်။ အိမ်ထောင်ရှင် မိန်းမတစ်ယောက်အနေနဲ့ ပညာရေးကို ဆက်ကိုမလုပ်သင့်တာအမှန်ပါ။ ဒါကိုနားမလည်တဲ့ သူတစ်ချို့ကတော့ ကိုယ့်ကိုမေးပါတယ်။


“အဲလိုသာ ပြောကြေးဆို ဒီနိုင်ငံမှာ ပညာ သင်ကြားနေတဲ့ အိမ်ထောင်ရှင် အိန္ဒိယ အမျိုးသမီးတွေ ဘာလို့ ဘွဲ့ရတာလဲတဲ့။ ပြီးတော့ သူတို့မှာ ကလေးတွေလည်း ရှိတယ်တဲ့။ အလုပ်လည်း လုပ်နေပါတယ် တဲ့။”

ကိုယ် အဲလိုလူတွေကို ပြန်ပြောချင်တဲ့ စကားတစ်ခွန်းကို ဒီက ဘဲ ပြောလိုက်ပါရစေ။ ကိုယ်အပိုတွေ ပြောတယ်လို့တော့မထင်စေချင်ပါဘူး။ ကိုယ့်ရင်ဘတ်ထဲက ရှိသမျှကို ပြန်အံ ထုတ်ချင်ရုံသက်သက်ပါ။


“ကိုယ်က သာမာန်ဦးဏှောက်တစ်ခု ကိုသာ ပိုင်ဆိုင်ထားတဲ့ သာမာန်မိန်းမတစ်ယောက်ပါ။ အရမ်းကြီးထူးချွန်ထက်မြက်နေတဲ့ သူတစ်ယောက်လည်းမဟုတ်ပါဘူး။ လူတိုင်းလိုလို ပိုင်ဆိုင်ထားတဲ့ ဥာဏ်ပညာတစ်ခုကိုတော့ ပိုင်ဆိုင်ထားပါတယ်။ အချိန်တစ်ခုယူပြီး ကြိုးစားမှ အလယ်အလတ် လောက်သာရတဲ့ ကိုယ့်အတွက် အချိန်မပေးဘဲနဲ့တော့ အဲဒီဘွဲ့ကြီးကို မရနိုင်ပါဘူး။ အဲဒါကို မှ မယုံရင် ကိုယ်ကိုယ်တိုင် အိမ်ထောင်ပြုကြည့်ကြပါ။”

လို့ဘဲ ကိုယ်ပြန်ပြောလိုက်ချင်ပါတယ်။ ဟုတ်ပါတယ် သူတို့ထင်နေတာက အတူတူဘဲလို့ထင်နေတတ်ကြလွန်းလို့ပါ။ မတူဘူးဆိုတာကို ကိုယ်ကိုယ်တိုင် အိမ်ထောင်ပြုကြည့်မှဘဲ ခံစားတတ်မှာပါ။ ကိုယ်လည်း တစ်ချိန်က အဲလိုဘဲ ထင်ခဲ့တာပါဘဲ။ တကယ် ကိုယ်အိမ်ထောင်ကျတဲ့ အခါမှသာ အိမ်ထောင်ရှင်များဟာ ပညာရေးအတွက် အချိန်ကို ထင်သလောက် မနစ်မြုပ်နိုင်တာကို ကိုယ်ကိုယ်တိုင်သိမြင်လာပါတယ်။


အချိန်ဆိုတဲ့ အရာဟာ အပျို ၊ လူပျိုတွေအတွက် မရှားပေမယ့် အိမ်ထောင်ရှင်တွေ အတွက် အရမ်း ကိုရှားပါးပါတယ်။ ခုကိုယ်ဆုံးဖြတ်လိုက်တာကတော့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖို့ပါ။ ဒီသင်တန်းကို ဆက်တက်သင့်မသင့်ပါဘဲ။ အဲဒီအတွက် ကိုယ်ဒီသင်တန်းကို တစ်နှစ်နားထားလိုက်ပါတယ်။ ကိုယ်ဒီ ဘွဲ့ကြီးကို risk ယူပြီး ယူသင့်မယူသင့်ဆိုတာ ရယ် ပြီးတော့ ဒီဘွဲ့မရှိရင် ကိုယ့်ဘ၀အတွက်ဘာဖြစ်မှာလည်း။ရှိတော့ရော ဘာတွေ ဖြစ်မှာလည်း ဆိုတာကို ပေါ့။ အချိန်ယူပြီးစဉ်းစားတာဟာ ဘယ်အလုပ်မှ မမှားပါဘူး လို့ ကိုယ့်ရဲ့ မမကြီးက အကြံပေးပါတယ်။ အဲဒီအတွက်ကိုယ် အချိန်ယူပါဦးမယ်။ ကိုယ်ပြောချင်တာတဲ့ နောက်ဆုံး စကားကတော့


“အလုပ်တစ်ခု မလုပ်ခင် အလောတကြီးမဆုံးဖြတ်ပါနဲ့ ။ အချိန်ယူပြီး ကိုယ်လုပ်နိုင်လားမလုပ် နိုင်လား စဉ်းစားပါ။ ပြီးတော့ အိမ်ထောင်ရှင်မိန်းမများအနေနဲ့ ပညာရေးကို ဆက်ပြီးလုပ်မှာလား၊ ဘ၀အတွက် ပညာရေးထက် အရေးပါတဲ့ ကိစ္စတွေ ကိုလုပ်မှာလား ဆိုတာ သေချာစဉ်းစားပြီးလုပ်ပါ”

လို့ အကြံပြုရင်းနဲ့ ဒီပို့စ်လေးကို အဆုံးသတ်ပါတယ်။


ဒါက ကိုယ့်ရဲ့ အမြင်ပါ။ စာဖတ်သူတို့ အမြင်လေးတွေကိုလည်း ပြောပြပေးကြပါဦးနော်။ံ

တုတ်ကြမယ်ဟေ့....အတင်း/သတင်း



ကဲ…ဒီတခါတော့ တို့များ မိန်းကလေးပီပီ အတင်းတုတ်လိုက်ကြရအောင်။
ဒီထဲမှာ ပါဝင်ဆင်နွှဲ တုတ်လို့ရတာကတော့ စင်ကာပူက လူငယ် လူကြီး လူလတ်မရွေးဘဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ စင်ကာပူ ကမြန်မာဆိုင်တွေ အကြောင်းအတင်းတုတ် အဲ သတင်းထုတ်မလို့ ပါဘဲ။

အဟမ်း…အဟမ်း…. ကမ္ဘာကြီးက ရွာကြီးတရွာဆိုရင် စင်ကာပူနဲ့ မြန်မာကတော့ တံတားလေးဘဲ ခြားတဲ့ ဘေးချင်းကပ် ရွာလေး နှစ်ရွာ ပေါ့နော်။ မြန်မာ တွေတော်တော်များ များ စင်ကာပူကို အခြေချ လာတဲ့ နဲ့ အမျှ little Myanmar လို့ခေါ်တွင်တဲ့ Pennisula Plaza ကြီှးမှာလည်း သူ့ထက်ငါ အလုအယက် ဆိုင်လေးတွေဖွင့်လာ လိုက်ကြတာ ခုဆိုရင် ဆိုင်ခန်း တစ်ခန်း ထဲတောင်မှ နှစ်ခန်းခွဲ ငှား၊ ခွဲပြီးသားတခန်းကို လည်း အရှေ့ကို ဖုံးကဒ် သို့ ကွမ်းယာဆိုင်ကို ငှား အနောက်ကို ရုံးခန်း တခုကို ငှားနဲ့ တစ်ဆိုင်ထဲကို owner လေးယောက်လောက် ရှိတဲ့ အထိကို များပြားလာပါတယ်။ အဲလို များပြားလာတဲ့ အတွက် ကိုယ်တို့ အတွက်လည်း အတင်းတုတ်စရာတွေ များ ပြားလာတာပေါ့နော်။ အတင်းတုတ်ရုံတင် မဟုတ်ပါဘူး။ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာလေး တွေလည်း ဖော်ပြချင်လို့ပါ။

ပထမဆုံး စားသောက်ဆိုင်တွေနဲ့ စလိုက်ရအောင်။

၁. ရနံ့သစ် မြန်မာထမင်းဆိုင်

Basement မှာ ရှိတဲ့ မြန်မာစားသောက်ဆိုင်လေးတစ်ဆိုင်ပါ။ အရသာ ကတော့ စားလိုက် ရတဲ့ သူတိုင်း လျှာလည်သွားလောက်အောင်ကို ကောင်းပါတယ်။ သူ့ဆိုင်က ဟင်းလေးတွေက အိမ်မှာချက်တဲ့ ဟင်းအရသာလေးတွေနဲ့ တူတယ်။ ဟင်းဂျီးများတဲ့ ကိုယ့် မေမေ တောင် အဲဒီမှာ စားရတာ အာတွေ့ပါတယ်။ သူ့ရဲ့ အားသာချက်နောက်တစ်ခု က ငပိနဲ့ တို့စရာပါ။ မျှစ် နဲ့ သခွားသီးတို့စရာလေး ကသူတို့ လုပ်ထားတဲ့ ငပိနဲ့တော်တော်လေးလိုက် ဖက်ပါတယ်။ ဒါက သူတို့ဆိုင်ရဲ့ကောင်းကွက်လေးပါ။ ဆိုးကွက်ကလေးတစ်ခုကတော့ ဈေးကြီးခြင်းနဲ့ ဈေးနှုန်းတွေကို မသိမသာနဲ့မြှင့်ထားခြင်းပါ။ ထမင်းဖြူ အလွတ်တစ်ပွဲကို ၁ ကျပ်ခွဲယူပါတယ်။ ကိုယ်က လူတစ်မျိုး။ စားရင်အမြဲ ရေးထားတဲ့ ဈေးကြည့်ပြီးမှ မှာနေကျပါ။ သူတို့ရေးထားတာ အသီးအရွက် တစ်မျိုး နဲ့ အသားတစ်မျိုးကို ၄ ကျပ် ၂၀ ပြား လို့ရေးထားပါတယ်။ ဒါနဲ့ ကိုယ်လည်း ကြက်သားတစ်မျိုးနဲ့ ပဲပြုတ် နဲ့ကို ယူလိုက်ပါတယ် ။ဈေးတွက်တော့ ၅ ကျပ် ၂၀ ပြားတဲ့ ။ ပဲပြုတ် မို့လို့ ၁ ကျပ်ပိုယူပါတယ်တဲ့ ။ သြော်ပဲပြုတ်က အသီးအရွက်မှ မဟုတ်တာလို့ စိတ်ဖြေပါတယ်။ နောက်တရက်ကျတော့ ပဲကြီးနဲ့ ဆူးပုတ် တွဲထားတဲ့ ဟာမှာတယ်။ အဲဒါလည်း ပဲကြီး ကဈေးကြီးလို့တဲ့ ၅ ကျပ် ၂၀ ယူပြန်ရော။ ကိုယ်လည်း စိတ်မနာနိုင်သေးဘဲ နောက်ရက်ကျတော့ အသား တစ်မျိုးနဲ့ မှိုကန်စွန်း မှာရော။ ဒီတစ်ခါ ပို ဈေးကြီးသွားပြီဗျို့။ ၆ ကျပ်တဲ့။ မှိုကန်စွန်းထဲမှာ ကြက်သားပါလို့်တဲ့ ။ ကြက်သားဖတ်က မှိုနဲ့ ရောနေတော့ မမြင်ရဘူး။ စားတော့လည်း ကြက်သားက များများစားစား တစ်ဖက်ရယ်။ ခပ်နင်နင်နဲ့ ဘဲစားလိုက်ရပါတယ်။ လက်ဖက်ရည် သူများ ၁ ကျပ်ရောင်းရင် သူတို့က ၁ ကျပ် ၃၀၊ ဒိန်ချဉ် က သူများက ၂ ကျပ် သူတို့က ၃ ကျပ်၊ ရေနွေးကြမ်းတစ်ခွက် ၁ ကျပ် (တစ်ဆိုင်လုံးမှာ အညံ့ဆုံးက ရေနွေးကြမ်း)
ဒါပေမယ့်လည်း လက်ရာလေးက ကောင်းနေတော့ နှစ်ပတ်တစ်ခါ လောက်တော့ စားဖြစ်ပါတယ်။ စာဖတ်သူတို့လည်း ဈေးမေးပြီးမှ စားကြနော်။

၂.ရွှေအင်းလေး

Basement မှာ ရှိတဲ့ မြန်မာစားသောက်ဆိုင်လေးတစ်ဆိုင်ပါဘဲ။ သူကတော့ International Standard အမှီ ဖွင့် ထားတဲ့ဆိုင်လေးပါ။ သက်တမ်းအရင့်ဆုံး ဆိုင်လေးတစ်ခုလည်းဖြစ်ပါတယ်။ သန့်ရှင်းမှု၊ Waiter ချောလေးတွေရဲ့ Service ကောင်းမှု၊ Chef တွေရဲ့ လက်ရာကောင်းမှု ၊ သေသပ်လှပတဲ့ ဆိုင်အပြင်အဆင် တို့ကြောင့် နာမည်တက်နေတဲ့ ဆိုင်ပါ။ ကိုယ့် အလုပ်က လူတွေ၊ နိုင်ငံခြားသားတွေကို မြန်မာထမင်း ကျွေးချင် ရင် အဆင့်အတန်းမြင့်မြင့်လေး ကျွေးနိုင်တဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ ဈေးအနည်းငယ် ကြီးပေမယ့် သူ့ဆိုင်အနေအထားနဲ့ သူမို့ စားသုံးသူတွေအတွက် ကျေနပ်စေပါတယ်။ ဈေးကြီးတယ်ဆိုတာကလည်း ရနံ့သစ် လို့ ပိုယူတာမျိုးမဟုတ်ဘဲ menu ပါဈေးနှုန်း အတိုင်းဘဲ ရောင်းပါတယ်။ ဆိုးတာကတော့ ဆိုင်ရှင်အမျိုးသမီး ရဲ့ ဆက်ဆံရေးပါ။ အဲနေ့ က ကိုယ်တို့ အင်းလေးကို ၆း၃၀ PM မှာရောက်ပါတယ်။ ကိုယ်တို့ အုပ်စုကြီးဘဲ ၁၀ ရောက်လောက်ရှိပါတယ်။ ကိုယ့်သူငယ်ချင်းတစ်ယောက် က ၇:၀၀ မှာ ရောက်ပြီးကြေးအိုးဆီချက်မှာပါတယ်။ ကိုယ်တို့ အစားအသောက်တွေကို ၇း၁၅ မှာ ရပါတယ်။ ကြေးအိုးဆီချက်က လွဲလို့ပေါ့။ ကိုယ်တို့ ၇:၄၅ မှာ အစားစားပြီးလို့ အအေးမှာတာ ၈:၀၀ မှာ ရပါတယ်။ ကြေးအိုး ဆီချက်ကတော့ မရသေးပါဘူး။ အဲဒါနဲ့ ကိုယ်တို့လည်း Waiter ကိုပြောလိုက်ပါတယ်။ သူက ယဉ်ယဉ်ကျေးကျေးဘဲ ကြည့်ပေးမယ် ဘာမယ်ပြောပါတယ်။ ၈:၁၅ ကျတော့ ကိုယ်တို့အအေးကုန်ပြီး သူ့ကြေးအိုးဆီချက်က မလာသေးလို့ Waiter လေးတစ်ယောက် ကို အဲဒါမယူတော့ဘူးလို့ ပြောလိုက်ပါတယ်။ သူကလည်း ရပါတယ် တဲ့။ အဲဒါနဲ့စကားခနထိုင်ပြောပြီး ၈း၃၀ ကျတော့ ကိုယ်တို့ ကောင်တာမှ ပိုက်ဆံရှင်းပါတယ်။ ကိုယ်က Bill စစ်ကြည့်တော့ မယူတော့တဲ့ ကြေးအိုးဆီချက် ဖိုး ထည့်တွက်ထားတာနဲ့ အဲဒီဆိုင်ရှင်အမကြီးကို အမ ဒီကြေးအိုး ဆီချက်က မပါဘူးလို့။မှာထားတာ ကြာလို့လို့ ကောင်းကောင်းမွန်မွန်ကိုယ် ပြောပါတယ်။ တကယ့်ကို ကောင်းကောင်းမွန်မွန်ပါ။ အဲဒါကို သူက “မကြာပါဘူး၊ မကြာပါဘူး။တဲ့” အသံမာမာနဲ့ ပြောတယ်။ ကိုယ်လည်း အမရယ် ကျနော်တို့မှာထားတာ ၇း၀၀ ထဲက ခု ၈း၃၀ ထိမရလို့ ကျနော်တို့ မယူတာပါလို့ တကယ်ကြီးကို ကောင်းမွန်စွာ ပြန်ပြောခဲ့ပါတယ်။ ဒါကိုသူက “လုံးဝမကြာပါဘူး။လုံးဝမကြာပါဘူး” လို့ သုံးခါလောက်ကိုယ့်ကို လေသံမာမာနဲ့ ပြန်ပြောတယ်။ ကဲကိုယ်လည်း မကြာဘူးဆို ခု ဘယ်မှာလည်းလို့မေးတော့ ၁၅ မိနစ်တဲ့ ။ အမကျနော်တို့ အားလုံးပြန်တော့မှာ လို့ပြောတော့ မစောင့်နိုင်တော့ဘူးပြောမှ bill ထဲက နေနှုတ်ပေးတယ်။ အမှန်ဆို သူပြောရမှာက ဆောရီးပါ။ လူများလို့ ဘာဖြစ်လို့ ညာဖြစ်လို့ နဲ့ ပြောရမှာ။ အဲလိုဆို နားလည်ပေးလို့ရသေးတယ် ခုဟာက အတင်းကြီးကို မကြာဘူး ဆိုတာ ငြင်းနေတယ်။ အဲဒီထဲက ကိုယ်လည်း မစားတော့ဘူး။

၃. ၀င်းမြန်မာ

သူကတော့ တတိယထပ်မှာပါ။ ဆိုင်ခန်း ၃ ဆိုင်လောက်ကို ငှားပြီးတော့ စားသုံးသူ တွေ ကျယ်ကျယ်ပြန့် ပြန့် စားနိုင်အောင်စီစဉ်ပေးထားပါတယ်။ ဖုန်း Battery သွင်းချင်သူများ လည်း သွင်းနိုင်အောင် အင်တာ နက် သုံးချင်သူများသုံးနိုင်အောင် အခမဲ့ စီစဉ်ပေးထားပါတယ်။ နောက် အဲဒီ ၀င်းမြန်မာ က အသုတ် သုတ်တဲ့ အန်တီကြီးလက်ရာ ကလည်း “အသုတ်မှာ ဆရာ ၀င်းမြန်မာ” လို့ ဆိုရလောက်အောင် ကောင်းပါတယ်။ ရှောက်သီးသုတ်၊ လက်ဖက်သုတ်၊ ဂျင်းသုတ်၊ လက်ဖက်ထမင်းသုတ်၊ မုန့်တီသုတ် စတဲ့ အသုတ်မျိုးစုံ ဟာ ဘယ်ဆိုင်ကမှ သူ့ကို မမှီနိုင်ပါဘူး။ နောက် ဟင်းထည့်တာလည်း အရမ်းစေတနာပါပါတယ်။ အများကြီးပါဘဲ။ စားရတာလည်း အရသာရှိပါတယ်။ ဒီလောက် အစစ အရာရာပြည့်စုံနေပေမယ့် သူမှာလည်း မကောင်းတဲ့ အချက်တော့ရှိပါသေးရဲ့ ရှင့်။ အဲဒါ ကတော့ အနံ့ အသက်ပါဘဲ။ သူ့ဆိုင်ဝင်လိုက်တဲ့ အဲဒီဟင်းတွေစုံတဲ့ ဟင်းနံ့ ချည်းက ထောင်းကနဲ ကိုရတော့တာပါဘဲ။ ကိုယ်ထင်တာတော့ သူတို့ မီးဖိုဆောင်က မီးခိုးတံ ကမနိုင်လို့လားတော့မသိဘူး။ အဲဒီ အနံ့ကြီး ကတော်တော်လေးဆိုးရွားပါတယ်။ သူ့ဆိုင်က အသုတ်စားချင်ရင်တော့ အဲမှာ parcel ၀ယ်ပြီး အပြင်မှာစားရမလိုပါဘဲ၊ သူ့ဆိုင်ခန်းတိုင်းလို လိုက အဲဒီအနံ့ရတာပါ။ အဲဒီအနံ့ လေးပျောက်သွားရင်တော့ ကိုယ်အမြဲထိုင်ဖြစ်မှာ ၀င်းမြန်မာပါဘဲရှင်။

၎. ရွှေဝါမြေ

သူကတော့ အင်းလေးနဲ့ ညီအမတွေပါ။ ဟင်းချက်လက်ရာကောင်းပါတယ်။ သန့်ရှင်းပါတယ်။ သပ်ရပ်ပါတယ်။ ဒါပေမယ့် ဈေးက အဆမတန်ကြီးပါတယ်။ ရနံ့သစ် မှာတောင် ၂ ကျပ်ယူတဲ့ ငါးခူကြော်တစ်ကောင်ကို မေးလိုက်တာ ဘယ်လောက်လို့ ထင်လည်း၊ ၂ ဆဗျိုး…၂ ဆ ။။။၎ ကျပ်တဲ့။ တော်တော်စိတ်လေသွားတယ်။ ပြီးတော့ ဟင်းတွေပေးတာကလည်း စေတနာမပါဘူး။ သူငယ်ချင်းတစ်ယောက်က ပြောတာ နတ်တင်တာကျ နေတာဘဲ တဲ့။

၅.ရဲရင့်

သူကတော့ ၃ လွှာမှာတည်ရှိပါတယ်။ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ ၊ ဒိန်ချဉ် ၊ မုန့်လက်ဆောင်း ၊လက်ဖက်ရည် စတာတို့မှာ သူမတူအောင်ကောင်းတဲ့ဆိုင်ပါ။ စေတနာ လည်းကောင်းပါတယ်။ ဒါပေမယ့် သူကကျတော့တစ်မျိုး၊ တောက လက်ဖက်ရည်ဆိုင်လိုမျိုး ကတ်ဆတ်ကို အကျယ်ကြီးပါဘဲဖွင့်တာ။ ဒါကကျတော့ သိပ်မပြောပလောက်ဘူးထင်လို့ ကိုယ်တို့ဆို အမြဲ ဆိုင်ပိတ်ခါနီးမှ ပြန်ပါတယ်။

၆. အောင်ချမ်းသာ

ဒီဆိုင်ကတော့ ပါတိတ်မျိုးစုံ ကို ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးနေတဲ့ဆိုင်ပါ။ Triser ဆိုရင်လည်း သူ့ဆိုင်က အထည်တွေက အရောင်ဆန်းပြီး ဈေးမှန်ပါတယ်။ သူက နားဖောက်ခြင်းလုပ်ငန်းလည်းလုပ်ပါတယ်။ သူ့ဆိုင်ရဲ့ အဓိက ချွတ်ယွင်းချက်ကတော့ ဆက်ဆံရေးပါ။ တစ်ခါ ကိုယ်က ကိုယ့်သူငယ်ချင်းကို အဲဆိုင်မှာ နားဖောက်ဖို့ခေါ်သွားတာ နားကပ်ရွေး ဘာရွေးနဲ့ နည်းနည်းတော့ကြာသွားတယ်။ အဲဒါကို သူက ရုပ်တည်ကြီးနဲ့ “နင်တို့ ဖောက်မှာ လား မဖောက်ဘူးလား။ မဖောက်ရင်သွားတော့ ။ငါအလုပ်ရှိသေးတယ် တဲ့” ။အဲဒီ ထဲက လန့်သွားတာဘဲ။ သူတို့က ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းပါ။ ဒါပေမယ့် ဘယ်လောက်ဘဲ ရှိရှိပါ ကိုယ့်ဆိုင်လာတာ ကိုယ့် Customer ဘဲပေါ့။ ကောင်းကောင်းမွန်မွန်ဆက်ဆံ ရမှာပေါ့၊ ဟုတ်ဖူးလား စာဖတ်သူတို့ရေ..

ကဲ အတင်းတုတ်ရတာလည်းမောသွားပြီ။

အားလုံး အားလုံး စေတနာကောင်း အနံ့အသက်များကင်းပြီး စားကောင်းသောက်ဖွယ်များ ရောင်းနိုင်ကြပါစေရှင်။ လူကို လူလို့ဆက်ဆံပြီး “Customer is always right.” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားနိုင်ကြပါစေ။

မည်သူ မည်သူကိုမှထိခိုက် နစ်နာလိုစိတ်မရှိပါ။ အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း ကိုယ်တွေ့ကြုံရသည်များကို ရေးသားခြင်းဖြစ်ပါသည်။

ပုံကို ဒီက ယူပါတယ်။


ရူပဗေဒ ပါမောက္ခ ဒေါက်တာ စိန်ထွန်း

ရူပဗေဒ ပါမောက္ခ ဒေါက်တာ စိန်ထွန်း
B.Sc. Physics 1966, RASU
Ph.D. X-Ray Crystallography 1973, University of Surrey



ဆရာကြီးက ဇန်န၀ါရီ လ ၂၄ မှာ ကင်ဆာရောဂါ နဲ့ Heart attack ဖြစ်ပြီး ဆုံးတာလို့ သိရပါတယ်။

ဆရာကြီး ကွယ်လွန်သွားတဲ့ အတွက် ဇနီးဖြစ်သူ ဒေါ်တင်မူသိန်း သားကြီး ကျော်ကျော် စိန်ထွန်း သားငယ် နိုင်နိုင်စိန်ထွန်း တို့နှင့်ထပ်တူထပ်မျှ ကြေကွဲ ၀မ်းနည်းရပါကြောင်း။

မြန်မာ့နိုင်ငံ ပညာရေး အနာဂတ် အတွက် အဖိုးတန်ကြယ်တစ်ပွင့် ကြွေခဲ့ရပြန်ပြီပေါ့။

ပုံကို ဒီက ကူးယူပါတယ်။

မြန်မာ့တေးဂီတပဒေသာပင်ပွဲကြီး (စင်ကာပူ)


တရုတ်နှစ်ကူး ရုံး ၄ ရက်ပိတ်တာ သွားနာနေတာနဲ့ ဘယ်မှ မသွားဖြစ်ပါဘူး။ စနေနေ့ ၅ ရက်နေ့ကျ တော့ သက်သာတာနဲ့ အဲဒီပွဲကို သွားကြည့်ဖြစ်ပါတယ်။

လက်မှတ်ကဈေးကြီးတာနဲ့ အနည်းဆုံးတန်း ၅၀ တန်းကနေဘဲ ကြည့်ဖို့ ၀ယ်ထားပါတယ်။

Kallang MRT ကို 12း00 လောက်ရောက်ခဲ့ပြီး အဲဒီကနေ ကိုယ်ရယ်၊ ကိုယ့်လက်တွဲဖော်ရယ် ၊ ပြီးတော့ ကိုယ့်သူငယ်ချင်းယောကျာ်းလေးတစ်ယောက် ရယ် Kallang ကနေ ရှိုးကျင်းပမယ့် Singapore Indoor Stadium ကို Taxi ငှားပြီးသွားခဲ့ပါတယ်။

Stadium ကတော်တော်ကြီးပါတယ်။ ကိုယ်ဒီလောက်ကြီးတဲ့ Indoor Stadium မျိုး တွေ့ဖူးတာ ဒါပထမဆုံးပါဘဲ။ ၁၂း၃၀ လောက်ကျတော့ ပွဲစတင်ပါတော့မယ်ဆိုပြီး ကြေငြာပါတယ်။ လူတွေလည်း တဖွဲဖွဲ နဲ့ ရောက်လာပါတယ်။ ကိုယ်တို့ အထဲရောက်ပြီး မကြာခင်မှာဘဲ ပွဲကို စဖွင့်ပါတယ်။

ဖိုးသောကြာ ကမြန်မာသံစဉ်တေးတစ်ပုဒ် နဲ့ ပွဲကို စပြီးဖွင့်ပါတယ်။ Sound System ကလည်း တော်တော်လေးကို ကောင်းပါတယ်။ Stage စင် နှစ်ဖက်မှာ ရှိတဲ့ projector နှစ်ခုကလည်း ကိုယ်တို့လို ၅၀ တန်းဝယ်ထားတဲ့ သူတွေအတွက် စင်တစ်ခုလုံးမြင်ရအောင် ပံ့ပိုးပေးထားပါတယ်။ အလကာင်္ဝတ်ရည် ၀ိုင်းတော်သားများရဲ့ လက်သံဟာလည်း ပြောင်ပြောင်မြောက်မြောက်ကြီးကို ဟိန်းထွက်နေပါတော့တယ်။ ဖိုးသောကြာ ကဒုတိယပိုင်းမှာ သူ့အဖေ ဆိုခဲ့ တဲ့ “နဂါးနီ” သီချင်းကို သေသေသပ်သပ်နဲ့ဆိုပြ သွားခဲ့ပါတယ်။ အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် ဖိုးသောကြာရဲ့ မွေးနေ့ပါတဲ့ ။Happy Birthday ဖိုးသောကြာ။:)

ဟင်္သာတထွန်းရင် ကလည်း သူရဲ့အကျော်ကြားဆုံးတေးတစ်ပုဒ်ဖြစ်တဲ့ “မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်” ဆိုတဲ့ သီချင်းကို အနှစ်သာရပြည့်ပြည့် နဲ့ သီဆိုသွားခဲ့ပါတယ်။

ဘိုင်စကုပ်ထဲ ကမေချိုကလည်း ကိုယ့်အကြိုက်ဆုံး သီချင်းဖြစ်တဲ့ “တက္ကသိုလ်ကျောင်းက ငွေလမင်း” သီချင်းကို ငှာန်ကရိုင်း ကျကျသီဆိုသွားခဲ့တာ သီချင်းထဲမှာ နစ်မျောပြီး သီချင်း ပြီးလို့ ပြီးမှန်းတောင် မသိလောက်အောင် ကောင်းခဲ့ပါတယ်။

နောက်တစ်ယောက်က လူငယ်မြန်မာ ခောတ်ဟောင်းတေးသံရှင် ပိုင်သက်ကျော်ရဲ့ အလှည့်ပါ။ ပိုင်သက်ကျော် ရဲ့ သီချင်းတွေကို မကြားဖူးပေမယ့် သူရဲ့ အသံအားကောင်းကောင်းနဲ့ဖျော်ဖြေတင်ဆက်မှုဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရအောင်ယူနိုင်ခဲ့ပါတယ်။ မွေးရာပါ လက်ကလေးနှစ်ဖက်တိုနေပေမယ့် မိုက်ကရိုဖုန်းကို အဲဒီလက်ကလေးနဲ့ရအောင် ကိုင်ပြီး သီဆိုနိုင်ခဲ့လို့ ဆုတော်ငွေများချီးမြှင့်ခြင်းကို ခံခဲ့ရပါတယ်။

နောက်တစ်ယောက် ကတော့ ပိုးအိစံပါ။ ကျွန်တော့်မမ ပုသိမ်သူ ချောပုံ ယဉ်ပုံ လှပုံတစ်မူ လို့ အစပျိုးကာ ပြောစရာမရှိအောင် လှလှပပလေး သီဆိုနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းမှာ တော့ သူ့ကို တော်တော်လေးစိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ သူသီချင်းထဲမှာ ကိုယ်မကြိုက်ဆုံးဖြစ်တဲ့ အကဲလေး အကဲလေး ဆိုတဲ့ သီချင်းကို ကြားလိုက်ရတော့ တော်တော်လေးကို စိတ်ပျက်မိပါတယ်။ ဒီလောက် သီချင်းကောင်းတွေရှိရဲ့သားနဲ့ ဘာလို့ ဒီသီချင်းကို မှ ရွေးဆို ရတာပါလိမ့်။

နောက် ဆုံး တစ်ယောက်ကတော့ ဆံပင် တင်ပါးဖုံးအောင် ရှည်လျားနက်မှောင် ပြီး မြန်မာဆန်ဆန်လေးလှနေတဲ့ စိုးစန္ဒာထွန်း ပါဘဲ။ ချမ်းမြေ့ပါစေ ဆိုတဲ့ သီချင်းကို သူ့အသံအေးအေးချမ်းချမ်းလေးနဲ့ အပိုအလိုမရှိသီဆိုသွားတာဟာ ရင်ထဲကို တကယ်ချမ်းမြေ့စေပါတယ်။
ဒီမှာတင် အလကာင်္ဝတ်ရည်ရဲ့ အစီအစဉ်ပြီးဆုံးသွား ပါပြီ။

နောက်… မြူးကြွတဲ့ DJ ခြစ်သံနဲ့ အတူ သီဆိုသွားတဲ့ သူကတော့ “Srawberry ကလဲကောင်း ချော ကလက်ကလည်းကောင်း .Good..Good..Good Morning” ကြော်ငြာတဲ့ ကောင်လေး လဲ ဖြစ်၊ အောင်ကိုလတ်ရဲ့ သားလဲဖြစ်တဲ့ J.Me ဘဲဖြစ်ပါတယ်။ ကိုယ်က Hip Hop သိပ်မနားထောင်တတ်တော့ သူဘာသီချင်းဆိုသွားတာလဲတော့ မသိပါဘူး။ ဒါပေမယ့်တော် တော်တော့ ကောင်းတယ်။ နောက် R.ဇာနည်နဲ့တွဲပြီး အပြစ်မတင်ရက်ပါ သီချင်းကို သီဆိုသွားတာလည်းပြောစရာမရှိအောင် ကောင်းပါတယ်။

နောက် အေသင်ချိုဆွေ က လည်း လေပြေ ဆိုတဲ့ သီချင်းညိမ့် ညိမ့်လေးနဲ့ ဖျော်ဖြေ သွားပါတယ် ။ နောက်တစ်ပုဒ်က တော့ သြရသနဲ့တွဲပြီး သီဆိုတဲ့ လမ်းမခွဲကြေး ပါ။ နားထောင်လို့ကောင်းပါတယ်။

မြန်မာ မိန်းကလေး rapper တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင် ကလည်း “လာမချုပ်နဲ့” ဆိုတဲ့ hip hop သီချင်းနဲ့ မြူးမြူးကြွကြွလေး ဖျော်ဖြေ သွားပါတယ်။ ဒုတိယပိုင်းမှာ တော့ Jenny နဲ့တွဲပြီး ကြာပါတယ်ကွာ သီချင်း ကို အကလေးတွေနဲ့ တင်ဆက်သွားပါတယ်။

နောက် မိုင်နဲ့ ရတနာမိုင်ကတော့ သူတို့ရဲ့ မူပိုင်သီချင်းဖြစ်တဲ့ “မေမေ သမီးကို ပြောပြောနေတယ်။ ” နဲ့အစချီတဲ့ သီချင်းတစ်ပုဒ်ကို သီဆိုသွားပါတယ်။

နောက် Rapper ယုန်လေး က Rap သီချင်းခပ် မြူးမြူးတစ်ပုဒ်ရယ်၊ နောက် ရတနာမိုင် က အချစ်အတွက် ကံမကောင်းခဲ့သူ သီချင်းကို L ဆိုင်းဇီ မလာတဲ့အတွက် ယုန်လေးကို ကူညီ သီဆိုပေးသွားပါတယ်။ နားထောင်လို့ကောင်းတဲ့ သီချင်းအေးအေး လေးတစ်ပုဒ်ပါ။

စိုင်းစိုင်းကတော့ တောဂေါလီ ရယ် ဖုတ်လိုက်ဖုတ်လိုက်သီချင်း ရယ် နဲ့ ပရိသတ် ရဲ့ လက်ခုပ်သံကို ရအောင်ယူသွားပါတယ်။ ကိုယ်အရင်က စိုင်းစိုင်း ကို တယ်မကြိုက်လှပါဘူး။ ဒါပေမယ့် သူရဲ့သဘာ၊ ပရိသတ်ရဲ့ အားပေးမှုကို ရအောင်ယူသွားတဲ့ သူရဲ့ performance ကနေ အရင်က စိုင်းစိုင်းမကြိုက်တဲ့ ကိုယ်တောင် နောက်ဆိုရင် သူ့ပွဲ ကို သွားကြည့်ဖြစ်အောင် ကြည့်မယ်ဆိုတဲ့ စိတ်တစ်ခု ၀င်လာအောင် ညှို့ယူသွားပါတယ်။ ဒုတိယပိုင်း မှာတော့ February မှတ်တမ်းသီချင်းကို သီဆိုသွားပါတယ်။

Hip Hop ၀ိုင်းမှာ ကိုယ်အမြင် ကတ်ပြီးခဲနဲ့ ပေါက်ချင်တဲ့ လူငယ်နှစ်ယောက်ရှိပါတယ်။ ဂျောက်ဂျက် နဲ့ သူနဲ့ တွဲဆိုတဲ့ တစ်ယောက်ပါဘဲ။ သီချင်းစဆိုကတည်းက မေးတဲ့မေးခွန်းကို က “ခင်ဗျားတို့ GeyLand ရောက်ဖူးလားတဲ့”။ ပရိသတ်ကို ဆဲနေသလိုဘဲ သီချင်းစာသားတွေက။ တော်တော်နားကလောတယ်။

နောက်တစ်ဝိုင်းကတော့ Aurora ပါဘဲ။ မဆွေလို့ခေါ်တဲ့ မေဆွိက သူရဲ့ ရွှေရောင်အိပ်မက် သီချင်းနဲ့ စဖွင့်ပါတယ်။ နောက်တော့ နွဲ့ယဉ်ဝင်းက မနဲ့မောင် သီချင်း၊ ဟေမာ က ဂျင်းပန်အပြာ၊ ခိုင်ထူး နဲ့ စိုးပိုင် ကတော့ ဘာသီချင်းမှန်းတော့သိဘူး တော်တော်တော့ ကောင်းတယ်။ နောက်ဘိုဘိုဟန် က တတိယမြောက် ရည်းစားစကား ၊ ဘိုဖြူက မြေနီလမ်းနဲ့ playboyသန်းနိုင်က ဆု သီချင်းတို့ကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး သီဆိုဟစ်ကြွေးသွားပါတယ် ။ မြန်မာ ပြည်သိန်းတန်ရဲ့ ရွှေသုန္ဒရီ၊ ငယ်ဘ၀ကို အမှတ်ရစေတဲ့ ကိုင်ဇာရဲ့ မိုးသီချင်း တို့ကလည်း ထကချင်စိတ်ပေါက်အောင်ကို ကောင်းလွန်းလှပါတယ်။

နောက်တစ်ဝိုင်း ကတော့ Lazy Club ပါ။ “ပရိသတ်ကြီး။ အဆင်ပြေလား ။အဆင်ပြေရင် လက်ခုပ်သံလေးကြားချင်တယ် ” လို့အမြဲပြောတတ်တဲ့ အာဇာနည် ရဲ့ အသည်းကွဲမြို့တော်၊
အေးစိမ့်စိမ့် တီးလုံးလေးနဲ့ အတူပျံ့လွင့်လာတဲ့ “မင်းအတွက်ဆိုရင်” ဆိုတဲ့ သီချင်းကို ခပ်အေးအေးလေးသီဆိုသွားတဲ့ ဇော်ပိုင်၊ ပျော့ပျော့ပြောင်းပြောင်း ငြိမ့်ငြိမ့်ငြောင်းငြောင်း လေးသီဆိုသွာတဲ့ ချမ်းချမ်း ရဲ့ “ညှို့နိုင်လွန်းတဲ့ ကျမချစ်သူ”၊ ချင်းတိုင်းရင်းသူမလေး ဆုန်သင်းပါရ်ရဲ့ “အကြင်နာစစ်ရင်”၊ အဆိုပိုင်တဲ့ ၀ိုင်းဆု ရဲ့ မက်လောက်စရာ စတဲ့ သီချင်းတွေကို ပေါ့ပေါ့ပါးပါး မြူးမြူးကြွကြွ သီဆိုသွားခဲ့ပါတယ်။

နောက်ဆုံ ကိုညီထွတ် ဦးစီးတဲ့ Emperor တီးဝိုင်းရဲ့ အလှည့်ပါ။ ကိုရင်ဂို က အချစ်ဟာမီးလား သီချင်း နြဲ့ပင်းပြင်းထန်ထန်ကို စတင်ပါတယ် ။ ဒုတိယပိုင်းမှာတော့ ကံကောင်းခြင်းလက်ဆောင် သီချင်းကို အား၇ပါးရသီဆို ဖျော်ဖြေသွားပါတယ်။

နောက် မာရဇ္ဇ က စိတ်ဓါတ်ကျတယ် ဆိုတဲ့ သီချင်း ရယ်၊ အလွမ်းမိတ်ဆွေ လို့ထင်တာဘဲ နောက်တစ်ပုဒ်က မမှတ်မိတော့ဘူး။ပြီးတော့ ဆုံးရှူံးရတော့မလား ဆိုတဲ့ သီချင်းနဲ့ အဆုံးသတ်ပါတယ်။

နောက် ဦးချစ်ကောင်းကတော့ ချစ်ဖူးတယ်၊ မာယာတွေရိုးနေပြီ ဆိုတဲ့ သီချင်း နှစ်ပုဒ်ကို သီဆိုပြီးဒုတိယပိုင်း မှာ အလှည့်ရယ် ၊ကော်ဖီခါးခါး ရယ်ဆိုတဲ့ သီချင်းကို သီဆိုသွားပါတယ်။ သူပါရင် အမြဲ သူက ပွဲထိန်းတတ်ပါတယ်။ သူ့ကို လူငယ်ကော လူကြီးတွေပါ တော်တော်လေး သဘောကျ ကြတယ်။ သူက ဆိုတာကောင်းသလို ပရိသတ်ကို talkie လေးလည်း ပစ်တတ်တယ်။

နောက်ဆုံးကတော့ ကိုညီထွတ်ပါဘဲ။ ၀တ်ကြွေး၊ အနှိုင်းမဲ့ ၊ ဆေးပေါင်းခတဲ့ ည ၊ နဲ့ နောက်နှစ်ပုဒ်ကို အားရအောင် သီဆိုသွားပါတယ်။


အားလုံးခြုံကြည့်ရင် ဒီပွဲက ပရိသတ်တွေအတွက် ကြည့်ရတာတန်တဲ့ ပွဲပါ.။ ပွဲသွင်းသူ တွေကတော့ မတန်ပါဘူး။ကြီးကျယ် လှတဲ့ Stadium ကြီးငှားခကဘဲ တော်တော်များနေပြီ။ ပြီးတော့ ရုံပြည့် လူမ၀င်ပါဘူး။
ကိုယ့်အထင်ပေါ့နော်. လူတွေက အဲလို ၀ိုင်းအများကြီး၊ အဆိုတော်တွေအများကြီးဆိုတော့ ဗျောက်သောက် ဖြစ်နေတာပေါ့။ တစ်ခုခုကို specialize လုပ်ပြီး သွင်းသင့်တယ် လို့ထင်တယ်။ ခုက အချိန်က ၈ နာရီနဲ့ ဆိုရမယ့်လူက အများကြီးဆိုတော့ တစ်ယောက် တစ်ပုဒ်နဲ့ ဆင်းလိုက် တက်လိုက်ဆိုတော့ နားထောင်၇တဲ့ ပရိသတ်ကလည်း အားမရဘူး။ အဆိုတော်က လည်း ဆန့်ငင်ဆန့်ငင်နဲ့ ဖြစ်နေတာပေါ့။ ပြီးတော့ ၈ နာရီလုံးလုံး break မပေး ဘာမပေးနဲ့ဆိုတော့ အီလာတာပေါ့နော်။ ဒါပေမယ့် အဆိုတော်တွေက သူတို့တွေရဲ့ performance နဲ့ ပရိသတ်တွေကို မငြီးအောင် ထိန်းပေးပါတယ်။ ဘာဘဲပြောပြော ဒီပွဲကြည့်ရတဲ့အတွက် ကိုယ့်အနေနဲ့ကတော့ ပွဲစီစဉ်သူ တွေရော အဆိုတော်တွေရောကို ကျေးဇူးအထူးတင်ရှိပါတယ်။