ဖြစ်ပျက်ခဲ့ သော နှင့် ရည်ရွယ်ထားသော (အတိတ် နှင့် အနာဂတ်)


ကိုယ် ဒီပို့စ် လေးမှာ ကိုယ် အတိတ်မှာ ဖြစ်ပျက် ခဲ့တာတွေ နဲ့ အနာဂတ် အတွက် ကိုယ်ရည်ရွယ်ထားတဲ့ အရာလေးတွေကို ချရေးချင်ပါတယ်။
ကိုယ် အသက် က ဒီ April ဆိုရင် ၃၂ နှစ်ပြည့်လို့ ၃၃ ထဲကို ချဉ်းနင်းဝင်ရောက် ပါတော့မည်။ ဒီစင်ကာပူ မှာ စပြီးနေထိုင်ခဲ့တာ ဒီနှစ် February ဆိုရင် ၇ နှစ် တင်းတင်းပြည့်ခဲ့ပြီ။ အချိန်တွေရယ် အကုန်မြန်ပါဘိနှယ်။ ကိုယ်မှတ်မိပါသေးသည်။ ကိုယ် ဒီစင်ကာပူကို စရောက်လာ တုန်းကပေါ့။



၂၀၀၆ ခုနှစ် - အဲဒီတုန်းက ကိုယ့်အမ ရဲ့ ထောက်ခံစာနဲ့ နေထိုင်ခွင့်ပေးထားတဲ့ social visit pass လေးနဲ့ပေါ့ ။ အလုပ်ရှာတာနဲ့  မရတော့ ဒီရောက်ပြီး ၄ လ လောက်မှာ ကိုယ် Acccounting ကျောင်းတစ်ခုကို အပ်ထားတာပေါ့။ နောက် ဒီနိုင်ငံရဲ့ အစိုးရကျောင်း ကို ၀င်ခွင့်လည်း ဖြေထားသေးတယ်။ student pass က မကျသေးတော့ ICA ကို နှစ်ပတ် တစ်ခါ လောက် ကိုယ့်မှာ ပြေးလိုက်ရတာ။ အဲလို extension တိုးရင်း တိုးရင်းနဲ့ နောက်ဆုံးတစ်ခေါက်မှာ ကိုယ့်ကို သူတို့ က တစ်ပတ်ဘဲ တိုးပေးတော့တယ်။ လေယာဉ် လက်မှတ်လည်းပြရတယ်။ လာမယ့် စနေဆို ရင် ပြန်ရမယ်တဲ့။ ပြန်ဖို့လည်း သင့်နေပါပြီ။ စင်ကာပူ မှာ social visit pass နဲ့ ၆ လ လောက်နေရတာ ခေတဲ့ ကံ ရယ်တော့မဟုတ်ပေဘူး။ ဒီလိုနဲ့ ပြန်ဖို့ တွေးရင်းစိတ်ညစ်နေခဲ့ တယ်။ အလုပ်ကလည်း ဘယ်အလုပ် ကမှ မခေါ်ဘူးလေ။ အဲလိုနဲ့ ကြာသပတေးနေ့ရဲ့ သာယာတဲ့ ညနေခင်းတစ်ခုမှာ Accounting ကျောင်းက ကိုယ့်ဆီကို ဖုန်းဆက်လာတယ်။ student pass ရပြီတဲ့။ ကျောင်းလခ အမြန်လာသွင်းပါတဲ့။ ဒီလိုနဲ့ အမကို ခေါ်ပြီး ကျောင်းလခသွားသွင်းခဲ့တယ်။ ပြီးတော့ ICA မှာ student pass သွားထုတ်တယ်။ စနေနေ့ကျ တော့ ကိစ္စ ၀ိစ္စ တွေ ပြီးသွားတယ် ဆိုပါတော့။ နောက်တစ်ပါတ် ကျရင်တော့ ကျောင်းသွားတက်ရတော့မယ်။ ဒီလိုနဲ့ ကျောင်းတက်ဖို့ရက်ကို စောင့်နေရင်းမှာဘဲ  ၀င်ခွင့်ဖြေထားတဲ့ အစိုရးကျောင်း ကလည်း ဖုံးဆက်ပြီး တက်ခွင့်ရကြောင်းပြောတယ်။ ဟိုဘက်မှာလည်း ကျောင်းလခ ကသွင်းပြီးပြီ။ ဒီဘက်ကလည်း အစိုးရကျောင်းဆိုတော့ ဝေခွဲရခက်နေတော့တာပေါ့။ ဒါနဲ့ ကိုယ့်အမက  အစိုးရကျောင်း က ဟိုမှာ ရခဲ့တဲ့ ဘွဲနဲ့ လည်းဆက်စပ်မှု ရှိတယ်။ ပြီးတော့ on job training လည်း ပေးမယ်။ ပြီးတော့ ကျောင်းပြီးတာနဲ့ PR လည်း လျှောက်လို့ရမယ် ဆိုတော့ ဟိုဘက်က ကျောင်းလခကို အဆုံးခံ ပြီး  ဒီဘက်ကိုဘဲရွေးချယ်ခဲ့တယ်။ အဲဒါနဲ့ ICA ကို ကျောင်းသားကဒ် လဲလှယ်ဖို့ ရာ အတွက် နောက်တစ်ခေါက် ရောက်ခဲ့ရပြန်တယ်။

၂၀၀ရ ခုနှစ် -  ကျောင်းပြီးလို့ အလုပ်ရှာ ။ အလုပ်ရှာတော့လည်း ကိုယ်က အလုပ် experience မရှိတော့ ရှာရခက်လိုက်တာ။ ကံကောင်းချင်တော့ မြန်မာ နိုင်ငံမှာ ကတည်းက အရမ်း လုပ်ချင်ခဲ့ တဲ့ Total မှာ အလုပ်ရခဲ့တယ်။ ကံဆိုးချင်းတော့ အလုပ်က Contract ဖြစ်နေခဲ့တယ်။ ကံကောင်းချင်တော့ ကိုယ် ရဲ့ မန်နေဂျာ ကပြင်သစ်နိုင်ငံသား တစ်ယောက်၊ သူ့နာမည်က  Romain Giraud တဲ့။ သူ က အရမ်းချော သလောက် အရမ်းလဲ သဘောကောင်းပြီး ကိုယ့် ကို အလုပ်ကိစ္စ တွေပါမက communication ကို ပါသင်ပေးခဲ့တယ်။ အလုပ်ရတော့ ကျောင်းက Invitation letter ရယ် အလုပ်ခန့်စာရယ် နဲ့ PR လျှောက် ။ နှစ်လလောက်နေတော့ PR ရ။ ဒီလောက်ပါဘဲ။

၂၀၀၈ ခုနှစ်- ဒီနှစ် ကတော့ ကိုယ့်ဘ၀ရဲ့ တစ်ဆစ်ချိုးပေါ့။ ကိုယ့် ဘ၀ရဲ့ လက်တွဲဖော် နဲ့ ရွှေဂဟေဆက်ကာ လက်ထပ်ထိမ်းမြားခဲ့ ကြတယ်။

၂၀၀၉ ခုနှစ် - ကိုယ့်တို့ကို တစ်သက်လုံး လိုလေသေးမရှိ ရှာဖွေ ပြုစုခဲ့တဲ့ ကိုယ်ရဲ့ မိဘနှစ်ပါးကို ကိုယ်နဲ့ ကိုယ့်အမတိုင်ပင်ပြီး စင်ကာပူမှာ အပြီးအပိုင် ခေါ်ထားနိုင်ခဲ့တဲနှစ်ပေါ့။ ကိုယ် မိဘကို ကိုယ် ပြန်လုပ်ကျွေးနိုင်ခဲ့တယ် ဆိုပေမယ့် သူတို့ ကိုယ်တွေကို ပြုစု စောင့်ရှောက် ခဲ့တာနဲ့ ယှဉ်ရင် ဒါတွေဟာသဲကန္တာရ ထဲက သဲတစ်မှုန့် လိုပါဘဲ။ အဖေ နဲ့ အမေက ဒီမှာ နေရတာ စိတ်ချမ်းသာတယ်တဲ့။ ဘာလို့လည်းဆိုတော့ ဘုရားတရား ကို အချိန်ပြည့်လုပ်နိုင်လို့တဲ့။ မြန်မာပြည်မှာ နေရင်းမြေးနှစ်ယောက်ကြောင့် စိတ်ရှုပ်ပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးတဲ့။ ကိုယ်တကယ် ပီတိဖြစ်ရပါတယ်။ ခုဆိုရင် သူတို့တွေ နောက်ဆုံးရင်ဆိုင် ရမဲ့လမ်း ကို ရဲရဲတင်းတင်း တည်တည် ငြိမ်ငြိမ်နဲ့ ဖြတ်ကျော်နိုင်လိမ့်မယ် လို့ကိုယ်ယုံကြည်ပါတယ်။ ကိုယ်တို့ ကိုယ့်မိဘကို အကောင်းဆုံးကျေးဇူး ဆပ်ခြင်းနဲ့ ဆပ်နေပါတယ်။ အဲဒီ အကျိုးကျေးဇူးတွေကြောင့် ကိုယ်တွေလည်း ဘုရားတရားနဲ့ အနီးဆုံးကို ရောက်ရှိခဲ့ပါတယ်။ ခုဆိုရင် ကိုယ်တို့အိမ်မှာ အများဆုံး ပြောဖြစ်ခြင်းက ဘုရားတရားစကားပါဘဲ။ ကိုယ့်အဖေ ရယ် ကိုယ်အမေရယ် ကိုယ့်အမရယ် ကိုယ်ရယ် လေးယောက်သား စကားပြောရင်း တစ်ယောက်မှားနေတာကို တစ်ယောက်က ထောက်ပေးရင်း၊ ကိုယ့်အထင် နဲ့ သူ့အမြင်တင်ပြခြင်း တို့နဲ့ ကိုယ်တို့အိမ်လေးဟာ ရုံးပိတ်ရက်များဆိုရင် စီညံနေတတ်ပါတယ်။ သူ့တုန်းက တော့အမေ့ကို အရမ်းချစ်ခဲ့ ပြီး ခုမှ သားသမီးတွေကို အိမ်ထောင်ရေးဟာ ကိုးကွယ်ရာ အစစ်မဟုတ်ဘူးလို့ အမြဲဆုံးမတတ်တဲ့ ကိုယ့်ဖေဖေ၊ အဖေ့ကို အမြဲ အနိုင်ယူပြီး အဖေကြိုက်တတ်တဲ့ ဟင်းတွေကို အဖေနဲ့ ရန်ဖြစ်တဲ့ နေ့ကလွဲလို့ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပေးတတ်တဲ့ ကိုယ့်မေမေ၊ အရာရာတိုင်း ကို ခွဲခြမ်း စိတ်ဖြာ ပြီး တစ်ခါတစ်လေ သူ့အမှားကို ၀န်မခံတတ်တဲ့ ကိုယ့်အမ ၊ စကားပြောရင် အနိုင်ယူပြီး ၀ူးတူးဝါးတားပြောတတ်တဲ့ ကိုယ်၊ စရိုက်တမျိုးစီနဲ့ ပြောဆိုဆွေးနွေး အဖြေထုတ်ကြရင်း နဲ့ တစ်နေ့ တစ်နေ့ အချိန်တွေဟာကုန်လွန်လာပါ တော့တယ်။  

၂၀၁၀ ခုနှစ်- ဒီနှစ် က ကိုယ့်ဘ၀မှာ အပြိုင်အဆိုင်များ တဲ့ နှစ် ဒါမှမဟုတ် လူတွေရဲ့ အကြောင်းကို ပိုပြီးသိလိုက်တဲ့ နှစ် လို့ဘဲပြောရမလားဘဲ။ ကိုယ် ဘွဲ့လွန် ဒီဂရီ တစ်ခု တက်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက် ကသူများကို ပြိုင်ဆိုင်ချင်စိတ်မရှိခဲ့ပါဘူး ။ ဒါပေမယ့်ကိုယ့်ကို လာပြိုင်တယ်၊ လာစီးပိုးတယ်ထင်ရင် ကိုယ်က အဲဒီ လာပြိုင်တဲ့သူထက် တစ်နေရာမဟုတ် တစ်နေရာမှာ ပိုပြီး စီးလိုက်ရမှ ကျေနပ်တဲ့ လူမျိုးပါ။ ဒါတွေဟာ ဘုရားမကြိုက်တဲ့ အလုပ်မှန်းလည်း သိသိကြီးနဲ့ကို ကိုယ့်စိတ်ရဲ့အလိုကို ကိုယ်မလွန်ဆန်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကိုယ် အဲဒီဘွဲ့လွန်ဒီဂရီကို မရခဲ့ပါဘူး။  အိမ်ထောင်ဘက် အတွက်ပေးရတဲ့ အချိန်ရယ်၊ မိဘအပေါ် ပေးရတဲ့အချိန်ရယ် ၊ အလုပ်ရယ် ဆိုတော့ ကိုယ့်မှာ ကိုယ်ပိုင်စာကြည့်ချိန် ဆိုတာ သိပ်မရှိခဲ့ပါဘူး။ ကိုယ့်အဲဒီ ဒီဂရီကို မရတော့သိပ်ခံစားခဲ့ရပါတယ်။  နောက်တော့ ကိုယ်တရားတွေထိုင်ရင်း တရားတွေနာရင်း ဒါတွေဟာတကယ်တော့ လူ့ဘ၀မှာ အရေးကြီးလှတဲ့ အစိတ်အပိုင်း မဟုတ်ဘူးဆိုတာ နားလည်လိုက်တယ်။ ကိုယ့်အတွက် ဒီဘွဲ့ကြီးတစ်ခု တိုးလားလို့လည်း ဘာမှ ထူးဆန်းတာမျိုးကြီး ဖြစ်သွားတာမှမဟုတ်တာ။ ကိုယ်သိလိုက်ရတဲ့ သင်ခန်းစာက လူတွေကို စိတ်နှစ်ပြီး မပေါင်းဖို့နဲ့ တစ်ယောက်တည်းနေ တစ်စိတ်တည်းထားတတ်ဖို့ပါဘဲ။

၂၀၁၁ ခုနှစ် - ကိုယ့်ရဲ့ပြင်သစ်မန်နေဂျာလေး ထွက်ခွာသွားပြီးတဲ့နောက်မှာ ကိုယ် အလုပ်မပျော်တော့တာ ကတစ်ကြောင်း၊ အဲဒီအလုပ်မှာ ကြာလာတာကတစ်ကြောင်းရယ်ကြောင့် ကိုယ်အလုပ်နောက်တစ်ခု ပြောင်းခဲ့တယ်။ ခုလက်ရှိလုပ်နေတဲ့ Company ပဲပေါ့။ ဒီ Company ကလည်း ကိုယ့် အရမ်းလုပ်ချင်ခဲ့တဲ့ Company တွေက တစ်ခုပေါ့။ Interview ခေါ်ပြီးတစ်ပါတ် အတွင်းမှာ အကြောင်းပြန်။ နောက်တစ်လကျတော့ အလုပ်စဆင်း ပေါ့။ ကိုယ် ဒီ Company မှာ အရမ်းပျော်တယ်။ လူတွေရဲ့ စိတ်နေစိတ်ထား၊ ကိုယ်နဲ့ လက်တွဲလုပ်ရတဲ့ ကိုယ်ရဲ့ Senior တွေကလည်း အရမ်းတော် တော့ ကိုယ့်မှာ သင်ယူ လို့ မကုန်နိုင်တဲ့ New Technology တွေကို သင်ယူရင်း တစ်စနဲ့ တစ်စနဲ့ အချိန်တွေ ကုန်လွန်လာခဲ့တယ်။

၂၀၁၂ ခုနှစ်- ဒီနှစ်က နည်းနည်း ထူးခြားတဲ့ နှစ်လို့ ပြောလို့ရတယ်။ ဘာလို့လည်းဆိုတော့ အရင် တုန်းက ကိုယ့်ကိုယ်ကိုယ် confident ရှိတယ်လို့တစ်ခါမှမခံစားရခဲ့ဖူးဘူး။ ဒါပေမယ့် ထူးထူးခြားခြား ဒီနှစ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိလာတယ်။ ဒါဟာ အလုပ်ကပေးလိုက်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါ။ အရင်တုန်းကဆိုရင် ကိုယ် အလုပ်လုပ်နေတဲ့ ဘာသာရပ်နဲ့ ပတ်သတ်ပြီးမေးရင် အဖြေဟာ မှန်လား၊ မှားလား ဆိုတာ ကိုယ်ကိုယ်တိုင်တောင် မသိအောင်ေ၀၀ါးနေတတ်တယ်။ ကိုယ်က ကံတော့ကောင်းတတ်တယ်။ ဒီအလုပ်က မန်နေဂျာက မလေးတရုတ်။ သူက Technical သိပ် မသိပေမယ့် လူတွေကို manage ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းနားလည်တဲ့ သူတစ်ယောက်။ ဒီအလုပ်စရောက်တော့ သူတို့က ကိုယ့်ကို ကောင်းကောင်း train တယ်။ သင်တန်းတွေလွှတ်တယ်။ ကိုယ်လည်း ၆ လလောက်တော်တော် ပင်ပန်းတယ်။ အဲဒီ နောက်ပိုင်းတော့ ကိုယ်က သူများ ကို ပြန်ပြီး သင်ပေးနိုင်တဲ့အထိ ကိုယ်အလုပ်မှာ ကိုယ်ကျွမ်းကျင်လာတယ်။ ဒါဟာလည်း ကိုယ့် Senior တွေရဲ့ ကျေးဇူးကြောင့်ပါ။ ဒါက အလုပ်ကိစ္စ။

ဒီနှစ်မှာ ကိုယ်လူမှုရေး နဲ့ဘာသာရေး တော်တော်လုပ်ဖြစ်ခဲ့တယ်။ 
လူမှုရေး အနေနဲ့ကတော့ စင်ကာပူ နိုင်ငံ အစိုးရဆီမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာကရုဏာ လူမှုရေး အသင်းအဖွဲ့ကြီးရဲ့ အမာခံ အသင်းဝင်တစ်ယောက်အနေနဲ့ စင်ကာပူရောက် မြန်မာများဧ။် အကျိုးစီးပွားကို ဆောင်ရွက်နေပါတယ်။ အဲဒီအသင်းက အဓိကလုပ်တဲ့ အလုပ်က  အခမဲ့ နာရေးကူညီခြင်းနဲ့ အလုပ်ရှင်၊အလုပ်သမား ပြသနာ များကို ဖြေရှင်းပေးခြင်းဘဲ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ဆေးလာကုရင်း နဲ့ဘဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာ accident ကြောင့် ဘဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ပါက ဒီအသင်းက အခမဲ့ သဂြိုဟ်ပေးခြင်း၊ သရဏံ ဂုဏ် တင်ပေးခြင်း၊ အရိုးပြာများကို လိုချင်ပါက ရယူနိုင်အောင် ဆောင်ရွက်ပေးခြင်း များကို လုပ်ဆောင်ပေးပါတယ်။ ခုဆိုရင် သဂြိုဟ်ခဲ့တဲ့ case ၄ ခုရှိပါသည်။ အားလုံးဟာ လူလတ်ပိုင်း အရွယ်တွေ ပါဘဲ။ ကိုယ်လည်း ဒီအလုပ်လုပ်ရင်း တော်တော်လေး သံဝေဂရပါတယ်။ အာလုံးသော လူတွေဟာ သံသရာတစ်ကွေ့ မှာ ခဏတာတွေ့ကြုံ ကြရတဲ့ ဧည့်သည်တွေပါ။

ဘာသာရေးအနေနဲ့ကတော့ ကိုယ်တရားတော်တော်လေး ထိုင်ဖြစ်ပါတယ်။ မြောက်ဦး ဆရာတော်၊ ဓမ္မဒူတ ဆရာတော် ၊ ပိုင်းလော့ဆရာတော် ၊ကန်ဘဲ့ ဘုရားလေးဆရာတော် စတဲ့ တကယ် ၀ိပဿနာ ဆရာတော်တွေလာတိုင်းမှာ သူတို့ရဲ့ တရားစကားများကို နားထောင်ရင်းနဲ့ တရားထိုင်ချိန် ဆိုရင်တရားထိုင်ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ နေရတာ အဲဒါတစ်ခုတော့ ကိုယ်ကြိုက်နှစ်သက်မိတယ်။  အရင်တုန်းက ဆိုရင် ၁၅ မိနစ်တောင်မှ ဖင်ငြိမ်အောင် မထိုင်နိုင်တဲ့ ကိုယ်က ခုဆို ၁ နာရီကျော်ကျော် ထိုင်နိုင်နေပါပြီ။ ဒီလိုလုပ်နိုင်တာ ကိုယ့်မိဘတွေရဲ့ ကျေးဇူးတွေပါ။ ဘာလို့လည်းဆိုတော့ သူတို့က သူတို့ သွားရင် ဒီသမီးနှစ်ယောက်ကို ပါ အပါခေါ်လို့ပါ။

၂၀၁၃ ခုနှစ်- ကိုယ်တကယ့်ကို ခင်မင်ရတဲ့ သူငယ်ချင်း တွေနဲ့ အစ်ကိုကြီးတွေက ကိုယ်တွေနဲ့ ခွဲခွာပြီး  ခေတ်မှီ ဖွံဖြိုးတော့မယ့် မြန်မာပြည်ကြီးကို အခြေချဖို့ အပြီးပြန်သွားတဲ့နှစ်ပေါ့။ သံယောဇဉ် သံယောဇဉ်။ အနိစ္စ ဘယ်အရာ မှမမြဲဘူးဆိုတာ ကိုယ်သိခဲ့ရတယ်။ ချစ်ခင်သူတွေနဲ့ ခွဲခွာရခြင်းကလည်း ဒုက္ခ ပဲပေါ့။ ကိုယ့်ကိုယ်ကိုယ်တောင် အစိုးမရတာ သူတပါးကို လည်းအစိုးမရ နိုင်တဲ့ အနတ္တ။ စတဲ့ ဘုရားဟောခဲ့ တဲ့ တရားတွေကို သတိလေးထားပြီး ဆင်ခြင်သိမှတ် ပွားများနေမိပါတယ်။

ကိုယ်သူငယ်ချင်းတွေက အိမ်ထောင်သက် နှစ်နှစ် သုံးနှစ်လောက်မှာ ကလေး တွေအသီးသီး ယူကြတယ်။
သူတို့ က ကိုယ့်ကို မေးတယ်။ နင်တို့အိမ်ထောင်သက် လေးနှစ် ရှိပြီတဲ့ ။ ဘာလို့မယူသေးတာလဲတဲ့။ အသက်သုံးဆယ့်ငါးကျော်ရင်ယူဖို့ သိပ်မလွယ်ကူတော့ဘူးတဲ့။
ကိုယ်စဉ်းစားကြည့်တယ်လေ။ ကိုယ်က အရမ်းသံယောဇဉ်ကြီးတတ်တဲ့လူ။ အဓိကတော့ ကိုယ့်မိဘ၊ မောင်နှမ နှင့် ကိုယ့်လက်တွဲဖော်။ သူတို့လိုအပ်တာရှိရင် အရာရာကို ဖြည့်ဆီးပေးချင်တာ ကိုယ့်ဆန္ဒ။ သူတို့တစ်ခုခုဖြစ်ရင် ကိုယ့်မှာ စိတ်ရောလူရော ပင်ပန်းဆင်းရဲရတာ။ ဘယ်လိုမှ နေလို့ထိုင်လို့ကို မရဘူး။ အမှန်တော့ ဒါတွေဟာ သံယောဇဉ် ဆိုတဲ့ ကိလေသာအပူမီးကြောင့် ကိုယ့်ကိုယ်ကို လောင်မြိုက်စေတာ ပါဘဲ။ သံသရာတစ်လျှောက်လုံးမှာလဲ ဒီသံယောဇဉ်တွေကြောင့်ဘဲ အဖန်တလဲလဲ လည်နေခဲ့ပြီးပြီ။ ရှိပြီးသား သံယောဇဉ်တွေတောင် ဖြတ်ရတာ မလွယ်ကူတာ၊ နောက်ထပ်တစ်ကြိုး ထပ်ချည်ဖို့ ဆိုတာ ကိုယ့်ကိုယ်ကို ဒုက္ခပေးသလို ဖြစ်နေမယ် လို့ထင်ပါတယ်။  ခုခေတ်က ဘုရားပွင့်တဲ့ခေတ် လို့တောင်တင်စားကြပါတယ်။ ဘုရားဟောခဲ့တဲ့ တရားတော်တွေကို ကမ္မာငှာန စရိယ ဆရာတော်တွေက ပြန်ပြီး ဟောပြောပေးနိုင်ခဲ့လို့လေ။ ဒီလို ခေတ်ကောင်းမျိုး ကို မှီရဲ့သားနဲ့ ကိုယ်ကိုယ်တိုင်က တရားမရခဲ့ဘူး ဆိုရင် ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်ရကျိုးမနပ် ဖြစ်သွားမှာပေါ့။

ပြီးခဲ့တဲ့ သောကြာနေ့က သူငယ်ချင်း တစ်ယောက်ကပြောတယ်။ သူ့သူငယ်ချင်း အကိုကြီးတစ်ယောက် ဒီနိုင်ငံရဲ့ PR ကို အပြီးစွန့်လွှတ်ပြီး ရိပ်သာဝင်သွားပြီတဲ့ ။အဲဒီအကိုကြီးက အသက် 35 နှစ်လောက်ဘဲ ရှိသေးတာ။ ကိုယ်လေအဲဒီ သတင်းကို ကြားပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတယ်။ ငါရော အဲဒီလို အင်မတန် မွန်မြတ် ကောင်းမွန်တဲ့ လမ်းကို  ဘယ်တော့များမှ လျှောက်နိုင်မလဲ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ ကိုယ့်လက်တွဲ ဖော်နဲ့ လည်းတိုင်ပင်မိတယ်။ ခုချိန်က ကိုယ့်မိဘ သူ့မိဘ ကို ကျေးဇူး ဆပ်နေတဲ့ အချိန်၊ ကိုယ်တို့ တစ်သက်လုံး ငြိမ်းငြိမ်းချမ်းချမ်း တရားအားထုတ်နိုင်ဖို့ လုံလောက်တဲ့ ပိုက်ဆံ လဲ မရှိသေးတဲ့ အချိန်။ ကိုယ်ကတော့ ကိုယ့် အသက် ၄၀ လောက်ကျရင် တော့ လူ့ဘောင်လောက ကို အပြီးပိုင်စွန့်လွှတ်ပြီး ယောဂီ အဖြစ်နဲ့ဘဲ နေတော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်လက်တွဲဖော်က လည်း ခွင့်ပြုပါတယ်။ ဒါပေမယ့် ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ဆိုတဲ့ အတိုင်း အဲဒီအရွယ် မရောက်မီ ကိုယ်တစ်ခုခု ဖြစ်သွားခဲ့နိုင်တာဘဲ။ အနာဂတ်ကို ကိုယ်မပိုင်ပါဘူး။ လက်ရှိအချိန် ပစ္စုပ္ပန် လောက် မသေချာပါဘူး။ ကိုယ်တကယ် အသက်ရှိ သေးတယ် ဆိုရင်တော့ ကိုယ်ရည်ရွယ်ထားတဲ့ အတိုင်းကိုယ် အကောင်အထည် ဖော်ဖြစ်မှာပါ။ 

* ပုံကို ဒီက ကူးယူဖော်ပြပါတယ်။

No comments: