Happy New Year 2013!!!!!!!

ဒီနေ့ ၂၀၁၂ ကုန်ဆုံးလို့ ၂၀၁၃ ကို ကူးပြောင်းဖို့ အားယူနေတဲ့ နေ့လေးတစ်နေ့ပေါ့။  ဟိုအရင်နေ့ တွေကလို မိုးကောင်းကင်ကြီးဟာ တိမ်လွှာစိုင်တွေနဲ့ ပိန်းပိတ်မနေအောင် နေမင်းကြီးက အစွမ်းကုန် လင်းလက်တောက်ပနေပါတယ်။ လေညှင်းလေးတွေကလည်း  နေမင်းရဲ့ အရှိန်ကြောင့် နွေးနွေးလေးဖြစ်ကာ ကိုယ့်ကို  ညင်သာစွာ ထိကပါး ရိကပါးနဲ့ လှုပ်ရှားသွားလာနေကြတယ်။

ကိုယ်… ၂၀၁၂ မှာ ဘာတွေ ဆိုးတာတွေလုပ်ခဲ့သလဲ။ ကောင်းတာတွေရော ဘာတွေလုပ်ခဲ့သလဲ။ ပြန်စဉ်းစားပြီး ကိုယ့်ရဲ့ အခါပေါင်းများစွာ မှာ ထိတွေ့နေမိတဲ့ ဒီ blog လေးပေါ်မှာ စာတစ်ပုဒ် အနေနဲ့ချရေးမိတယ်။


ဆိုးသွမ်းမှုများ

၁၊ မုသာဝါဒကံ ကိုနေ့စဉ်တိုင်းလိုလို ကျူးလွန်နေမိတယ်။ ( သူတစ်ပါးကို အကျိုးတော့မယုတ်စေပါဘူး)

၂၊ သုရာမေရယ ကံကို ရံဖန်ရံခါ ကျူးလွန်မိတယ် ( တစ်နှစ်ပတ်လုံး ၈ ခါလောက်တော့ ကျူးလွန်မိတယ်ထင်တယ်)

၃၊ ကိုယ့်ရဲ့ မိဘ၊ ညီအစ်ကို မောင်နှမ အပေါ်ကို ၀စီကံ၊မနောကံ ဖြင့် တစ်ခါတစ်ရံ ပြစ်မှားမိတယ်။(စိတ်ဆိုးတဲ့ အခါ ပြန်အော်မိပါသည်)

၎၊ ကိုယ့်ရဲ့ လင်ယောကျာ်း အပေါ်မှာ ကိုယ်၊နှုတ်၊စိတ် သုံးပါးလုံးဖြင့် ပြစ်မှားမိတယ်။

၅၊ သူတစ်ပါးအပေါ်ကို မနာလိုတဲ့စိတ်များ တစ်ခါတစ်ရံ ဖြစ်ပေါ်မိတယ်။

၆၊ တစ်ခါတစ်ရံ ကိုယ့်ထက် နိမ့်ပါးသူများ အပေါ် မောက်မာစွာ ဆက်ဆံတတ်တယ်။

၇၊ တစ်ခါတစ်ရံ အလုပ်ရှင်ရဲ့ ပိုက်ဆံကို ညာယူတတ်တယ်။( အလုပ်ချိန်မှာ အလုပ်မလုပ်ဘဲ 
တခြားpersonal များလုပ်နေတတ်တယ် နှင့် အလုပ်နောက်ကျခြင်း)

ကောင်းမွန်စွာ နေထိုင်ခဲ့မှုများ

၁၊ မြောက်ဦးဆရာတော်လာတဲ့ အခိုက်နဲ့ တစ်ခြားမိုးကုတ်ဆရာတော်ဘုရားများ လာတဲ့ အခိုက်မယ် တရားဓမ္မ များကို နာယူပြီး တစ်နေ့ပတ်လုံး တရားကျင့်ကြံအားထုတ် မိတယ်။

၂၊ သူတပါးလိုအပ်နေသည့်အရာကို အဖြေခက်အောင် မေးမနေတော့ဘဲ အလွယ်တကူ ဖြည့်ဆည်း ပေးတယ်။

၃၊ မိဘ နှင့် ညီအစ်ကိုမောင်နှမ များအပေါ်တွင်  ကိုယ့်ချွေးနဲစာနှင့် လစဉ်လတိုင်း စောင့်ရှောက် ကန်တော့ခဲ့ပါသည်။

၎၊ တစ်ခါတစ်ရံမှာ လင်ယောကျာ်းဧ။် မျက်နှာ အညိုမခံဘဲ ပါရမီဖြည့်ဘက်ကောင်း ပီသခဲ့ပါသည်။

၅၊ လူမှုရေးလုပ်ငန်းဖြစ်တဲ့ မြန်မာကရုဏာ နာရေးကူညီမှုအသင်းမှာ တက်ကြွစွာ ပါဝင်လုပ်အားပေး ဆောင်ရွက်ခဲ့ပါသည်။

**** တကယ်တမ်းလည်း ချရေးကြည့်လိုက်ရော… မကောင်းမှုတွေက ပိုများနေပါလား၊ ဒါကြောင့် ဆရာတော် ဘုရားတွေက လူတွေဟာ အကုသိုလ် နဲ့ နေတဲ့အချိန်ဟာ ပိုများတယ်တဲ့။ ဒီ လိုချရေးလိုက်ခြင်းကြောင့် ကိုယ့်ရဲ့ မကောင်းမှု တွေကို ကိုယ့်ဥာဏ်နဲ့ ပြန်လည် ဆင်ခြင် သုံးသပ်နိုင်ပါတယ်။ နောက်နောင်မဖြစ်အောင် ကိုယ့်ရဲ့ ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံးကို နှစ်သစ်မှာ ပြုပြင်ပါ့မယ်လို့ သန္ဓိငှာန်ချရင်း …… အားလုံးဘဲ  HAPPY  NEW YEAR 2013 !!!!!!!!!!!!!!!!!!!!

No comments: