ရင်ခွင်တံခါး

ငါ့ ရဲ့ ရင်ခွင်တံခါး ကို
တိတ်တဆိတ်လာခေါက်
တိတ်တိတ်လေး ငါ့ရင်ခွင်မှာ ခိုအောင်းနေပြီး
တိတ်တိတ်လေး ပြန်ထွက်သွားခဲ့
ငါ့ရင်ခွင်တံခါးကိုတော့
သူက သော့ခတ်ခဲ့တယ်လေ။
တခြားသူတွေ လာမှာစိုးလို့တဲ့။

ခြောက်သွေ့နေတဲ့ မင်းမျက်ရည်တွေ
ထင်နေသေးတဲ့ မင်းရဲ့ခြေရာတွေ
မင်းရဲ့ ပြာလွင်လွင် ရယ်သံတွေ
အပြစ်ကင်းစင်တဲ့ မင်းရဲ့ အပြုံးနုနုတွေ
မင်းကို သတိရစေနိုင်မယ့် အရာတွေကို
မင်းက ချန်ထားခဲ့တယ်လေ။

ဒီလိုနဲ့ ရာသီတွေပြောင်း
ရက်ကို လစား . လကိုနှစ်စား
ပြက္ခဒိန်တစ်ခု ပြီးတစ်ခု ကုန်လို့
ဖုန်တက်နေတဲ့ ငါ့ရင်ခွင်က
သော့ပိုင်ရှင်ကို စောင့်မျှော်နေလေရဲ့။

တစ်ရက်တော့…
ညစ်နွမ်းနွမ်း နဲ့ ကောင်းလေးတစ်ယောက်
ဘယ်လိုမှ မမှတ်မိနိုင်လောက် အောင်
စုတ်ပြတ်သတ်နေတဲ့ ပုံစံနဲ့ သူ…
သံချေးတွေအထပ်ထပ်တပ်နေတဲ့
ရင်ခွင်သော့ ကို ကြိုးစားဖွင့်
နောက်နောင် ငါ့ရင်ခွင်ကနေ
သူဘယ်မှ မသွားတော့ပါဘူးလို့
အခါခါ ဆိုရင်း…
လောက ကြီးတစ်ခုလုံးကို
နှုတ်ဆက် ကျောခိုင်းလို့…….
Read More ->>

ထွေရာလေးပါး

ကိုယ်ရဲ့ထွေရာလေးပါး ပေါက်ကွဲသံစဉ်တွေကို ဖတ်ပေးကြပါဦးနော်။

အပိုင်း(က)

ကိုယ်တို့ရုံးက စီးတီးဟောလ်နဲ့ အရမ်းနီးတာကြောင့် နေ့လည်စာကို အဲဒီမှာဘဲ သွားစားဖြစ်ပါတယ်။ရုံးက လူတွေနဲ့ လည်းလိုက်မစားဖြစ်ဘူးဆိုရင်ပေါ့လေ။ ဒီနေ့ထမင်းဘူး ပါတော့ ရုံးမှာ ထမင်းဗူးဖွင့်စားပြီး အပျင်းပြေ ရေနွေးကြမ်းလေး လက်ဘက်ရည်လေးသောက်ရအောင် စီးတီးဟောလ်ကိုထွက်လာတယ်ဆိုပါတော့။ ကိုယ် ရဲရင့်မှာ လက်ဘက်ရည်သောက်နေတုန်း ကိုယ်ရှေ့က၀ိုင်း မှာလူသုံးယောက်လာထိုင်တယ်။ ကိုယ်လည်းပျင်းတာနဲ့ သူတို့ပြောတဲ့စကားတွေကို ဘာရယ်မဟုတ်နားစွင့်မိတယ်ဆိုပါတော့။ သူတို့ထဲက တစ်ယောက်က SPASS နဲ့ လုပ်နေတာ။သူစကားပြောပုံ ကြည့်ရတာ ကတော့ ရခိုင်လို့တော့ ထင်တယ်။နောက်တစ်ယောက် ကတော့ အသက် ၄၀ နီးပါးလောက်ရှိမယ်ထင်ရတဲ့ ဦးလေးကြီးတစ်ယောက်ရယ်။နောက် ကောင်လေးတစ်ယောက်ကတော့ အဲဒီရခိုင်လို့ထင်ရတဲ့ ကောင်လေးရဲ့သူငယ်ချင်းတစ်ယောက်ပါ။ သူတို့ဘာအကြောင်းပြောနေလည်း နားထောင်ကြီးတော့ လား…လား…ဦးလေးကြီးက ရခိုင်ကိုဂွင်ရိုက်တော့မယ် ထင်တယ်။ အဲဒီရခိုင်ကလည်း အူတူတူနဲ့ ။စဉ်းစားကြည့်လေဗျာ။ PR တင်ပေးမယ်တဲ့ ။SPASS ကနေ ။ အဲဒီ ရခိုင်ကဒီမှာ လုပ်တာ ၆ လလောက်ဘဲရှိသေးတယ်တဲ့။ အဲဒါကို ဟိုဦးလေးကြီးက ပီအာရ် တင်ပေးမယ်တဲ့ ။မဖြစ်နိုင်တာ။ခု လောလောဆယ် မှာ နှစ်နှစ်ပြည့်လို့ PR တင်ထားတဲ့ ကိုယ့်သူငယ်ချင်း တစ်ချို့တောင် မရဘူးလို့ပြောနေတယ်။ ကိုယ်လည်းတော်တော် အံ့သြပါတယ်။ ပြီးတော့ ဘယ်လောက်ဘဲပေးတို့ ညာလောက်ဘဲပေးတို့ ။ သူကအလုပ်ရှင်လည်းမဟုတ်ဘာမဟုတ်နဲ့။ ရခိုင်ကတော့ စဉ်းစားဦးမယ်လို့တော့ ပြောလိုက်တယ်လေ။ အဲလိုလူမျိုးတွေတွေ့ရင် ဝေါင်ဝေါင်ရှေးကြဗျို့……


အပိုင်း(ခ)

“ စဉ်းစားကြည့်စမ်းပါဟာ။ အဓိပ္ပါယ်မရှိတာ။ ငါတို့လည်းသူ့လိုဘဲ ရှာရတာဘဲ။ နဖူးက ချွေးခြေမထိ မကျဘူးဆိုပေမဲ့ ခေါင်းတစ်ခုလုံး ပူထူနေအောင် စဉ်းစားပြီးမှ အလုပ်ရှင်ကပေးတဲ့ လစာကို ရတာဘဲ။ သူလည်းဒီလိုဘဲ လုပ်ရပြီးမှ ရတာဘဲ။ လစာချင်း ယှဉ်ရင်လည်း သူမသာ ကိုယ် အသုဘ ဘဲ။ အဲဒါကို သူ့အလှည့်ကျတော့ ပိုက်ဆံတစ်ပြားမှ မထုတ်ဘူး။ သူများကျွေးရင်တော့ စားမယ် တစ်ဖြဲ နှစ်ဖြဲ။ လူဆိုတာ တစ်ခါ နှစ်ခါ ဘဲကောင်းတယ်။ ကိုယ့်အလှည့်ဆိုတာမရှိဘူး။ သူ့အလှည့်ချည်းဘဲ ဆိုရင်တော့ မကောင်းတော့ဘူးလေ။ ခုဟာက သူ့ကျတော့ ၀တ်လို့ရှိရင်တော့ ဘာမှ ညာမှ နဲ့ ။ Branded မဟုတ်ရင် မ၀တ်ဘူး။ ကြွားကလည်းကြွားသေးတယ်.။ ပြီးရင် သူများဆီက ကပ်ကပ်စားတယ်။ အဲဒါစေ့စပ်တာ မဟုတ်ဘူး။ကိုယ်ချင်းမစာတာ တစ်ကိုယ်ကောင်းဆန်တာ စီးပိုးတာ။”

အဲဒီလိုမျိုး ဆိုလည်း ဝေးဝေးရှောင်ကြပါဗျို့……

အပိုင်း(ဂ)

ဟိုနေ့က သတင်းတစ်ပုဒ်ကြားမိပါတယ်။ စင်ကာပူ မှာ တဲ့.။ သူ မဟာမုဆိုးမပါတဲ့ ။သားသမီး ၅ ယောက်ရှိပါတယ် ။သူမအသက်ကြီးလာတဲ့ အခါသူမ ၀ယ်ထားတဲ့ အိမ်ကိုရောင်းခိုင်းပြီး သူသားသမီးတွေ ကတစ်ပုံစီ ယူပါတယ်။သူမကိုတော့ပစ်ထားကြပါတယ်။ ကြောက်စရာကောင်းလိုက်တာနော်။ အဲ..ဒို့ များ ဗမာလူမျိုးတွေထဲမှာ အဲလိုမျိုးအဖြစ်အပျက်တွေ မရှိသလောက်ကို နည်းပါးပါတယ်။ အဲဒါဟာ မာတာပိတု ဆိုတဲ့ ဘုရားဟောထားလို့ပါ။ ကိုယ်အခုကြည့်ရသလောက်မိဘကို လုပ်ကျွေးတဲ့သားသမီး တွေဟာလုပ်ငန်းကိုင်ငန်းမှာပိုအဆင်ပြေတတ်ပါတယ်။ လုပ်ငန်းအဆင်ပြေအောင်လို့ မိဘကို လုပ်ကျွေးတာတော့ မဟုတ်ပါဘူး။ မိဘကို လုပ်ကျွေးလို့သာ လုပ်ငန်းက အဆင်ပြေလာတာပါ။ကိုယ်ကတော့ မိဘကိုလုပ်ကျွေးနေတာ တစ်ခါမှ မငြိုငြင်ခဲ့ပါဘုူး။မှန်တာပြော သစ္စာပါ။ တစ်ခုတော့ စဉ်းစားမိပါတယ်။ ကိုယ်မွေးတဲ့ သားသမီးကို ဒီမှာထားသင့်မထားသင့်ပါ။ ဒီမှာထားရင်တော့ ပညာတတ် မယ်။လူနေမှုအဆင့်အတန်းမြင့်မယ်။ ဒါပေမယ့် လူ့မှုပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုဟာ အနည်းဆုံး အဲဒီကလေးငယ်ရဲ့  စိတ်ဓါတ်ကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းကတော့ လွှမ်းမိုးတာပါဘဲ။ မိဘကို မသိတတ်မှု တွေဘာတွေ ပေါ်လာရင် ကိုယ်ဘဲစိတ်ဆင်းရဲရမှာပါဘဲ။ အဲဒါဟာလည်း မိဘရဲ့ဆုံးမမှုပေါ်မှာလည်း မူတည်ပါတယ်လေ။


အားလုံးမိဘကို လုပ်ကျွေးတဲ့သားသမီးအလိမ္မာဖြစ်ကြပါစေရှင်။
Read More ->>

သင်္ကြန်မင်းသားကြီး ဇော်ဝမ်း




သင်္ကြန်ဆိုရင် သူမပါရင်မပြီးလို့ နာမည်ကြီးတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ဇော်ဝမ်းဟာ

အသည်းရောဂါနဲ့ သြဂုတ်လ ၁၂ရက် မနေ့ ညပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။


“ကိုးနာရီကလေ ဆုံးသွားတာပါ။ အင်းစိန်က ဆေးခန်းမှာပဲ။” မင်းသား ဇော်ဝမ်းရဲ့ ပထမဆုံး ရုပ်ရှင်ဖြစ်တ

ဲ့ စေလိုရာစေ ဇာတ်ကားမှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက်

ပြောသွားတာပါ။


http://drlunswe.blogspot.com မှကူးယူပါတယ်။

ပုံကိုတော့ ဒီက ယူပါတယ်။


Read More ->>

မမေ့နိုင်တဲ့ အတိတ်.......၈၈၈၈ သပိတ်


အစဉ်အလာ ငါးဆယ့်ရှစ်
အများ မချစ်ခဲ့။

ခြောက်ဆယ့်နှစ်
အမြှောက်နဲ့ပစ်။

ဦးသန့် အရေး ခုနှစ်ဆယ့်လေး
ဒူးနှံပြီးတော့ သွေးအေးတယ်။

ရှစ်ဆယ့်ရှစ်
ပစ် ဆက်ပစ်။

နှစ်ထောင့်ခုနှစ်
ဓမ္မ န္တရာယ်များ ပစ်ဖောက်ပစ်။

နှစ်ထောင့်ရှစ်…နာဂစ်
ဘာဖြစ်ဖြစ် ဖွဲ့စည်းပုံကို ညစ်။

နှစ်ထောင့်ကိုး
အဆိုးမြင်ဝါဒီ တွေ
ရေသန့်ဗူးကို ရမယ်ရှာ
ငြိမ်းချမ်းရေး ငှက်ပြာကိုဖမ်း
အင်းစိန် ဂက်စတာပို စခန်းပို့တယ်။

နှစ်ထောင့်တစ်ဆယ်
ပြည်သူ့အသည်းကြားက မဲတစ်ပြား
လှံစွပ်ဖျားနဲ့ ကော်ထုတ်
တစ်သက်လုံး အုပ်ချုပ်သူလုပ်ဖို့အတွက်
စကောလောက်မှ ဇောက်မနက်
အကြံတွေ ပက်စက်။

တပ်က မတော်မှတော့
သူတို့အော် အော်နေတဲ့
တပ်မတော် ရဲ့ အစဉ်အလာ
အဲဒါ….။။


ဒါလေးက ဇူလိုင်လထုတ် မဇ္ဈိမ ဂျာနယ်မှာ ပါတဲ့ မောင်မောင်ငြိမ်းအေး ရေးသားတဲ့ အစဉ်အလာ ဆိုတဲ့ ကဗျာလေးပါ။

ဒီနေ့ဟာ ဘာနေ့လည်းဆိုတာ အထူးတလည်ရှင်းပြနေဖို့မလိုပါဘူး။ ကိုယ်ကအဲဒီ ၈လေးလုံး အရေးတော်ပုံဖြစ်တဲ့နှစ်မှာ နှစ်တန်းပါ။ ကိုယ်တို့မေမေဘက်က အဖိုးနဲ့ အဖွားဟာ ဗဟန်းရေတာရှည် လမ်းဟောင်းမှာနေပါတယ်။ အဖိုးတို့ ခြံရယ် ၊ညာဘက်က ဦးအောင်တို့ခြံရယ်နောက် ဘယ်ဘက်ကတော့ ရှေ့နေဦးကျော်ဇေယျ တို့နေတဲ့ခြံရယ် အဲဒီ သုံးခြံလုံးက ဗဟန်းမှာ တော်တော်ကျယ်တဲ့ ခြံတွေဖြစ်တဲ့ အပြင် ဘိုးဘွားပိုင်မြေ ဂရမ်တွေနဲ့ပါ။ အရေးအခင်းလည်း ဖြစ်ရော အဖိုးနဲ့ အဖွားနဲ့ က အနီးအဝေးမှာ ရှိတဲ့ သားသမီးနဲ့ မြေး တွေကို သူတို့တိုက်မှာဘဲ ခေါ်ထားပါတယ်။ အရေးအခင်းမဖြစ်ခင်း တုန်းကလည်း အဖွားက သားသမီး မြေးတွေကို တစ်ပတ်တစ်ခါ တနင်္ဂနွေနေ့တိုင်း အုန်းနို့ခေါက်ဆွဲ ၊ ဗူးသီးကြော် (ခြံထဲမှာဗူး စင်ရှိလို့ ဗူးသီး အလကားရပါသည်) တို့ မုန့်ဟင်းခါး
တို့ တမျိုးမဟုတ် တမျိုးမရိုးနိုင်အောင် လုပ်ကျွေးပါတယ်။ အရင်တပတ်တခါတွေ့ ရတော့ ခု မောင်နှမ တစ်ဝမ်းကွဲ တွေအများကြီးနဲ့ တူတူနေရတော့မယ်ဆိုတော့ ပျော်တာပေါ့နော်။ကလေးအတွေးနဲ့ပေါ့။ ကြောက်ရမယ်မှန်းလည်းမသိဘူးလေ။

အဖိုးတို့ခြံက ရွှေတိဂုံဘုရားနဲ့ နီးတော့ တစ်ခါတစ်ရံမှာ သေနတ်သံတွေကြားရတတ်တယ်။ အဖိုးနဲ့ သားတွေ သားမက်တွေက ခြံတံခါးတွေ လိုက်ပေးရတယ်။ ခြံကအရမ်းကျယ်တော့ လူသုံးယောက် လေးယောက်လောက် ပတ်ပိတ်မှ မြန်မြန်ပြီးမှာ။ သေနတ်သံကြားပြီးလို့ အေးအေးဆေးဆေးဖြစ်သွားပြီး ဆိုရင် ကိုယ်တို့တွေကပြတင်းပေါက်ကနေ အသာလေးချောင်းကြည့်တယ်။ အစ်ကိုကြီး တစ်ယောက်ပေါ့နော် သွေးသံရဲရဲ နဲ့ ပြေးလာတာတို့၊ အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတို့ တွေ့ရတယ်။ အဲလိုမျိုးကျရင် ပြတင်းတံခါးကိုမြန်မြန်ပိတ်ပြီး ကုတင်အောက်ထဲမှာသာ ပုန်းနေကြတော့တယ်။ ညဘက်တစ်ညမှာတော့ အဖိုးတို့ခြံကို ကျောင်းသားလို့ထင်ရတဲ့ လူလေးယောက် တံခါးလာခေါက်တယ်။ အဖိုးက ဘာကိစ္စလည်းမေးတော့ သူတို့က ကျွန်တော်တို့ ဒီခြံထဲမှာ ခဏ ခိုလှုံချင်လို့ပါတဲ့။ အဖိုးကလည်း ခိုလှုံခွင့်ပေးခဲ့တယ။် မနက်ကျတော့ ခြံထဲဆင်းကြည့်တော့ အဲဒီလူတွေမတွေ့ရတော့ဘူးလေ။

ကိုယ်တို့ အိမ်မှာအဲဒီတုန်းက Publica ကားလေးတစ်စီးရှိတယ်။ ဖေဖေက ကိုယ်တို့မောင်နှမ တစ်ဝမ်းကွဲတွေေ၇ာ၊ မေမေ့ညီမတွေရောခေါ်ပြီး မြို့ထဲကို ကားလျှောက်မောင်းပြီး တရားဟောတာတွေလိုက်ကြည့်ကြပါတယ်။ ကားခေါင်းမှာ ခွပ်ဒေါင်းအလံကြီးက တစ်လူလူပေါ့။ ကိုယ်တို့ တွေကလည်း နဖူးစီး တွေ လက်ပတ်တွေ ပတ်ထားလိုက်ကြတာ။ဘာမှကို ကြောက်စိတ်မရှိခဲ့ကြတာ။ အဲဒီတုန်းက တူးတူးတို့ ဘာတို့တောင်တွေ့ခဲ့သေးတယ်။ ထားပါတော့။ အဲလိုနဲ့နောက်ပိုင်း မဲစနစ် ဆိုတော့လည်း ကိုယ်တို့တစ်အိမ်လုံး NLD ကိုဘဲမဲပေးခဲ့ကြပါတယ်။ စပါးနှံ ဆိုတဲ့သူတွေကို မုန်းမှမုန်းဘဲ။ မဲနိုင်ပေမဲ့လည်း သူတို့ကတိမတည်ခဲ့ကြပါဘူး။

၁၉၉၁ ခုနှစ် ဘုန်းကြီး ဦးကောသံလခေတ်မှာ ကိုယ်တို့အရမ်းပျော်ခဲ့ကြတဲ့ ဗဟန်းအိမ်ကြီးကို အပြီးတိုင်စွန့်လွှတ်ခဲ့ရပါတယ်။ ဘိုးဘွားပိုင်မြေ ကို ဂရမ်မပေါက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သာသနာ့မြေ အဖြစ်သိမ်းပိုက်ခဲ့ပါတယ်။ ဖေဖေကဖိုးဖိုးကိုပြောပါတယ်။ အဲဒါလိုက်လုပ်ရင်ရတယ်တဲ့။ကိုယ်တို့ အဖိုးက ကောင်စီခေတ်မှာ တော်တော်အရာရောက်တဲ့ပုဂ္ဂိုလ်တစ်ဦးပါ။ တောင်တန်းသာသနာ ပြုအဖွဲ့ကိုလည်း သူဦးဆောင်ပြီး အကုန်လိုက်လုပ်ပေးပါတယ်။ လာဘ်လည်မစားပါဘူး။ အဲဒါကြောင့် ဗဟန်းမှာ ကိုယ်တို့အဖိုးကို ဆိုရိုသေကြပါတယ်။ လေးစားကြပါတယ်။ ကိုယ်တို့ အဖိုးက တကယ့်ကို စာအုပ်ကြီးသမား ဖြစ်တဲ့အတိုင်း ဖေဖေစကားကို လက်မခံခဲ့ပါဘူး။ ဖိုးဖိုးတို့ကို မြေနေရာအစားပြန်ပေးတော့ ဒဂုံမြို့သစ်တောင်ပိုင်းတဲ့။ ပြီးတော့ ဖိုးဖိုးတို့ခြံ အကျယ်ကြီးဟာကို ပြန်ပေးတော့ အိမ်နှစ်လုံးလောက်စာ။ နောက်တော့ဖိုးဖိုးလည်း အဲဒီစိတ်ကြောင့် အိပ်ယာထဲဘုန်းဘုန်းလဲ ခဲ့ပါတယ်။ သူကောင်းခဲ့သလောက် ပြန်မကောင်းဘူးဆိုပြီး။ ကိုယ်တို့တွေလည်းအရမ်းကိုမုန်းခဲ့ပါတယ်။

ဒါက ကိုယ်တို့အဲဒီအချိန်က အဖြစ်အပျက်လေးပါ။
ကျဆုံးသွားသော ကျောင်းသားများ ရဲဘော်များ အာဇာနည်များကို ဂုဏ်ပြုလျှက် ။။။။။။။
Read More ->>

သာသနာကိုစော်ကားကုန်ပြီ





မြတ်စွာဘုရားသာသနာတော်ကို ယနေ့ထိတိုင် တည်တန့်နေသည်မှာ ၀ိနည်းကျင့်ဝတ်များကြောင့်ဖြစ်ပါတယ်၊ ဘုရားရှင်က ရှေ့ရေးကိုမျှော်တွေးပြီး စည်းကမ်းရှိရှိနဲ့ ရဟန်းတော်တွေကို ဘယ်လိုနေရမယ်၊ဘယ်ကိုဆွမ်းဘုဉ်းပေးရမယ်
၊ ဒကာ ဒကာမတွေနှင့် ဆက်ဆံရင် ဘယ်လိုမျိုး ဆက်ဆံရမယ်၊ သင်္ကန်းဝတ်ရာမှာ မြို့တွင်း ရွာတွင်းသွားရင် သင်္ကန်းရုံသွားရမယ်၊ နောက်ဆုံး အိမ်သာတက်တာကစ ဘယ်လိုတက်ရမယ်ဆိုတာမျိုးအထိ ၀ိနည်းစည်းကမ်းချက်တွေ ဘုရားရှင်က ချမှတ်ခဲ့ပါတယ်၊ ကိုရင်ငယ်တွေ လိုက်နာရမည့် စည်းကမ်းနှင့် ရဟန်းတော်များ လိုက်နာရမည့် ၀ိနည်းဆိုပြီး အသေချာကို အထူးပညတ်ချက် ဥပဒေများ ထားခဲ့ပါတယ်၊၊ အဲဒီ ၀ိနည်းတရားတော်နှင့် အညီ လိုက်နာကျင့်သုံးပြီး သီလကောင်းအောင် နေရသလို၊ စာသင်ခြင်း ( ပရိယတ္တိ)နှင့် တရားဘာဝနာ ပွားများခြင်းဆိုတဲ့ (ပဋိပတ္တိ) အကျင့်ကောင်းတွေကိုလည်း အားထုတ်ရတယ်၊ သမာဓိနှင့် ပညာ အရာမှာ တိုးတက်လာအောင် ရဟန်းတရားကို အားထုတ်ပြီးမှ ရဟန်းဝတ်ရကျိုး၊ ခေတ္တ ဒုလ္လဘ၀တ်ရကျိုး နှပ်မှာပါ၊၊



မြတ်စွာဘုရားက သာသနာတော်ရဲ့ အသက်သည် ၀ိနည်းပဲလို့ ဟောခဲ့ပါတယ်၊ စည်းကမ်းမလိုက်နာပဲ ၀ိနည်းစည်းကမ်း ဖောက်ဖျက်မလိုက်နာရင် လက်ရှိဘ၀မှာ ဒဏ်ပေးရမယ်၊ ဒီဘ၀သေလို့ရှိရင်လည်း ငရဲရောက်မည်ဟုဘုရားရှင်က ဟောခဲ့သည်မို့ အခုလို သာသနာ့ဘောင်မှာ မင်းမော်ကွန်းနှင့် အနုပညာသမားများ အုပ်စုရဲ့ သင်္ကန်းဝတ်ပြီး ဆေးမင်ချောင် အရုပ်တွေထိုးခြင်း အပေါ်ပိုင်း ဧကသီ အပေါ်ရုံမပါဘဲ သရုပ်ပျက်စရိုက်ဆိုးကို ဘာသာတရားကို မြတ်နိုးသူတိုင်း စိတ်မကောင်းဖြစ်ကြရပါတယ်၊ သင်္ကန်း အောက်ပိုင်းအ၀တ်ကို ဒူးနှင့် အောက်ကို လက်လေးသစ်၊ကွာအောင်ဝတ်ရမယ်၊ အပေါ်ရုံက လက်ရှစ်သစ် အကွာဝေးရုံရမယ်၊ သင်္ကန်းကို ရိုသေစွာ ၀တ်ရုံရမည်ဟု စည်းကမ်းချက်ရှိပါတယ်၊ အခုဟာက လုံးဝကို သင်္ကန်းမပါသည့်ပြင် အရုပ်တွေက တကိုယ်လုံးထိုး စတိုင်မျိုးစုံနှင့် ရိုက်တာကို အားလုံးမြင်နိုင်ပါတယ်၊၊ ရဟန်းသံဃာဆိုတာ မကြည်ညိုသေးသော ဒကာ ဒကာမများကို သာသနာတော်ကို ကြည်ညိုလာအောင် နေရမယ်၊ကြည်ညိုပြီးသား ဒကာ ဒကာမများကိုလည်း ပိုမိုကြည်ညိုလာအောင် နေထိုင်ရတာပါ၊ အကျင့်ကောင်းတွေနှင့် ကိုယ်မူအရာ၊ နုတ်အမှုအရာ တွေက မြင်ရသူတိုင်း ကုသိုလ်ရအောင် နေထိုင်ပြောဆိုတတ်မှသာ သင်္ကန်းခေတ္တ၀တ်တဲ့သူနှင့် စီစဉ်ပေးတဲ့ ကိုယ့်မိဘဆရာသမားလည်း အကျိုးများမှာပါ၊၊

မြန်မာနိုင်ငံမှာ မတရားအာဏာကိုယူလာတဲ့ စစ်အစိုးရကလည်း ရဟန်းသံဃာများကို အထင်သေး အမြင်သေးဖြစ်အောင် နည်းပေါင်းစုံနှင့် ဖန်တီးနေတာပါ၊ သံဃာထုထဲဝင်ပြီး စနစ်တကျဝင်ရောက်ဖျက်ဆီးနေခြင်းများနှင့် အနုပညာသမားများကို အသုံးချပြီး ဒီထဲမှာ သာသနာတော်ကို ကြည်ညိုချင်ဟန်ဆောင်ကာ ပေါ်လစီကားတွေရိုက် ရုပ်ရှင်ထဲမှာတော့ ဦးချနေသော်လည်း တကယ်ဘ၀မှာတော့ သံဃာတော်တွေက ထောင်ထဲမှာ ၀ါဆိုနေရတာပါ၊ ၊ လူထုက သံဃာကို မကြည်ညိုနိုင်အောင် စစ်အစိုးရက ဖန်တီး၊နောက်တော့ သံဃာတွေပျက်ဆီးတာတွေ လူတွေကိုပြ၊ သံဃာတွေ နိုင်ငံရေးမလုပ်ရင်ပြီးရော ကားပွဲစား၊ကျောက်ပွဲစား၊ချဲဒိုင်မျိုး စတဲ့ မဟုတ်တာတွေ လုပ်ချင်ရာ လုပ် စစ်အစိုးရက ဖန်တီးပေးထားတယ်၊ လောဘကြီးတဲ့ ဘုန်းကြီးဆိုရင်လည်း ကားတွေပေး၊ကျောင်းဆောက်ပေးတော့ သဘောတွေကျနေရော၊ အမျိုးသမီးတွေ ရုန်းရုန်းနဲ့ နေရတာကို ၀ါသနာပါရင် နေပေစေဆိုပြီး စစ်အစိုးရက လွတ်ပေးထားတယ်၊ တချို့ ဒီမိုကရေစီ နာမည်ရှိတဲ့ ကိုယ်တော်ဆိုရင် မပျက် ပျက်အောင် ငွေတွေ မာတုဂါမတွေနှင့် ဖျက်ဆီးရေးများလုပ်တယ်၊အရမ်းယုတ်မာတဲ့ လုပ်ရပ်တွေကို စစ်အစိုးရက လုပ်နေတာပါ၊

ဒါတွေကို အရမ်းရိုးသားတဲ့ လူထုက စစ်အစိုးရက ဒီလိုဖြစ်လာအောင် နောက်ကွယ်က လုပ်နေတယ်ဆိုတာ သိမယ်မဟုတ်ပါဘူး၊
သာသနာတော် သန့်ရှင်းချင်ရင် မသန့်ရှင်းတဲ့ စစ်အုပ်ချုပ်ရေး ယန္တယားကို အဆုံးသတ်မှ ဖြစ်မှာပါ၊ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အာဏာမြဲရေးအတွက် သာသနာကို အသုံးချနေလို့ပါပဲ၊ ဒါတွေကို ပြောမယ်ဆိုရင် ရှည်နေမယ်၊ ဘုန်းဘုန်းပြောချင်တာက အနုပညာသမားတွေပါ၊ အနုပညာသမားရဲ့ ဂုဏ်သိက္ခာနှင့် တန်ဘိုးဆိုတာ ရှိပါတယ်၊၊ ဒါရိုက်တာ ဦးသုခရိုက်တဲ့ တပါးသီလ ဇတ်လမ်းမျိုးဟာ မြန်မာပြည်နှင့်တကွ နိုင်ငံခြားရောက် တကမ္ဘာလုံးမှာရှိတဲ့ မြန်မာများအားလုံးရဲ့ စိတ်မှာ တပါးသီလ ဆောက်တည်ရုံနှင့် ဒီလောက် ဘ၀မှာအေးချမ်းရင် ငါးပါးစလုံးသာ ဆောက်တည်ရင် ဘယ်လောက်ထိ ဘ၀တွေမှာ ငြိမ်းချမ်းမလဲဆိုတဲ့ အသိဥာဏ်များ ရပြီး ဇတ်ကားကြည့်တဲ့ အကျိုးက အနှစ်ချုပ်လိုက်တော့ သူတော်ကောင်းဖြစ်သွားတယ်၊၊

အနုပညာသမားဆိုတာ လူထုကို လေးစားရတယ်၊ မှန်ကန်တဲ့ အသိတွေပေးရတယ် တပြိုင်တည်းမှာပင် မှားတဲ့ အရာတွေကို ရှောင်ရတယ်၊ မင်းမော်ကွန်းနှင့် အပေါင်းပါတွေက အခုလို ကြည်ညိုဖွယ် မဖြစ်တဲ့ သရုပ်ပျက် စရိုက်မျိုးကို လုပ်ခြင်းအားဖြင့် သူရဲ့ တန်ဘိုးဘာမှမရှိတော့ပါဘူး၊ သူရဲ့အဖေ ဇင်ဝိုင်းမှာလည်း တာဝန်ရှိတယ် သားသမီးမကောင်းတော့ မိဘခေါင်းဆိုသလို၊ သူတို့အုပ်စုကို သင်္ကန်းဝတ်ပေးတဲ့ ဘုန်းကြီးနှင့် ကျောင်းတိုက်ကလည်း တော်တော် အသုံးမကျဘဲ ညံ့ဖျင်းတယ်၊ ၀တ်ပေးတဲ့ ဘုန်းကြီးက ဒါတွေအခုလို သရုပ်ပျက် ဖြစ်ခဲ့တာကို သိချင်မှ သိမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သာသနာတော်မှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စဆိုတာ အသိဥာဏ်ရှိတဲ့ လူတိုင်း နားလည်သဘောပေါက်မှာပါ၊ လူထုကို အသိဥာဏ်ပေး ဇာတ်ကားရိုက်နေတဲ့ မင်းမော်ကွန်းဟာ ဘယ်လို လူမျိုးလည်းဆိုတာ သူရဲ့ လုပ်ရပ်က သက်သေပြနေပါတယ်၊ စလေ ဦးပုည ပြောသလို ယခုခါမှု၊ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ ဟောကြားမည့်သူ၊လူလည်းမရှား၊ သို့ပါလျက်သားနှင့်မှု အမိုက်တကာဗိုလ်မင်း၊ အဖျင်းတကာ့ ဗိုလ်ချုပ်၊ အပါယ်လေးဆီ၊ မြစ်နဒီတွင်၊ ပလုံမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည် ဆိုသလို လူဘ၀ခေတ္တရောက်နေချိန်မှာ လူယုတ်ကြီးတွေ မဖြစ်ရအောင် နေရမယ်၊ မိမိသူတပါး နှစ်ဦးသားစလုံး အကုသိုလ်တွေမဖြစ်စေပဲ ကုသိုလ်တွေသာ ဖြစ်ရန် နေထိုင်ကျင့်သုံးရန် အထူးလိုပါတယ်၊၊ အနုပညာသမားတိုင်းဟာ ကိုယ့်ကောင်းသလို ကိုယ့်လို ဘ၀တူသမား အနုပညာသမားများကိုယ်လည်း ထိန်းသိမ်းပေးရမယ်၊ အနုပညာသမား အမှားတခုဟာ သာမာန်မဟုတ် မှတ်တမ်းဗီဒီယိုရိုက်ထားသည်မို့ သက်သေတခုဖြစ်နေပါတယ်၊ အဲဒီအမှားတွေကို ပြည်သူတွေက အပြစ်ပေးလို့ ရလာသည့် အချိန်ဆိုတာ ရှိလာမှာပါ၊ ဒါဟာ အမှန်တရားပါ၊ ဘုန်းဘုန်းတို့ အမှတ်တမဲ့ မနေပါဘူး သာသနာတော်ကို ဘယ်သူတွေ ဆေးဆိုးပန်းရိုက်လုပ်၊ဆော်ကားနေတယ်ဆိုတာ မှတ်တမ်းတင်နေပါတယ်၊၊

မင်းမော်ကွန်းအနေနဲ့ အခုလိုမျိုး အမှားတွေကို ဆက်လက်မလုပ်မိရန် သတိထားစေချင်တယ်၊ အနုပညာ သမားသိုင်းအ၀ိုင်းကလည်း ကိုယ့်လူထဲက မသင့်တော်တဲ့
အပြုအမှုတွေကို လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်စေချင်တယ်၊ မဟုတ်တာတွေလုပ်ပြီး ဖုံးကွယ်တယ်ဆိုတာ ရေရှည်မရပါဘူး အင်တာနက်ပေါ်မှာ ပေါ်ထွက်လာမှာပါ၊ တတိုင်းပြည်လုံးက အလေးမြတ်ပြုနေသည့် သာသနာတော်ကို ဆော်ကားရင် ဆော်ကားသူကို သံဃာထုအနေဖြင့် အရေးယူရမှာပါ၊ မင်းမော်ကွန်းဇတ်ကားတိုင်းကို တိုင်းနှင့်ပြည်နယ် (၁၄)ခုစလုံး လက်မခံပဲ သံဃာထုနှင့် လူထုက သပိတ်မှောက်မှုတွေ လုပ်သွားရပါလိမ့်မယ်၊ အမှားတခုကို ကျူးလွန်ပြီးရင် တောင်းပန်ဝန်ချရပါတယ်၊ ဒါကြောင့် မင်းမော်ကွန်းနှင့် အပေါင်းအဖော်အားလုံးက ပြည်တွင်း ပြည်ပဆရာတော်များနှင့် သာသနာကို မြတ်နိုးကြသော ပြည်သူလူထုကို ကျေနှပ်အောင် ပြန်လုပ်ပေးရပါမယ်၊ မလုပ်ရင်တော့ ဒီလို သာသနာတော်ကို ဆော်ကားတဲ့ မှတ်တမ်းဟာ ဆက်လက်တည်ရှိနေမှာပါ၊၊


အရှင်စန္ဒောဘာသာစာရ

ashincandobhasacara@gmail.com
ဖုံး ( 502) 749- 8066
အမေရိက

မေးလ်ထဲက ရလို့ Forward လုပ်တာပါ။
နောက်ဆက်တွဲ အနေနဲ့ နာမည်တစ်ချို့ကိုသိရပါတယ်.။

ငမိုက်သားတွေထဲကအချို့ကတော့ ပြည့်စုံ၊ ဖျာကြီး (ခ)မြင့်သိန်း၊ မိုးကျော်ကျော်၊ ၀ဏ္ဏခွာနီး၊ မင်းမော်ကွန်း၊ ဗန်ဒိန်း၊ တရုတ်ကြီး ၊ သူရ လို့သိရပါတယ်။

Read More ->>

ရပ်ကွက်ထဲမှာဗျာ

ဒီခေါင်းစဉ်လေးကိုကြည့်ပြီးတော့ ကြည်နူးစရာဇာတ်လမ်းလို့တော့ မထင်လိုက်ပါနဲ့။ တကယ့်ကို ရင်နင့်စရာဇာတ်လမ်းလေးတစ်ပုဒ်ပါ။

ကိုယ်ဒီဇာတ်လမ်းလေးကို ကောင်လေးဘက်က ခံစားပြီးရေးထားတာပါ။

ဇာတ်လမ်းစပြီနော်။

ကျွန်တော့် နာမည်အပြည့်အစုံက ဇော်ရဲနိုင်ပါ။ ကျွန်တော့ မှာ အစ်မ နှစ်ယောက် နဲ့ ဆွေဆွေ ဆိုတဲ့ ညီမလေးတစ်ယောက်ရှိပါတယ်။ ကျွန်တော့မိဘ တွေက ကျွန်တော်တို့မောင်နှမတွေ ငယ်ငယ်လေးကတည်းက ကွဲသွားပါတယ်။ကျွန်တော်တို့ကတော့ မေမေဘက် လိုက်ခဲ့ကြပါတယ်။ ကျွန်တော်မေမေ ကရှေ့နေပါ။ မေမေက ပြောပါတယ်။ ကျွန်တော်မေမေ နဲ့ဖေဖေ ကွဲပြီးနှစ်နှစ်လောက်ကြာတော့ ကျွန်တော်ဖေဖေ နောက်မိန်းမယူသွားပြီတဲ့။ ကျွန်တော့်မေမေ ကို ကျွန်တော်အရမ်းသနားပါတယ်။ ကျွန်တော်တို့မောင်နှမ လေးယောက်လုံးကို လူတန်းစေ့အောင် မတောင့်မတ မကြောင့်မကြနေနိုင်အောင် ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မောင်နှမ တွေအားလုံးမှာ ကျွန်တော်မမအကြီးဆုံးက လွဲလို့ ကျန်တဲ့ သူတွေဟာ တစ်ယောက်တစ်မျိုးမရိုးနိုင်အောင်ဆိုးခဲ့ကြပါတယ်။ ကျွန်တော် ၈ တန်းနှစ်ရောက်တော့ ကျွန်တော် အမအလတ်က ယောကျာ်းနောက် လိုက်ပြေးပါတယ်။ ကျွန်တော် ကတော့ ၉ တန်းမှာ ပြဿနာ စရှာတော့တာဘဲ။ ကျွန်တော်မှာ ၈ တန်းကတည်းက ကြိုက်လာတဲ့ လုလု ဆိုတဲ့ ရည်းစားလေးတစ်ယောက်ရှိပါတယ်။ လုလုတို့ ကကိုယ်တို့ထက်စာရင်တော်တော်ပိုက်ဆံရှိပါတယ်။ လုလုက ကျွန်တော့်ကို အရမ်းချစ်ပါတယ်။ ၉ တန်းရောက်တော့ ကျွန်တော် ဆေးလိပ်တွေဘာတွေ စသောက်တက်နေပြီ။ ကလပ်တွေ သွားတတ်နေပြီလေ။ အပေါင်းအသင်းကလည်း စုံလာပြီလေ။ ကလပ်သွားရင်းနဲ့ ခင်လာတဲ့သူငယ်ချင်းတွေတောင် ရှိနေပြီလေ။ ကိုကျော် ရယ် နော်နော် ရယ် ကိုထွဋ်ကြီး ရယ်သုံးယောက်နဲ့ ကျွန်တော် ခင်လာခဲ့တယ်။ သူတို့သုံးယောက် ကနည်းနည်းအကောင်းကြီးကြီးရဲ့သားတွေပေါ့နော်။ ကားတွေဘာတွေကိုယ်တိုင်မောင်းပြီး ကလပ်လာကြတယ်ဆိုပါတော့။ ကျွန်တော်တို့အိမ်မှာလည်း စလွန်းကားလေးတစ်စီးရှိပါတယ်။
ဒါပေမယ့် ကျွန်တော့်မေမေ က ကျွန်တော့ကို ငယ်သေးလို့ဆိုပြီးပေးမမောင်းဘူး။ ကျွန်တော်က ကိုကျော် တို့ကိုအားကျမိတော့တာပေါ့။

ဒီနေ့ဟာ ကျွန်တော့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲမယ့်နေ့ပါဘဲ။ ကျောင်းဆင်းတဲ့ ညနေခင်းတစ်ခုမှာပေါ့။ ကျွန်တော်ကအဖြူအစိမ်းနဲ့ ။ လုလုကလည်းအဖြူအစိမ်းနဲ့။ ကိုထွဋ်ကြီးက ကျွန်တော့်ကို ကားနဲ့ လာခေါ်တယ်။ ကလပ်သွားမယ်ပေါ့။ ကျွန်တော်လည်း အိမ်ပြန် အ၀တ်အစားလဲပြီး မှလိုက်မယ်ပေါ့။ ဒါနဲ့ ကိုထွဋ်ုကြီးက ကျွန်တော့်ကို ည ၇ နာရီလောက် အိမ်အောက်ကိုလာခေါ်တယ်။ ကျွန်တော်လည်းလိုက်လာပြီး လုလုကို ၀င်ခေါ်ဖို့ လသာ လမ်းကို ကိုထွဋ်ကြီးကိုမောင်းခိုင်းလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့တွေ ကလပ်သွားကြတယ်ဆိုပါတော့ဗျာ။ အပြန်ကျတော့ ကိုကျော် ကရှေ့မှာထိုင်တယ်။ ကျွန်တော် ရယ် လုလုရယ် နော်နော်ရယ်က ကားနောက်ခန်းမှာ ပေါ့။ ကျွန်တော်အရမ်းမူးနေပါပြီ။ လုလု လည်းနည်းနည်း သောက်ထားပါတယ်။ ဒါပေမယ့်အသိတော့မလွတ်သေးပါဘူး။ သူတို့တွေရက်စက်တယ်ဗျာ။မင်္ဂလာဈေးနားမှာ ကားရပ်ပြီး လုလု ကို စိတ်ကြွ ဆေးပြားတွေ တိုက်နေကြတယ်။ ကျွန်တော်သူ့တို့ကိုတားပါတယ်။ သူတို့က သုံးယောက်၊ကျွန်တော်က တစ်ယောက်တည်း။ကိုထွဋ်ကြီး နဲ့ ကိုကျော်တို့က ကျွန်တော်ကိုချုပ်ထားပါတယ်။ နော်နော်က လုလု ကိုပါးစပ်ထဲ အတင်းဆေးပြားတွေ ထိုးထည့်နေပါတယ်။ ပြီးတော့ဗျာ သူတို့လုလုကို တစ်ယောက်တစ်လှည့်စီ မုဒိန်းကျင့်ကြပါတယ်။ လုလုခမျာမှာ မျော့မျော့ဘဲကျန်ပါတော့တယ်။

ပြီးတော့ လုလုနေတဲ့ လသာလမ်းကိုမောင်းပြီး လုလု ရဲ့အိမ်ရှေ့မှာ လုလုကို ကားပေါ်ကနေ တွန်းချခဲ့ပါတယ။် လုလုတို့ဖေဖေထွက်လာပြီး လုလုကိုမပြီး ညတွင်းချင်းဘဲဆေးရုံတင်လိုက် ပါတယ်။ ကျွန်တော်လာခေါ်သွားတာ သိတဲ့ သူ့မေမေက မနက်ရောက်တော့ ကျွန်တော့်ကို မုဒိန်းမှုနဲ့ ရဲစခန်းမှာ တရားစွဲထားပါတယ်။ ပထမဆုံး အထက်တန်းကျောင်းသား မုဒိန်းကောင်အဖြစ် ကျွန်တော် မှုခင်းဂျာနယ်တွေထဲမှာ ပါခဲ့ပါတယ်။ ကျွန်တော်ကို ကျောင်းထုတ်ခဲ့ပါတယ်။ လုလုကတော့ ရှက်လို့ ကျောင်းကထွက်သွားပါတယ်။ ကျွန်တော်အချုပ်ထဲမှာ သုံးလလောက်နေရပါတယ်။ ကိုကျော်တို့ နော်နော်တို့ ကိုထွဋ်ကြီးတို့ က အကောင်းကြီးကြီးရဲ့သားတွေဆိုတော့ သူတို့ကအထဲမှာမနေရပါဘူး။ ကျွန်တော်ဘဲ နေရပါတယ်။ ဒါပေမယ့် ကျွန်တော့်မေမေကရှေ့နေဆိုတော့ လုလုနဲ့ ကျွန်တော်နဲ့ကို ပေးစားမယ်ဆိုပြီး လုလုတို့ဘက်ကို အမှုပိတ်ခိုင်းလိုက်ပါတယ်။ ကျွန်တော်လည်း လုလု ဘာဖြစ်ဖြစ်ယူမယ်ဆိုပြီး ပျော်နေခဲ့ပါတယ်။ ဒါပေမယ့်မေမေ ကကျွန်တော့်ကို လုလုကို အိမ်တစ်ဆောင်မီးတစ်ပြောင်ထားနိုင်အောင် နိုင်ငံခြား မှာ အလုပ်သွားလုပ်ခိုင်းပါတယ။် ကျွန်တော့်နိုင်ငံခြားမှာ ရှိနေစဉ်မှာ မေမေကလုလုနဲ့ ကိစ္စကို ဖျတ်သိမ်းခဲ့ပါတယ်။ အဲဒါတွေ ကျွန်တော်ပြန်လာမှသိတာပါ။ လုလုကို လသာလမ်းမှာ သွားရှာတော့လည်းမတွေ့ ဘူး။

ကျွန်တော်စိတ်တွေ တော်တော်လေခဲ့ပါတယ်။ ဒါနဲ့ ဘဲကျွန်တော် နံပါတ်ဖိုး သုံးဖြစ်တယ်ဆိုပါတော့။ရန်ကင်းမှာ က နံပါတ်ဖိုးက အရမ်းပေါတယ်။ ဘယ်ကနေ ဘယ်လိုရကြလည်းတော့မသိဘူး။ ရန်ကင်းက အလုပ်မရှိ အကိုင်မရှိ တဲ့ လူငယ်တော်တော်များ များဟာ နံပါတ်ဖိုး သုံးကြပါတယ်။ အဲဒီလိုနဲ့ ရန်ကင်းမှာ ကျွန်တော်လေနေတုန်း ကျွန်တော်တို့အိမ်ရှေ့ကိုပြောင်းလာတဲ့ မမကြီးတစ်ယောက်နဲ့ ကျွန်တော် ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ ဒီမမကြီးကလည်း ဖိုးသုံးတယ်လေ။ ဒီမမကြီးက ပိုက်ဆံရှိတော့ ကျွန်တော်လည်း သူ့ဘက်ကို ယိုင်မိတာပေါ့။နောက်သူ့အိမ်သွားရင် ကျွန်တော်ညီမလေးကို ပါကျွန်တော်ခေါ်ခေါ်သွားမိတယ်။ အဲဒီမှာတင် ကျွန်တော့်ညီမလေး ဆွေဆွေပါ ပျက်စီးခြင်းလမ်းစရောက်တော့တာဘဲ။ ဆွေဆွေ့ကို မမကြီးက ဖိုးရှူနည်းတွေ သင်ပေးပြီး ဆွေဆွေရှူဖို့အတွက် ဖိုးဖိုးပါ သူကပေးတော့ စွဲပြီလေ ဆွေဆွေလည်း။

ကျွန်တော်တို့ အဲဒီလိုဖိုးရှူ နေတဲ့ အချိန်မှာ ကျွန်တော်အစ်မလတ်က သူယောကျာ်းနဲ့ကွဲပြီး ကလေးတစ်ယောက်အဖတ်တင်နေခဲ့တယ်။ တစ်ရက်ကျွန်တော့် ကိုဘယ်သူကလက်တို့လိုက်လည်းမသိဘူး ။သက်ဆိုင်ရာက လာဖမ်းတယ်။ နံပါတ်ဖိုးမှုဆိုတော့ ကျွန်တော့်မေမေလည်း ဘာမှမတတ်နိုင်တော့ဘူးပေါ့။ ကျွန်တော် အထဲမှာ သုံးနှစ်လောက်နေရတယ်။ ကျွန်တော်အထဲမှာ နေနေတုန်း ဆွေဆွေ ကနံပါတ်ဖိုးသမား တစ်ယောက်နဲ့ အိမ်ထောင်ကျသွားတယ်။ ကျွန်တော့် အမလတ်က နောက်ယောကျာ်း တစ်ယောက်ယူလိုက်တယ် လို့သိရပါတယ်။ ကျွန်တော့် အမေနဲ့ ကျွန်တော်အမကြီးကတော့ ဒီအတိုင်းပါဘဲ။ ကျွန်တော့် အမကြီးက အရမ်းအေးပါတယ်။ ကျွန်တော်တို့ အငယ်သုံးယောက်နဲ့ တစ်ခြားစီပါဘဲ။ သူ့ခမျာ မောင်တွေ ညီမတွေကြောင့် ပတ်ဝန်းကျင်မှာ အရှက်ရခဲ့ရပေါင်းလည်းများပါပြီ။
ကျွန်တော် ဒီကလွတ်ရင်တော့ လိမ္မာတော့မယ် လို့ အထဲမှာ သံန္ဒိဌာန် ချလိုက်ပါတယ်။

ဒါဟာ ကိုယ့် တို့ရပ်ကွက်ထဲက တကယ့်ဖြစ်ရပ်မှန်လေးပါ။
ဇော်ရဲနိုင်လည်း လွတ်လာပြီး သူ့အမေအတွက်တော်တော် လေးအားကိုးရမယ့်သားတစ်ယောက်ဖြစ်လို့လာခဲ့ပါပြီ။
အမည် တွေကိုတော့ပြောင်းလဲရေးသားထားပါတယ်ရှင်။

Read More ->>