ဘယ်သူမှန်သလဲ?



မလေးရှားက ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။
သူရိန် ဟာ အရမ်းအလုပ်ကြိုးစားတဲ့ လူငယ်တစ်ယောက်ပါ။ မလေးရှားကို လာကတည်းက အလုပ်နဲ့ လာပြီးတော့ သူရဲ့ ကြိုးစားချက်ကြောင့် မလေးရှားမှာ အိမ်ကြီးတစ်လုံး ၀ယ်နိုင် တဲ့ အထိ ချမ်းသာလာခဲ့ပါတယ်။ သူရိန့်မှာ သူ့ငယ်ရည်းစား ခိုင်ခိုင်ဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။ သူရိန်လည်း စီးပွားရေး ပြေလည်လာတာနဲ့ အလျောက် သူ့ရည်းစား ခိုင်ခိုင်ကို မိသားဖသား ပီပီ လက်ထပ်ဖို့ မြန်မာပြည်ကို ပြန်လာခဲ့ ပါတယ်။ ပထမနေ့မှာ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာ အတိုင်း စုလျား ရစ်ပတ် ဘိသိတ်မင်္ဂလာ ပြုလုပ်ပြီး ဒုတိယနေ့ မှာ ဟိုတယ် မှာ ခမ်းခမ်းနားနား လက်ထပ်ခဲ့ပါတယ်။ ပြီးတော့ သူလည်း သူ့မိန်းမ ခိုင်ခိုင်ကို ခေါ်ပြီးတော့ မလေးရှားကို ပြန်လာခဲ့ပါတယ်။ ၀ယ်ထားတဲ့ အိမ်ကြီး ကလည်း ကြီး လင်မယား ကလည်း နှစ်ယောက်တည်းဆိုတော့ တော်တော်လေး လွတ်လွတ်လပ်လပ် နေလို့ရပါတယ်။ အိမ်က နှစ်ထပ်တိုက်အိမ်လေးပါ။ အပေါ်ထပ်မှာ စာကြည့်ခန်းရယ် ၊ သူရိန်တို့လင်မယားနေတဲ့ အိမ်သာ ရေချိုးခန်းတွဲရက်တစ်ခန်း ၊ ဘုရားခန်းတစ်ခန်း နဲ့ ဧည့်ခန်းကျယ်ကြီး တစ်ခန်းရှိပါတယ်။ အောက်ထပ်မှာတော့ ညအိပ်ညနေ လာလည် ဧည့်သည် တွေအတွက် အိပ်ခန်း နှစ်ခန်း ၊ အိမ်သာရေချိုးခန်းတွဲရက် မီးဖိုချောင်ရယ် ဧည့်ခန်းကျယ်ကြီး တစ်ခန်းရယ် ကို ထည်ဝါစွာ တွေ့နိုင်ပါတယ်။


မနက်ဆိုရင် သူရိန်ကအလုပ်သွား ၊ခိုင်ခိုင်က သူရိန်အတွက်မနက်စာ ပြင်ဆင်ပေးပြီး နေ့လည်စာ ထမင်းချိုင့် ကို ဖွယ်ဖွယ်ရာရာပြင်ဆင်ပြီးထည့်ပေးလိုက်ပါတယ်။ ခိုင်ခိုင်က သူငှေးသမီး ဖြစ်ပေမယ့် အိမ်အလုပ်တွေကို သူကိုယ်တိုင်လုပ်ပါတယ်။ အိမ်များဆိုရင် ခြေမချရက်လောက်အောင် ရှင်းလင်းသန့်စင် ထားပါတယ်။ ဟင်းချက်လက်ရာကလည်း သာမာန်အမျိုးသမီး တော်တော်များများထက် တော်တော်လေးကောင်းမွန်ပါတယ်။ လှလှပပလေးလည်း နေတတ် ထိုင်တတ် ၀တ်တတ် စားတတ် မြန်မာအမျိုးသမီးတစ်ယောက်ပါ။ လင့်မျက်နှာ မညိုးအောင် အလိုက်တသိ လိုက်လုပ်ပေးတတ်တဲ့ မိန်းမတစ်ယောက်။ သူရိန်ကတော့ ညနေအလုပ်ပြီးချိန် ဘယ်မှ ၀င်လေ့မရှိဘဲ အိမ်ကိုစောစောပြန်ရောက်လာတတ်သူပါ။ ညစာ ထမင်းစားသောက် ပြီး စာကြည့်ခန်းထြဲမှာ ပါလာတဲ့ အလုပ်လုပ်ရင်လုပ်၊မလုပ်ရင် ကွန်ပျူတာသုံး၊ မသုံးရင် စာဖတ် ပြီးမှ အိပ်ရာဝင်လေ့ရှိပါတယ်။ သူတို့အိမ်ထောင်ကျတာ နှစ်နှစ်နီးပါးရှိပါပြီ။ သားသမီး မထွန်းကားသေးပါဘူး။ ဒီလိုနေလာရင်းကနေ ခိုင်ခိုင်တစ်ယောက် ရန်ကုန်ပြန်ဖို့ အကြောင်း ဖန်လာတော့တယ်။ သူရိန်ကလည်း အလုပ်တဖက်နဲ့ မလိုက်နိုင်၊ ခိုင်ခိုင်ကလည်း သူ့ညီမ မင်္ဂလာဆောင်မသွားမဖြစ် သွားရမှာ ဆိုတော့ သူ့ လင်တော်မောင်ရဲ့ နေရေး၊စားရေး၊သောက်ရေး တို့ကို အရာရာပူပန်နေခဲ့ပါတယ်။ သူရိန်ကတော့ သူ့ညီမအတွက် ငွေ ကျပ်သိန်းငါးဆယ် တန်တန်တဲ့ စိန်တစ်ဆင်စာကို ခိုင်ခိုင်ကနေ တဆင့် ပေးလိုက်ပါတယ်။
ခိုင်ခိုင်ကို သူရိန်လေယာဉ်ကွင်းလိုက်ပို့ပြီး အိမ်ကိုတန်းပြန်ခဲ့ပါတော့တယ်။ အိမ်ရောက်တာနဲ့ စာကြည့်ခန်းထဲဝင် ။ သူရဲ့ကွန်ပျူတာကို ဖွင့်။ ပြီးတော့ ဂျီတော့ပ်ကို ဖွင့်ပါတယ်။ ပြီးတော့ ဟန်နီ ဆိုတဲ့ နစ်နိမ်း(nick name) ဆီ အရောက် mouse ကိုေ၇ွှ့ပြီး
“ဟန်နီ ရေ… ကိုယ်လေယာဉ်လက်မှတ်စီစဉ်ပေးလိုက်မယ်။ မနက်ဖြန် flight နဲ့ ဒီကို သာ လာခဲ့ ပေတော့ ။ ကိုယ့် အိမ်က မိန်းမကြီးတော့ ရန်ကုန်ပြန်သွားပြီ။ ချစ်လေး လာခဲ့ပေတော့။”
ဆိုပြီး ရန်ကုန်က သူ့အသိဆီမှာ မနက်ဖြန်အတွက် ticket ကို သူ့ ဟန်နီအတွက် ၀ယ်ပေး လိုက်ပါတော့တယ်။
နောက်နေ့ကျတော့ ဟန်နီ မလေးရှားကို လိုက်လာပြီး သူတို့နှစ်ယောက် ပျော်ရွှင်စွာနဲ့ အိမ်ကြီး မှာ ကာမအရသာကို မြိန်ရည်ရှက်ရည်နဲ့ကို စားသုံးရင်းနဲ့ နေလာခဲ့ကြပါတယ်။ သူရိန်ကလည်း အလုပ်မတက် ဘာမတက်နဲ့။ ခိုင်ခိုင် တစ်ယောက်ကတော့ဖြင့် သူ့ညီမမင်္ဂလာဆောင်အတွက် အလုပ်တွေ ရှုပ်နေပေမယ့် သူလင်တော်မောင်အတွက် စားရေးသောက်ရေး အဆင်ပြေပါ့မလား ဆိုပြီး နောက်ဆံတစ်တင်းတင်းနဲ့ ရှိနေပါတော့တယ်။
နှစ်ပတ်လောက်ကြာတော့.. သူရိန်လည်း ခိုင်ခိုင်ပြန်ရောက်တော့မှာ မို့လို့ ဟန်နီကို ပြန်ပို့ပါတော့တယ်။ ကံတရားက သူရိန်ဘက်မှာ ပါနေသလားတော့မပြောတတ် ။ ဟန်နီပြန်ပြီး နောက်မနက် မှာဘဲခိုင်ခိုင်ပြန်ရောက်ခဲ့ပါတယ်။ ခိုင်ခိုင်ပြန်ရောက်တော့လည်း သူရိန်က သူဘာမှမလုပ်ထားသလို။ ခိုင်ခိုင့်ကိုလည်းချစ်လိုက်တာ အရမ်းဘဲ။ ခိုင်ခိုင်ကလည်း လုံးဝကို မရိပ်မိခဲ့သူ။ ဒီလိုနဲ့ နေလာလိုက်ကြတာ သူရိန်အတွက် ကံဆိုးတဲ့ နေ့တစ်နေ့ ကို ရောက်ရှိလာပါတော့တယ်။
ခိုင်ခိုင် ကအိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ သူတို့ အိပ်တဲ့ကုတင်အောက် ကပစ္စည်းတွေ ရှင်းနေစဉ် မှာ သူရိန်ငြင်းလို့မရတဲ့ အရာတစ်ခု သွားတွေ့ခဲ့ တယ်။ ခိုင်ခိုင့်ပစ္စည်း မဟုတ်တဲ့ ဘရာစီယာ တစ်ထည်ပါ။ ခိုင်ခိုင်အရမ်း ဒေါသထွက်နေခဲ့ပြီ။ သူမရှိတဲ့ ဒီနှစ်ပတ်ဆိုတဲ့ ရက်လေးမှာတောင် ဖောက်ပြန်တယ်ဆိုပြီး။ သူရိန်ပြန်လာတဲ့ အထိစောင့်တယ်။ ဒေါသကတော့ မပြေသေး။ သူရိန်ပြန်လည်းလာရော…
“ခိုင်ရေ…မောင်ပြန်လာပြီ..”
အရင် သူရိန့်ကားသံ ကြားတာနဲ့ အမောတကော ပြေးလာတတ်တဲ့ခိုင်။
ယောကျာ်းဖြစ်သူ အမောပြေသောက်ဖို့ သံပုရားလေးဖျော်ထားတတ်တဲ့ခိုင်။
သနပ်ခါးကို ခြေဆုံးခေါင်းဆုံးလိမ်းပြီး လင်သားရဲ့ နှုတ်ဆက်အနမ်းလေးတွေ ခံယူတတ်တဲ့ခိုင်။
ဒီနေ့ ခိုင်ဘာလို့ ထွက်မကြိုနေတာလည်းဟု သူရိန်စဉ်းစားရင်း ထပ်ပြီးခေါ်နေမိတယ်။
“ခိုင် ရေ…ခိုင်…မောင် ပြန်လာပြီလေ”
သူရိန်လည်း ပြန်ထူးသံမကြားတာနဲ့ စိတ်ပူစွာနဲ့ ဘဲ အပေါ်ထပ်က သူတို့ အခန်းကို အမောတကော ပြေးလာခဲ့ပါတယ်။
ခိုင့်ခိုင်က ကုတင်ပေါ်မှာ ထိုင်ပြီး သူရိန့်ကို စိတ်နာပြီး ရွံရှာတဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယ်။
“ခိုင် …မောင့် ကိုဘာတွေ စိတ်ကောက်နေတာလဲကွာ…”
“ ကျမ..ရှင့် ကို စိတ်ကောက်နေတာမဟုတ်ဘူး ။စိတ်နာတာ ။ရွံတာ။။”
“မင်း စိတ်နာရအောင်ကိုယ်က ဘာလုပ်လို့လဲကွာ…”
“သြော်…ရှင်က ရှင့်ကိုယ်ရှင် သိပ်ပြီးပိရိတယ်ပေါ့လေ။”
“မင်း ငါ့ကို မစော်ကားနဲ့ ခိုင်ခိုင်။ ငါဘာလုပ်လည်း မင်းပြောလေ။ ”
“မပြောဘူး။ လက်တွေ့ပြမယ် ။။။ရော့ ”
သူ ကုတင်အောက်မှာ တွေ့ တဲ့ ဘရာစီယာ ကို သူရိန့်မျက်နှာ ကိုကောက်ပေါက် လိုက်တယ်။
“ အဲဒါ …ရှင်ဘာငြင်းချင်သေးလဲ ။။။ပြော…”
“ငါ မငြင်းပါဘူး။ ငါဝန်ခံပါတယ်။ မှန်တယ်။ ငါ မယားငယ်ထားတယ် ။ ဒါပေမယ့် မင်းကိုလည်း ငါလို လေသေးမရှိထား နေတာဘဲမလား”
“ရှင်…ဘာစကားပြောတာလဲ။။ ကျမ ကမြန်မာမိန်းကလေးပါ။ မုန့်ကိုသာ ဝေစားမယ်။ ယောကျာ်းကို တော့ ဝေမစားနိုင်ပါဘူး ။ ထားပါတော့။ ရှင့် အပေါ်မှာ ကျမဘာများ မယား ၀တ်တရား မကျေတာရှိလည်းပြောပြ စမ်းပါဦး ကိုသူရိန်ရယ်။ ”
ခိုင်ခိုင် မျက်ရည် တွေတစ်သွင်သွင် စီးကျလာတယ်။
“ရှင် ထိုင်ဆိုထိုင် ထဆို ထ ရှင့်အပေါ်မှာ ဘာတစ်ခုမှ ဇောဒက မတက်ခဲ့တဲ့ မိန်းမတစ်ယောက်ပါ။ ရှင့်မျက်နှာကို အရှင်သခင် တစ်ပါးလိုကြည့်နေတတ်တဲ့ မိန်းမပါ။ ကျမ မရှိတဲ့ နှစ်ပတ်ကလေး မှာတောင် ရှင်ဒီလို လုပ်ရက်တယ်။ ရှင်ပြောပါ။ ကျမ ဆီမှာ ဘာများ အလိုမကျတာ။ ပြောပါ။ ပွင့်ပွင့်လင်း လင်း ရှင်ပြောပါ။ ”
သူရိန် ငို်င်လျက်။
“မင်း ကို ငါတစ်ခုပြောမယ်…ခိုင်ခိုင်။ မင်းငါ့အပေါ်မှာ ဘာမှ လိုလေသေးမရှိ အောင် မယား ၀တ်တရား ငါးပါးကျေတယ် ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမယ့် အိမ်ထောင်တစ်ခု မှာ အရေးကြီးဆုံးဖြစ်တဲ့ သားသမီး ရတနာ မရနိုင်တာဟာ မင်းရဲ့ အားနည်းချက် လို့ ငါမင်းကို မပြောရက်လို့ ခုလို သားသမီး ရတနာ ရနိုင်တဲ့ ဟန်နီ နဲ့ ငါဖောက်ပြန်ခဲ့ တာဘဲ။”
ခိုင်ခိုင်တစ်ယောက် အရုပ်ကြိုးပျက် ငြိမ်ကျ သွားရပြီ။

ကဲ…စာဖတ်သူတို့ စဉ်းစားကြည့် ပါ။
သားသမီး မရနိုင်တာ ဟာ ယောကျာ်းတစ်ယောက်အတွက် ဖောက်ပြန်ဖို့ အခွင့် အရေးတစ်ခုလား။
မိန်းမတစ်ယောက်အတွက်ကော….ဒါဟာ ကြီးမားတဲ့ လူဖြစ်ရှုံးမှု တစ်ခုလား။
ဒီလိုမျိုး အဖြစ်အပျက်မှာ သူရိန်လွန်သလား ခိုင်ခိုင်မှားတာလား ။ စဉ်းစားကြည့်ပါဦး ဗျာ…။

ကိုယ့် အမြင်ကတော့…
၁. သူရိန်က တစ်ကယ် သားသမီး ရဖို့ မိန်းမယူတယ်ဆိုရင် ဒီမိန်းမဟာ သားသမီး ရနိုင်လား မရနိုင်လား ဆို တာ လက်မထပ်ခင် အရင်ဆုံး စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ လက်ထပ်ပြီးမှ သားသမီးမရနိုင်လို့ဆိုပြီး တစ်ခြားတစ်ယောက်နဲ့ဖောက်ပြန်တာ မျိုးတော့ မလုပ်သင့်ပါဘူး။
၂. ခိုင်ခိုင် အနေနဲ့ ကတော့ သူ့ကိုယ် သူစမ်းသပ်ကြည့်သင့်ပါတယ်.။ စမ်းသပ်ပြီး မှ သူ့အခြေနေအကြောင်းကို သူ့ယောကျာ်းကို ပြောပြသင့်ပါတယ်။
၃. ဟန်နီလို မိန်းကလေးမျိုးကရော… မြန်မာပြည် မှာ အဲလို ဒုသနသော မကြောက်တဲ့ မြန်မာ မိန်းကလေးငယ် တွေ ဘယ်လောက်တောင်များနေပြီလဲ။

အိမ်ထောင်တစ်ခု ထူထောင်ရတာ အပြောလွယ်ပေမယ့် တကယ့်တကယ်တန်းမှာ မတူညီ တဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနှစ်ခု ပေါင်းစပ်ရတဲ့ အတွက် သိပ်ကိုခက်ခဲပါတယ်။ ဒါကြောင့် ရှေးတုန်းက ဆိုရင် တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ သုံးနှစ်သုံးမိုး အချိန်ယူပြီး လေ့လာကြပါတယ်။ အနောက်နိုင်ငံ တွေမှာဆိုရင် တစ်ယောက်အကြောင်းကို တစ်ယောက် လက်ထပ်မယူခင် အတွင်းကျကျ သိအောင်၊ သူတို့နှစ်ယောက် တစ်သက်လုံး အတူတူ ပေါင်းသင်းနိုင်ပါ့မလား ဆိုတာသိရအောင် အတူတကွ နေထိုင်ခြင်း (living together) နှင့် လေ့လာကြပါတယ်။ ဒါဟာမြန်မာတွေ အမြင်မှာ ရိုင်းပေမယ့် လူမှုရေးရှူ့ထောင့် ကကြည့်ရင် မှန်ကန်ပါတယ်လို့ ပြောချင်ပါတယ်။ ဒီလိုပြောလို့ လက်မထပ်ခင် ရည်းစားတိုင်းနဲ့ နေရမယ်လို့ မဆိုလိုပါဘူး။ စဉ်းစားရမယ့် အချက်တွေအများကြီးရှိပါတယ်။
၁.ကိုယ် ကို တကယ်ချစ်တဲ့သူ ဖြစ်ရဲ့လား။
၂.ကိုယ် ကရော တကယ်ချစ်ရဲ့လား။
လောက မှာ အချစ်တစ်ခု တည်းနဲ့တော့ ဘယ်လိုမှ မပြည့်စုံနိုင်ပါ။ ဒါကြောင့်မို့
၃.သူ့ ရဲ့ ပညာ အရည်အချင်း ။အလုပ်အကိုင် ၊၊ မိဘဆွေမျိုးအဆင့် အတန်း။
၎.သူရဲ့ စိတ်နေ စိတ်ထား သဘောထား။
လူကျန်းမာ မှ လည်း ကိုယ့်နဲ့ ဒိုးတူဘောင်ဘတ် လက်တွဲမဖြုတ် စတမ်း ဘ၀တိုက်ပွဲကို ရင်ဆိုင်နိုင်မှာပါ။
၎.ကျန်းမာရေး၊
၅.ပြီးတော့ ဒီလူဟာ လူမှုရေး ဖောက်ပြန်မှူများ ရှိလား မရှိလား
၆.သူ့ရဲ့ နောက်ကြောင်း ရာဇ၀င်ရှိရဲ့လား ။ ဒီလူဟာ မိန်းမကြီး ရှိလား မရှိလား..
စတာ တွေကို အဓိက ထားစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါတွေကို အမှန်အတိုင်းသိ ဖို့ဆိုတာ က အချိန်အတိုင်း အတာ တစ်ခုတော့ယူရပါတယ်။

မိန်းကလေးများအနေနဲ့ ပိုပြီးသတိထားရပါမယ်။ ဒါကြောင့်ရှေး လူကြီး တွေက “ကုန်ရှူံးရင် တစ်ခေါက်၊ လင်ကုန်ရှူံးရင် တစ်သက်လုံးမှောက် ” ဆိုပြီး ဆိုရိုးစကားထားခဲ့ပါတယ်။
ဒါကြောင့် မိန်းမ ပျိုလေးများ လင်ကုန်မရှူံးရလေအောင် ဥာဏ်ဖြင့် စဉ်းစား ပညာဖြင့် ဆုံးဖြတ် ဦးဏှောက်နဲ့ ရွေးချယ် နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း နဲ့ ဒီပို့စ်လေးကို အဆုံးသတ်လိုက်ပါတယ်။

ပုံကို ဒီက ယူပါတယ်။

11 comments:

စန္ဒကူး said...

ကူးကူးအမြင်ကိုပြောမှာပါနော်။... မတိုက်ဆိုင်ရင်ခွင့်လွှတ်ပါ။
ဖောက်ပြန်တတ်တဲ့ယောက်ျားတစ်ယောက်အတွက် အမျိုးသမီးတစ်ယောက်ကလေးမရနိုင်တာသူတို့အတွက် ပေးသင့်တဲ့ဆင်ခြင်လို့ထင်နေတတ်တယ်။
သူအဲဒီအမျိုးသမီး ဟန်နီဆိုတာတရားဝင်မဟုတ်တဲ့ မယားငယ်ပါ၊ မြန်မာအမျိုးသမီးလဲဖြစ်တယ်..မယားငယ်က ရလာတဲ့ကလေးကိုရော သူဘယ်လောက်ထိအရာပေးမလဲ.. တစ်သက်လုံးအဲဒီကလေးလဲမျက်နှာငယ်ရမယ်..
ချစ်တော့ယူလိုက်ကြတာဘဲ..နောက်ပိုင်းမှာကလေးလိုချင်ရင်တောင်မှအခုလိုခေတ်ကာလနဲ့ ဆေးပညာတိုးတက် တဲ့နိုင်ငံတွေမှာ လုပ်ယူစရာနည်းလမ်းများစွာရှိပါတယ်။ ကိုယ်ချစ်လှပါချည်ရဲ့ဆိုတဲ့ကိုယ့်ဇနီးကွယ်ရာမှာဖောက်ပြန်ပြီးလူမိတော့မှ လက်ညှိုးထိုး ကလေးမရနိုင်တာ အကြောင်းပြ ပြန်စွပ်စွဲတာတော့ တော်တော့ကိုအောက်တန်းကျတဲ့ယောက်ျားတစ်ယောက်ပါ။ အဲလိုလူမျိုးဆက်ပေါင်းနေဖို့တောင်မကောင်းဘူးလို့ထင်ပါတယ်။

မျက်မှန်လေး said...

ကူးကူးရေ..ဟုတ်တယ်. ကိုယ်လည်း အဲလိုယောကျာ်းမျိုးဆိုရင် သိပ်မုန်းတာဘဲ။

စန္ဒကူး said...

မပြီးသေးဘူး။
အဲဒီအမျိုးသမီး သူ့ယောက်ျားက ကလေးလိုချင်လို့ ဆိုတာအကြောင်းပြရင် သူသိထားရမှာက
၁။ သူ့ယောက်ျားနဲ့သူ ကလေးယူဖို့ကိစ္စ၊ ရနိုင်မရနိုင်ဘယ်နှစ်ခါများတိုင်ပင်ဖူးပါသလဲ။ တစ်ခါမှ မတိုင်ပင် မကြိုးစားဘဲ ပြောတဲ့ယောက်ျားဆိုရင်တော့ ဖောက်ပြန်မှုသတ်သတ် ဖြစ်တယ်။
၂။ အဲဒီ အမျိုးသမီးနဲ့ နေတာ ကလေးယူချင်လို့ ဆိုတာအကြောင်းပြရင် အဲဒီအမျိုးသမီးမှာကိုယ်ဝန်ရှိမ ရှိစစ်သင့်တယ်..အမှန်ကိုယ်ဝန်ရှိတယ်ဆိုရင် အဲဒီယောက်ျားကိုကွဲပေးလိုက်တာအကောင်းဆုံးပါ။

ahphyulay said...

အင်း..
မှန်ပါတယ်၊ မိန်းခလေးတွေမှာ အချစ် ကို
ကိုးကွယ်ခဲ့ သူနဲ့ မကိုးကွယ်သူ ဆိုပြီးရှိပါတယ်။
။ါပေမယ့်  ယနေ့ ခေတ်မှာ အမျိုးသမီး အများစုဟာ
ယောင်္ကျားတွေနောက်မှာ အမြဲ ပုန်းကွယ်နေရာကနေ
ရှေ့  ကိုတဖြည်းဖြည်း ထိုးဖောက် ထွက်လာလို့ 
“ မိမ်းမ ” ဆိုပြီး ကန့် သန့် ထားတဲ့  စည်း တွေ
ဘောင်တွေ တောင်ရော့ တိရော့  ရဲ ဖြစ်လာရပြီလေ။
ဒီလို အမျိုးသမီးတွေက ဒီပြသနာ ကို သွေးအေးအေး
နဲ့  ဖြေရှင်းတတ်ကြမှာပါ။
ကိုလင်း ဆီက လိုက်လာတာ၊ ကျွန်တော့်ဆီမှာ ချိတ်ခွင့် 
ပြုပါနော်။ ချိတ်ထားလိုက်မယ်။

ဝက်ဝံလေး said...

သမီး အမြင်ပြောမယ်နော်
သမီးသာ ခိုင်ခိုင့်နေရာဆိုရင် အဲဒီ ယောက်ျားရဲ့ ဖြေရှင်းချက်လဲ မစောင့်ဘူး သူပြန်မလာခင်ကို ထွက်သွားပစ်လိုက်မယ်
နောက်တချက် လင်ယောက်ျားကိုလဲ ခခယယနဲ့မပြုစုနိုင်ဘူး ဒါအမှန်ပြောတာ သမီးလဲ သမီး အလုပ်လုပ်မယ် သူလဲ သူ့အလုပ်သူလုပ် လင်ယောက်ျား လုပ်စာလဲ ထိုင်မစားနိုင်ဘူး

ဒါနဲ့ ဇာတ်လမ်းက ဘယ်လို အဆုံးသတ်သွားလဲ
နောက်တချက် သူရိန်က မလေးမှာ အလုပ်လုပ်တာ အဲလောက်တောင် ပိုက်ဆံရပြီးချမ်းသာလား ဘာအလုပ်လုပ်လဲဟင်
တော်တော်မွေးရကျိုးနပ်တဲ့သားပဲ မိဘကို ပြန်ကြည့်မယ်မရှိဘူး မိန်းမ တန်းယူတယ်
ကိုယ်ချစ်လို့ယူထားတဲ့မိန်းမ ပဲ အားနည်းချက်ရှိလဲ နားလည်ပေးရမှာပေါ့
အကောင်းဆုံးက ၂ ယောက်လုံး ပွင့်ပွင့်လင်းလင်း ရှိဖို့ပါ

“ချစ်တယ်ဆိုတာ အကြောင်းပြချက်ပေးစရာမလိုပါဘူး ဒါပေမယ့် မချစ်တော့ဘူး လမ်းခွဲမယ်ဆိုရင်တော့ အကြောင်းပြချက်တခုတည်းနဲ့တင်လုံလောက်ပါတယ် ” တဲ့ ဒီတော့ သူရိန်က ကလေးမရဘူးဆိုတာ အမှန်က အကြောင်းပြတာသက်သက်ပါ

အိမ်းးးး မန့်တာသိပ်ရှည်သွားဘီ ခွင့်လွှတ်ပါကွယ် ဟိ

Anonymous said...

ကလေးမရလို့ နောက်မီးလင်းတာဟာ တကယ်တော့ အကြောင်းပြချက်သက်သက်ပါ

uo said...

ကလေးမွေးနိုင်ပြန်တော့လဲ ဖောက်ပြန်ချင်တဲ့ ယောက်ကျာ်းများကြတော့ ကလေးမွေးတော့ ယောက်ကျာ်းလေး မမွေးလို့ မိန်းကလေးမမွေးလို့ဆိုပြီး အကြောင်းပြချက်နဲ့ပါဘဲ
သူတို့ဖောက်ပြန်တဲ့အပြစ်ကို ဖုန်းကွယ်ချင်တာနဲ့ အကြောင်းပြချက်သက်သက်ပါ။
ဘာပဲဖြစ်ဖြစ်
မယားငယ်နဲ့
ဖောက်ပြန်ချင်တဲ့ယောက်ကျာ်းကလည်း ကိုယ်ကျင့်တရားမကောင်းကြလို့ပါ ပြီးတော့ ကိုယ်ချင်းစာတရားမရှိကြလို့ပါ အဲဒီနေရာမှာ ကိုယ့်ညီမတွေ အစ်မတွေ တူမတွေဖြစ်ကြည့်ပါလား သူတို့က အရင် ဆဲကြမှာ ၀ဋ်ဆိုတာ လည်တတ်စမြဲပါ။

မျက်မှန်လေး said...

ခုထိတော့ သူတို့မကွဲရသေးဘူး ၀ံလေးရေ...ဒါပေမယ့် ခိုင်ခိုင်ကတော့ အောက်ထပ်မှာ နေတယ် .. သူရိန်ကတော့ အပေါ်ထပ် မှာ... သူငယ်ချင်းတွေလည်း ၀ိုင်းညှိပေးတာဘဲ ။ ဘယ်လိုမှ ကို ညှိလို့မရဘူး။

nayyeik said...

သူရိန် မှားတာပေါ့...သူက ဖောက်ပြန်တဲ့သူ
ဖြစ်သွားပီလေ ခိုင်ခိုင်မှာ ကလေးမရနိုင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြသင့်တယ် လျှို့ဝှက်ထားစရာ မလိုဘူးလေ မိန်းကလေးတိုင်းက
အိမ်ထောင်ပြုပီးရင် ကိုယ့်ယောင်္ကျားအတွက်
ကလေးမွေးပေးချင်ကြတယ် မိန်းကလေးတိုင်းပဲ
ဒါပေမယ့်ကံမကောင်းလို့ ကလေးမရဘူးဆိုရင်တောင်
မရရအောင် ကြိုးစားကြတယ်
ကိုယ့်မိန်းမက အခုလိုကလေးမမွေးပေးနိုင်လို့
စိတ်အားငယ်နေတဲ့အချိန်မှာ အားပေးရမယ်
နှစ်သိမ့်ပေးရမယ် အခုတော့ နောက်တစ်ယောက်နဲ့ဖေါက်ပြန်တယ်ဆိုတော့
သူရိန်မှားတယ် ခိုင်ခိုင့်ကိုချစ်လို့
ယူထားတာပဲ နောက်ဆက်တွဲဖြစ်လာမယ့်
အခက်အခဲတွေကို အတူတူရင်ဆိုင်ကျော်လွှားရမယ်
ဒါမှအေးအတူပူအမျှစကား မှန်မှာပေါ့ကွ
ငါ့အထင်ပြောကြည့်တာ ယောင်္ကျားလေးတိုင်းကတော့
ကလေးလိုချင်ကြတာပဲ ငါလည်းလိုချင်တယ်
မယူခင်စမ်းသပ်မှု လုပ်သင့်တယ် ယူပီးမှတော့ ကလေးမရနိုင်တာတစ်ခုကို အကြောင်းပြပီးတော့
ဖောက်ပြန်ချင်တိုင်းဖောက်ပြန်နေရင် ဘယ်ကောင်းမလဲ အခုဟာက ခိုင်ခိုင်မှာ အားနည်းချက်ရှိလို့သူရိန်မှာသာ အားနည်းချက်ရှိရင်
ခိုင်ခိုင် အခြားတစ်ယောက်နဲ့ ဖောက်ပြန်မှာမဟုတ်ဘူး
သူရိန်စဉ်းစားသင့်တယ်လို့ ကျနော်ထင်တယ်...

ShwunMi- said...

အကြံပေးချင်တာကတော့ သူရိန်မှာ ရောဂါရှိမရှိ စစ်ပါ။ ခြောက်လကျော် နောက်တစ်ခါ ထပ်စစ်ပါ။ သေချာမှ ဆက်စဉ်းစားပါစေတော့..
မိန်းကလေးအတွက် သိပ်စိုးရိမ်ဖို့ကောင်းတယ်။
မစဉ်းမစား မဆင်မခြင်...

စန္ဒကူး said...

မနေ့ညကလေ.. လူမင်း၊မို့မို့မြင့်အောင်ကားကြည့်မိတယ်။ တဒင်္ဂ တဲ့..
အဲဒီဇတ်လမ်းလေးက သူတို့နှစ်ယောက်အရမ်းချစ်ရက် နဲ့... မတော်တဆ မှားသွားလို့ အခြားမိန်းကလေးတစ်ယောက်မှာကိုယ် ၀န်ရှိသွားတာကို သူ့မိန်းမက တာဝန်ယူလက်ထပ်ခိုင်းပြီး သူရှောင်ထွက်သွားတာ..သူ့ယောက်ျားတားနေရက်နဲ့..
အခုဖြစ်ရပ်မှန်ဇတ်လမ်းက တစ်မင်သတ်သတ်ဖောက်ပြန်ပြီးကိုယ့်အားနည်းချက်ကို လက်ညှိုးပြန်ထိုးတဲ့ယောက်ျားကို သံယောဇဉ်မထားသင့်တော့ဘူး..
အဲလိုယောက်ျားမျိုးနဲ့တစ်အိမ်တည်းဆက်နေဖို့စိတ်သန့်သေးသလား...