အိမ်ထောင်ရေး နဲ့ ပညာရေး

ကိုယ် ဒီပို့စ်ကို ရေးချင်နေတာ ကြာပါပြီ။ ဒါပေမယ့် အချိန်မရှိတဲ့ အတွက် ရေးဖို့ နှောင့်နှေး သွားရတာပါ။

ကိုယ် ဒီပို့စ်မရေးခင်မှာ ကိုယ့်အကြောင်းလေးနည်းနည်း ပြောပါရစေ။ ကိုယ်က ဒီစင်ကာပူနိုင်ငံကို ၂၀၀၆ ခုနှစ် မှာ ရောက်ပါတယ်။ ၂၀၀၆ ခုနှစ် သြဂုတ်လမှာ ကိုယ် ဒီနိုင်ငံက ဘွဲ့လွန် ဒီပလိုမာတစ်ခု တက်ပါတယ်။ ၂၀၀၇ ခုနှစ် မှာ အလယ်အလတ် အဆင့်နဲ့ အောင်ခဲ့ပါတယ်။ ပြီးတော့ ကိုယ် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ကိုယ့်လက်တွဲဖော်နဲ့ ဘ၀တိုက်ပွဲ မှန်သမျှကို ရင်ဆိုင်ဖို့ နှစ်ဖက်မိဘတွေရဲ့ သဘောတူညီချက်နဲ့ အညီ နှစ်ဖက်သော အစ်မများကို အသိသက်သေနေရာမှာ ထားပြီး လက်မှတ်ထိုးခဲ့ကြပါတယ်။ ကိုယ်တို့နှစ်ယောက် တူတူစပြီးနေခဲ့တာကတော့ ၂၀၀၉ မတ်လမှပါ။ အဲဒီ ထဲက ကိုယ့်ရဲ့ အားလပ်ချိန် တစ်ဝက်နီးပါးလောက်ဟာ သူ့ထံကိုပေးအပ်လိုက်ပါတယ်။ သူ့ဘက်ကို ကြည့်ရင်လည်း အဲဒီအတိုင်းပါဘဲ။ ဒါကတော့ အိမ်ထောင်ရှင်တိုင်းလိုလို သိပါတယ်။


ဒီနိုင်ငံရဲ့ ထုံးစံအတိုင်း နှစ်ယောက်စလုံး အလုပ်လုပ်မှသာ အိမ်စားရိတ် ကာမိတာ ရှိတာမို့ ကိုယ်တို့နှစ်ယောက် စလုံး အလုပ်လုပ်ကြရပါတယ်။ အဲလိုအလုပ်လုပ်ရတဲ့ အတွက် ကိုယ်တို့နှစ်ယောက်အတွက် စကားပြောချိန် ဟာ ညပိုင်းမှာသာ အဖြစ်များတတ်ပါတယ်။ စနေ တနင်္ဂနွေ ဆိုတာက တစ်ခါတစ်ရံ ကိုယ့်လက်တွဲဖော်က အချိန်ပို အလုပ်ဆင်းရတဲ့အတွက် ကိုယ်တို့တွေ အသေအချာ မပိုင်ပါဘူး။ အိမ်ထောင်ရှင် လင်မယားတွေအတွက် အလွန်အလွန့်ကိုမှ အချိန်နည်းလွန်းလှပါတယ်။ ရည်းစားဘ၀မှာပေးရတဲ့ အချိန် နဲ့ လင်မယားဘ၀မှာ ပေးရတဲ့ အချိန်ဟာ တကယ့်ကို ကွာလွန်းပါတယ်။ ချစ်သူရည်းစားဘ၀ မှာတော့ ချစ်စကားတီတီတာတာ တွေပြောရင်းပြော၊ မပြောရင် shopping လေးဘာလေးထွက်နဲ့ ဒီလောက်ဘဲပေးရတာပေါ့။ လင်မယားဘ၀မှာတော့ နှစ်ယောက်ပေါင်းမှ တစ်ဘ၀ဆိုတဲ့အတွက် ဘ၀ရေးရာ၊ နှစ်ဖက်ပတ်ဝန်းကျင်ကိစ္စ၊ အိမ်ထောင့်ကိစ္စ တွေနဲ့ အချိန်တွေတော်တော်ပေးရတာပါ။ ဒါတွေဟာ အိမ်ထောင်မကျခင် လူတွေကို သွားပြောရင်တော့ ရီစရာတွေပေါ့။ အလကားလို့ထင်ကြပါလိမ့်မယ်။ ဒါတွေဟာ အမှန်တရားတွေပါ။

ကိုယ်က ကိုယ့်မမကြီးနဲ့ အတူတူနေပါတယ်။ ကိုယ့်မမကြီးက အပျိုကြီးဖြစ်တဲ့အတွက် ကိုယ့်မိဘတွေကလည်း အသက်ကြီးပြီဖြစ်တာကြောင့် ဒီမှာဘဲ ခေါ်ထားပြီး ဘုရားတရားကို အေးအေးဆေးဆေး လုပ်နိုင်အောင် လိုလေသေးမရှိ ထားထားပါတယ်။ ကိုယ်ရဲ့အချိန်တွေကို မိဘနဲ့ လက်တွဲဖော်ကြားမှာ မနည်း မျှတအောင် ညှိယူထားပါတယ်။ အဲဒီအတွက်လည်း ဘာဆို ဘာမှ ပြသနာ မရှိခဲ့တာ အမှန်ပါ။ နှစ်ဖက်မိဘ များက ယုံကြည်နှစ်လိုစွာ လက်ဆက်ပေးထားတဲ့ ကိုယ်တို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမှာ တစ်ခါတစ်လေ ကတောက်ကဆ ဖြစ်တတ်တာကလွဲလို့ အရာရာပြီးပြည့်စုံ တဲ့ အိမ်ထောင်ရေးတစ်ခု ဖြစ်ခဲ့ပါတယ်။

တစ်ရက်လုံးမှာ အနည်းငယ်လောက်သာရှိတဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန် တွေကို ဘလော့ခ်ရေးရင်းနဲ့ ပျော်ရွှင်စွာကုန်လွန်စေခဲ့ပါတယ်။

အချိန်တွေကို မပိုင်ဆိုင်တဲ့ ကိုယ်က နှစ်နှစ်ခွဲ တက်ရမယ့် သင်တန်းတစ်ခုကို တက်ရောက်ဖို့ ၀င်ခွင့်ရခဲ့ပါတယ်။ အဲဒီသင်တန်းဟာ လွယ်လွယ်လေးနဲ့ Certificate တစ်ခုရမယ့် သင်တန်း တစ်ခုမဟုတ်မှန်း သိရက်နဲ့ လောဘကြီးစွာ မစဉ်းစားမဆင်ခြင်ဘဲနဲ့ ကိုယ်တက်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်ထဲက ကိုယ်ရဲ့ အရေးကြီးတဲ့ အချိန်တွေကို အဲဒီထဲမှာနစ်မြုပ်ခဲ့ရပါတယ်။ ဒါပေမယ့် အိမ်ထောင်သည် မိန်းမတစ်ယောက်ဖြစ်တဲ့ ကိုယ့်အတွက် အဲဒီအတွက်ပေးရတဲ့ အချိန်ဟာထင်သလောက်မလွယ်လှပါဘူး။
မောကြီးပန်းကြီးပြန်လာတဲ့ ခင်ပွန်းသည်စားဖို့သောက်ဖို့ ပြင်ဆင်ပေးရတယ်။ ပြီးတော့ အလုပ်ထဲမှာ ဖြစ်ပျက်လာသမျှကို သူ့စိတ်ပေါ့ပါးသွားအောင် နားထောင်ပေးရပါတယ်။ ကိုယ့်ရင်ထဲက ဖြစ်ပျက်သမျှကိုလည်း သူ့ကိုပြန်ရင်ဖွင့်ရင်းနဲ့ ဘ၀ရှေ့ရေး၊ အိမ်ထောင်ရေး ၊ စီးပွားရေးတွေ တိုင်ပင်ရင်းနဲ့ အချိန်တွေဟာကုန်မှန်းမသိကုန်ခဲ့ ရပါတယ်။ ဘယ်မှာ လည်း ကိုယ့်အတွက် စာကြည့်ချိန်၊ စာဖတ်ချိန် ။ ဒီလို မရှိတဲ့ အချိန်တွေကြားထဲက ကိုယ်ရအောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ထင်သလောက် မလွယ်လှပါဘူး။ ကိုယ်တစ်ခါမှ မဖြစ်ဖူးတဲ့ result တွေက ကိုယ့်ကို ဒီသင်တန်းကို ဆက်မတက်ဖို့ တွန်းအားပေးနေခဲ့ကြပါတယ်။ အိမ်ထောင်ရှင် မိန်းမတစ်ယောက်အနေနဲ့ ပညာရေးကို ဆက်ကိုမလုပ်သင့်တာအမှန်ပါ။ ဒါကိုနားမလည်တဲ့ သူတစ်ချို့ကတော့ ကိုယ့်ကိုမေးပါတယ်။

“အဲလိုသာ ပြောကြေးဆို ဒီနိုင်ငံမှာ ပညာ သင်ကြားနေတဲ့ အိမ်ထောင်ရှင် အိန္ဒိယ အမျိုးသမီးတွေ ဘာလို့ ဘွဲ့ရတာလဲတဲ့။ ပြီးတော့ သူတို့မှာ ကလေးတွေလည်း ရှိတယ်တဲ့။ အလုပ်လည်း လုပ်နေပါတယ် တဲ့။”
ကိုယ် အဲလိုလူတွေကို ပြန်ပြောချင်တဲ့ စကားတစ်ခွန်းကို ဒီက ဘဲ ပြောလိုက်ပါရစေ။ ကိုယ်အပိုတွေ ပြောတယ်လို့တော့မထင်စေချင်ပါဘူး။ ကိုယ့်ရင်ဘတ်ထဲက ရှိသမျှကို ပြန်အံ ထုတ်ချင်ရုံသက်သက်ပါ။

“ကိုယ်က သာမာန်ဦးဏှောက်တစ်ခု ကိုသာ ပိုင်ဆိုင်ထားတဲ့ သာမာန်မိန်းမတစ်ယောက်ပါ။ အရမ်းကြီးထူးချွန်ထက်မြက်နေတဲ့ သူတစ်ယောက်လည်းမဟုတ်ပါဘူး။ လူတိုင်းလိုလို ပိုင်ဆိုင်ထားတဲ့ ဥာဏ်ပညာတစ်ခုကိုတော့ ပိုင်ဆိုင်ထားပါတယ်။ အချိန်တစ်ခုယူပြီး ကြိုးစားမှ အလယ်အလတ် လောက်သာရတဲ့ ကိုယ့်အတွက် အချိန်မပေးဘဲနဲ့တော့ အဲဒီဘွဲ့ကြီးကို မရနိုင်ပါဘူး။ အဲဒါကို မှ မယုံရင် ကိုယ်ကိုယ်တိုင် အိမ်ထောင်ပြုကြည့်ကြပါ။”
လို့ဘဲ ကိုယ်ပြန်ပြောလိုက်ချင်ပါတယ်။ ဟုတ်ပါတယ် သူတို့ထင်နေတာက အတူတူဘဲလို့ထင်နေတတ်ကြလွန်းလို့ပါ။ မတူဘူးဆိုတာကို ကိုယ်ကိုယ်တိုင် အိမ်ထောင်ပြုကြည့်မှဘဲ ခံစားတတ်မှာပါ။ ကိုယ်လည်း တစ်ချိန်က အဲလိုဘဲ ထင်ခဲ့တာပါဘဲ။ တကယ် ကိုယ်အိမ်ထောင်ကျတဲ့ အခါမှသာ အိမ်ထောင်ရှင်များဟာ ပညာရေးအတွက် အချိန်ကို ထင်သလောက် မနစ်မြုပ်နိုင်တာကို ကိုယ်ကိုယ်တိုင်သိမြင်လာပါတယ်။

အချိန်ဆိုတဲ့ အရာဟာ အပျို ၊ လူပျိုတွေအတွက် မရှားပေမယ့် အိမ်ထောင်ရှင်တွေ အတွက် အရမ်း ကိုရှားပါးပါတယ်။ ခုကိုယ်ဆုံးဖြတ်လိုက်တာကတော့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖို့ပါ။ ဒီသင်တန်းကို ဆက်တက်သင့်မသင့်ပါဘဲ။ အဲဒီအတွက် ကိုယ်ဒီသင်တန်းကို တစ်နှစ်နားထားလိုက်ပါတယ်။ ကိုယ်ဒီ ဘွဲ့ကြီးကို risk ယူပြီး ယူသင့်မယူသင့်ဆိုတာ ရယ် ပြီးတော့ ဒီဘွဲ့မရှိရင် ကိုယ့်ဘ၀အတွက်ဘာဖြစ်မှာလည်း။ရှိတော့ရော ဘာတွေ ဖြစ်မှာလည်း ဆိုတာကို ပေါ့။ အချိန်ယူပြီးစဉ်းစားတာဟာ ဘယ်အလုပ်မှ မမှားပါဘူး လို့ ကိုယ့်ရဲ့ မမကြီးက အကြံပေးပါတယ်။ အဲဒီအတွက်ကိုယ် အချိန်ယူပါဦးမယ်။ ကိုယ်ပြောချင်တာတဲ့ နောက်ဆုံး စကားကတော့

“အလုပ်တစ်ခု မလုပ်ခင် အလောတကြီးမဆုံးဖြတ်ပါနဲ့ ။ အချိန်ယူပြီး ကိုယ်လုပ်နိုင်လားမလုပ် နိုင်လား စဉ်းစားပါ။ ပြီးတော့ အိမ်ထောင်ရှင်မိန်းမများအနေနဲ့ ပညာရေးကို ဆက်ပြီးလုပ်မှာလား၊ ဘ၀အတွက် ပညာရေးထက် အရေးပါတဲ့ ကိစ္စတွေ ကိုလုပ်မှာလား ဆိုတာ သေချာစဉ်းစားပြီးလုပ်ပါ”
လို့ အကြံပြုရင်းနဲ့ ဒီပို့စ်လေးကို အဆုံးသတ်ပါတယ်။

ဒါက ကိုယ့်ရဲ့ အမြင်ပါ။ စာဖတ်သူတို့ အမြင်လေးတွေကိုလည်း ပြောပြပေးကြပါဦးနော်။ံ










9 comments:

ကိုဇော် said...

အရမ်းကောင်းတဲ့ ပို့စ်ပါ။
ကျနော်က အိမ်ထောင် မရှိပေမဲ့ အချိန်ရဲ့ ရှားပါးမှုကိုတော့ ခံစားနေရသူ တစ်ယောက်ပါပဲ။
ဒါပေမဲ့ ကျနော်က လုပ်ချင်တာကို လုပ်ခွင့်ရဖို့ အိပ်ချိန်ကို လျော့ပစ်တယ်။ တစ်နေ့ကို ၄ နာရီကျော်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဒါဟာ အိမ်ထောင်မရှိသော ယောက်ျားလေး တစ်ယောက် အတွက်ပဲ မှန်မှာပါ။ အိမ်ထောင် ရှိလာရင် အိမ်ထောင်ကိုလည်း အချိန်မျှဝေပေးရတာ မှန်ပါတယ်။ အိန္ဒိယက မိန်းမတွေ ဆိုတာက သူတို့မှာ နောက်က ကူညီ လုပ်ကိုင်ပေးတဲ့ လူတွေ ရှိပါတယ်။ ထားပါတော့လေ။ သူ့ဘဝနဲ့သူပါ။ ကိုယ့်ဘဝနဲ့ ကိုယ်ပေါ့။ အလောတကြီး ဘယ်အရာကိုမှ မလုပ်တာတော့ အကောင်းဆုံးပါပဲ။

ပျော်ရွှင်ပါစေ။
ကိုဇော်

ဝက်ဝံလေး said...

တော်တော်လေးကို စဉ်းစားစရာ ပေးတဲ့ပို့စ်လေးပါ အင်းနော် ... အိမ်ထောင်ရှင် အမျိုးသမီးဘဝကလဲ မလွယ်ပါတယ် အင်းးးးးးးး အိမ်ထောင်မပြုဖဲ နေမှနဲ့တူတယ်နော် ဒါဆို လွတ်လွတ်လပ်လပ်ပဲ ဟိ....

ကိုင်းးး ကျွန်မ အပျိုကြီးဖြစ်ရင် ဒေါ်မျက်မှန်လေး ကျွန်မကို မွေးစားသမီးအဖြစ်မွေးစားနော် ဒါဖဲ ဒါဖဲ ခစ်ခစ် ....

Demon said...

ကျွန်တော့အမြင်ကတော့ရှင်းရှင်းလေးပါ
လူတိုင်းအရည်အချင်းရှိနေရင် လောကကြီးမှာ Bill Gate တွေချည်းပဲဖြစ်နေမှာပေါ့
အရှုံးပေးတတ်တဲ့လူစားမျိုးက တော့ ရှုံးလာရင် ဘာ့ကြောင့် ညာကြောင့် အကြောင်းပြမှာပါပဲ
လူကိုယ်ချင်းစာစရာ ဇာတ်ထုတ်ချခင်းနေလို့လဲ သူများထက်သာတဲ့နေရာကို ရောက်မှာမဟုတ်ဘူး
အားလုံးပြေးနေကြတာမှာ မပြေးနိုင်ရင်တော့ ကျန်နေလိုက်ပေါ့
တခြားသူတွေကို ဝါဒလိုက်ဖြန့်နေစရာမလို :)

မျက်မှန်လေး said...

ကြိုက်သလို့သာ မန့်ပေတော့။ ဒါပေမယ့် အိမ်ထောင်မပြုရသေးဘူးဆိုရင် အရင်ပြုကြည့်လိုက်ပါ။ အချိန်တွေဟာ ရှားပါးကြောင်း သိလာပါလိမ့်မယ်။ ကိုယ်လည်း အရင်တုန်းက Demon ထင်သလို ထင်ခဲ့တာဘဲ။ လက်တွေ့ကျတော့ ကိုယ်ပိုင်အချိန်ထက် သူ့အတွက်ပေးရတဲ့ အချိန်ဟာပိုများလာတယ်။ Demon ကို အကြံပေးလိုတာက အိမ်ထောင် အရင်ပြုကြည့်ပါလို့ဘဲ ပြောပါရစေ။

မျက်မှန်လေး said...

သြော် ..ဒါဟာ ၀ါဒဖြန့်တာ မဟုတ်ပါဘူး။ ကိုယ်မှားခဲ့ ဖူးတာကို သူများတွေမမှားအောင် အသိပေးတဲ့ သဘောပါဘဲ။

ဆောင်းနှင်းရွက် said...

ရှုပ်ပါတယ် ..
အပျိုကြီး ပဲ လုပ်ရရင် ကောင်းမလား မသိဘူး .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Nge Naing said...

ညီမရေ တကယ်ကို ပို့စ်ကောင်းလေးတခုပါ။ အတွေ့အကြုံတွေက ချွတ်စွပ်ကို တူနေလို့ ဘာပြောရမှန်းတောင် မသိဘူး။ ဒါတောင်မှ ညီမမှာ ကလေးမရှိသေးဘူးနော့်။ ကလေးရှိရင် ကလေးငယ်ရင် ငယ်သလို ကရိကထ များတာနဲ့ ကလေးနည်းနည်း ကြီးလာရင်လည်း ကလေးအတွက် သာမက ကလေးရဲ့ သူငယ်ချင်းတွေအတွက်ပါ အစီစဉ်လေးတွေ လုပ်ပေးပြီး အချိန်ပေးရတာနဲ့ အိမ်ထောင်သည် အမျိုးသမီးတယောက်အတွက် ပညာရေးကို Full time လုပ်ဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ အလုပ်ကြီးဆိုတာ ကြုံဖူးသူမှသာ သိနိုင်ပါတယ်။ အစ်မလည်း ဒီအကြောင်း ပို့စ်ရေးဖို့ ရှိပါတယ်။ အစ်မရေးဖြစ်ရင် ညီမပို့စ်လေးကိုပါ ညွန်းပေးလိုက်မယ်နော့်။

စန္ဒကူး said...

မျက်မှန်လေးရေ..
အိမ်ထောင်သည်တွေမဆိုနဲ့ ချစ်သူအဝေးမှာရှိတဲ့ ကူးကူးတောင်မှ ကျောင်းဆက်တက်လိုက်တုံးက.. အလုပ်တစ်ဖက် စာတစ်ဖက် လူမှုရေး တစ်ဖက်နဲ့ ချစ်သူကို မေ့ပစ်ထားသလို ဖြစ်ခဲ့သေးတာ...
အိမ်ထောင်သည်တွေဘ၀ကိုကိုယ်ချင်းစာပါတယ်.. သူတို့အချိန်ဘယ်လို ဝေခွဲနေရလဲဆိုတာ...
ဒီလိုဘဲ ရုံးကန်ရင် အချိန်တန်တော့ပြီးသွားမှာပါ..
သူများတွေဘာပြောပြော ကိုယ့်ဘ၀ထဲသူတို့ဝင်မကြည့်နိုင်တာမို့ သူတို့ကို ဂရုစိုက်နေဖို့လဲမလိုပါဘူး.. လူတွေက တစ်ခုမဟုတ် တစ်ခု ဝေဖန်နေကြအုံးမှာဘဲ..
လူလူခြင်းပေမယ့် မတူညီတဲ့အရာတွေအများကြီးမို့.. လုပ်နိုင်သူ တွေကလဲ မလုပ်နိုင်သေးသူကို ဘာမှ ပြောနေဖို့မလိုသလို.. လုပ်နိုင်မယ်လို့ မဖြစ်သေးတဲ့ အခြေနေတစ်ခုကို ခန့်မှန်းထင်ပြီး ဝေဖန်သူတွေလဲရှိတယ်.. ဒါကြောင့်.. ကိုယ့်ဘ၀နဲ့ကိုယ်မို့ ပျော်ပျော်ကြီးသာ ဆက်လျှောက်ပါ.. သူများပြောတဲ့စကားတွေအတွက် ကိုယ့်ပျော်ရွှင်မှုမပျက်ပါစေနဲ့နော်..

Anonymous said...

မျက်မှန်လေးရေ..ပြောတာထက်တောင်ပိုပင်ပန်းသေး.ကလေးမွေးပြီး ၇ပတ်မြောက်မှာ ရုံးပြန်တက်ရတယ်.. ရုံးပြန်တက်တဲ့အချိန်မှာ နို့တိုက်မိခင်တိုင်း ခံစားရတဲ့ဝေ
ဒနာကို ခံစားရတာ..ဖျားတောင်ဖျားတယ်.. ညနေဖက်ပြန်ရောက်ရင် သမီး တာဝန်.ယောကျာင်္းစားဖို့စီစဉ်နဲ့ ညဖက်ရောက်တော့အိပ်ရေးပျက်. မနက်ကြတော့အလုပ်ကပင်ပန်းနဲ့..မျိုးကျော့မြိုင်သီချင်းကို အဲဒီတော့မှသဘောပေါက်တော့ တယ်. ပင်ပန်းလွန်းအားကြီးလို့လေ.ပင်ပန်းလိုက်တာ လို့တောင်ထုတ်မပြောချင်အောင်ပင်ပန်းတယ်..ဒါကို သဘောမပေါက်တဲ့ဆွေမျိုးတွေကလေ သမီးကို ဒီမှာမွေးနိုင်လို့အထင်ကြီးကြသေးတယ်..ကိုယ့်ပင်ပန်း မှု့ကိုတော့ သူတို့လက်ခံနိုင်မှာ မဟုတ်ကြဘူး။