ချစ်ရပါသောမောင်

ကျွန်မ ဘ၀မှာ ဒီနေ့ဟာ ၀မ်းအနည်းဆုံးနေ့တစ်နေ့ပါ။ ကျွန်မ သိပ်ချစ်ရတဲ့ သူက ကျွန်မနဲ့ အဝေးဆုံးကို ထွက်ပြေးသွားတော့မယ်လို့ ပြောတဲ့နေ့တစ်နေ့ပေါ့။ သူနဲ့ ကျွန်မနဲ့ အိမ်ထောင်သက် ၅ နှစ်မှာ သူဆီက မထင်မှတ်ထားတဲ့ စကားတစ်ခွန်းကို ကျွန်မ ကြားခဲ့ရတယ်။ ကျွန်မ အရမ်းဝမ်းနည်းခဲ့ရပါတယ်။ ကျွန်မတို့နှစ်ယောက် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကိုယ်တိုင် တည်ဆောက်လာတဲ့ အဆောက်အအုံလေးကို ကျွန်မတကယ် မပျက်စီးစေချင်ပါဘူး။ ကျွန်မတို့ နှစ်ယောက်ရေးခဲ့ကြတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ကမ္ဘာလေးတစ်ခု ပျက်စီးသွားမှာ မလိုလားဆုံး လူသားဟာ ကျွန်မဘဲဖြစ်ပါတယ်။



“ ကိုယ်တို့ လမ်းခွဲကြရအောင်” တဲ့.။

“ မောင် ဘာပြောလိုက်တယ်။”

“ မောင်တို့ လမ်းခွဲ ရအောင် လို့ပြောလိုက်တာလေ။ ”

ဘာဖြစ်လို့လည်း ဆိုတာကို မေးလို့မရဘဲ ခရု နှုတ်က ဆွံအ နေခဲ့တယ်။

“ မောင့်ဘက် ကသေချာပြီလား။ ရု ဘက်ကစပြောတာမဟုတ်ဘူးနော် ။”

“ သေချာတယ်။ မောင်ဖန်တရာတေ အောင် စဉ်းစားပြီးမှ ဒီစကားကိုပြောတာ။”

မောင့်ကို ဟန့်တားဖို့ ကျွန်မ မစဉ်းစားခဲ့ပါဘူး။

“ အိုကေလေ။ မောင်ကတောင် ဒီစကားပြော မှတော့..ရု က မောင့်ကိုကွာပေးရတော့မှာပေါ့။ ဒီနေ့အဖို့တော့ အချိန်နှောင်းနေပြီ မောင်။ နက်ဖြန်ကျမှ မောင်နဲ့ ရု တို့ တရားရုံးတစ်ခုခု သွားပြီး ကွာကြတာပေါ့နော်။ ရု အကုန်အဆင်သင့်ပြင်ထားလိုက်ပါ့မယ်။

ခရု ဒီစကား ပြောရင်း အသံတွေတုန်နေပါတယ်။ မျက်ရည် တွေကလည်း ပါးပြင်ပေါ်မှာ ပိုးပိုးပေါက်ပေါက်ကျနေပါတယ်။ အရင်က ခရု မျက်ရည်ကျဖို့ မပြောနဲ့။ မျက်နှာညိုရင်တောင် မှ မနေတတ်တဲ့ မောင်တစ်ယောက် ခုတော့ ခရုမျက်ရည်တွေကို မောင် ဥပက္ခာပြုရက်နိုင်ပြီပေါ့။ မောင်မျက်နှာမကောင်းစွာနဲ့ အိမ်ရှေ့ထွက်သွားပါတယ်။ ရုကတော့ မောင်ဝယ်ပေးထားတဲ့ အရုပ်တွေကို ထုရိုက်ရင်း အားရပါးရ ရှိုက်ကြီးတင် ငိုကြွေးနေမိပါတယ်။

ခရု ထက်အသက်နှစ်နှစ်လောက်ငယ်တဲ့ မောင့်ကို ခရု အရမ်းချစ်ပါတယ်။ ခရု မျက်လုံးထဲမှာ မောင်နဲ့ ဆုံစည်းဖြစ်တဲ့ အချိန်လေးတွေကိုပြန်မြင်ယောင်နေပါတယ်။ ခရု ဆယ်တန်းအောင်ပြီးလို့ YIT တက်နေရင်းအိမ်စရိတ် တစ်ဖက်တစ်လမ်းအတွက် ခရု ဆယ်တန်းတွေကို ဂိုက်လုပ်ပြီး ငွေရှာပါတယ်။ ဒီဇင်ဘာလလောက်မှာ ခရုရဲ့ သူငယ်ချင်း ငယ်ငယ် က သူ နိုင်ငံခြားကို ကျောင်းလျှောက်တာ ရပြီ ဆိုပြီး သူ့ရဲ့ ဂိုက် နှစ်ယောက်ထဲက တစ်ယောက်ကို ခရုကို အပ်ခဲ့ပါတယ်။ ငယ်ငယ် က ခရုကို ခေါ်ပြီး သူ့ဂိုက် နဲ့ မိတ်ဆက်ပေးပါတယ်။ ခရုနဲ့ မောင့်ရဲ့ ဇာတ်လမ်းအစပေါ့။ ဆံပင်ရှည်ရှည် အလယ်ခွဲ နဲ့ မောင့်ပုံစံက အဲဒီကတည်းက ထောင့်ကို မကျိုးခဲ့တာပါ။

“လင်းထင်…. ဒါက မငယ် ကိုယ်စား မင်းကိုဂိုက်လုပ်ပေးမယ့် မမေခရု တဲ့ ..”

ဖေဖေက ကျွန်မနံမည်ကို ပေးတုန်းက ချစ်စရာသမီးလေးမို့လို့ Cute လို့ ခေါ်ပါတယ်။ အဲဒါကို မေမေက ကြာသပတေးသမီးဖြစ်တဲ့ ကျွန်မ ကို အရှေ့က မေထည့်ပြီး May Cute လို့ နာမည်ပေးပါတယ်။ ကျောင်းထားတော့ May Cute ကနေ မေခရု ဆိုပြီး နာမည်ဖြစ်သွားပါတယ်။

“ခရုရေ…ဒါက ကိုယ့်ဂိုက် လင်းထင်တဲ့. ကိုယ်စိတ်ချ လက်ချ အပ်ခဲ့ပြီနော်။ ဒီကောင်စာမေးပွဲအောင်ဖို့ မင်းတာဝန်နော်.”

ဒီလိုနဲ့ မောင့်အိမ်ကို ကျွန်မတို့ တစ်ပတ်မှာ ၅ ရက်လောက် ကျွန်မစာသွားပြပေးခဲ့ပါတယ်။ တစ်ဖြေးဖြေးရင်းနှီးလာတော့ …ကျွန်မကို မခရု..မခရု လို့ခေါ်နေတဲ့ မောင့်ကို

“ လင်းထင်ရေ..ငါ့ကို မခရုလို့ မခေါ်နဲ့ကွာ…သူများတွေကြားရင် မက်ခရု တွေပေါက်နေတယ်ထင်သွားဦးမယ်။ ခရုလို့ဘဲခေါ်ပါနော်။ ”

“ ဟုတ်ကဲ့ ခရု..”။

ကျွန်မ စာသင်လို့ သုံးလလောက် အကြာမှာဘဲ အရင်က ဂျစ်ကန်ကန်နေတတ်တဲ့ မောင်က လိမ္မာသွားခဲ့တယ်။ မောင့်အမေကဆို ကျွန်မကို အရမ်းကျေးဇူးတင်တဲ့အကြောင်း သူ့သားကို ခုလို ပြုပြင်နိုင်တာ ဒီလောကမှာ သမီးတစ်ယောက်ဘဲရှိတဲ့ အကြောင်းပြောတော့ ကျွန်မ ရှက်ကိုးရှက်ကန်းဖြစ်သွားတယ်။ မောင် ဆယ်တန်းကို ဂုဏ်ထူး ၁ ဘာသာနဲ့ အောင်သွားတယ်။ မောင် အောင်စာရင်းထွက်တဲ့ နေ့က ကျွန်မဆီကို အပြေးတစ်ပိုင်းနဲ့ ရောက်လာပြီး ခရု ကြောင့် စာမေးပွဲ အောင်တာဆိုပြီး ကျွန်မကို ကန်တော့ခဲ့တယ်။ အိမ်မှာ ဘာမှဧည့်ခံဖို့ မရှိလို့ မောင့်ကို ကျွန်မနည်းနည်းအားနာသွားခဲ့တယ်။ ကျွန်မတို့ အိမ်က မောင်တို့အိမ်လောက်မပြေလည်ခဲ့ပါဘူး။ အဖေ ရဲ့ ၀န်ထမ်းလစာဟာ ကျွန်မတို့မိသားစု အတွက် မဖူလုံ ခဲ့ပါဘူး။ မေမေကလည်း ကျန်းမာရေးအခြေအနေကြောင့် အလုပ်မလုပ်နိုင်ခဲ့ပါဘူး။ မောင်နှမ သုံးယောက်မှာ ကျွန်မ က အလတ်ပါ။ကိုကြီးကလည်း သူရတဲ့ လစာက သူ့စားရိတ်နဲ့ မလောက်လို့ အိမ်ကို မထောက်နိုင်ခဲ့ပါဘူး။ အငယ်မက ကိုးတန်းဆိုတော့ စာအုပ်ဖိုး၊ ကျောင်းစားရိတ်တွေဟာ ကျွန်မအပေါ်မှာ ပိနေပါတယ်။ မောင့်ကို ဂုဏ်ပြုတဲ့ အနေနဲ့ တစ်ခုခုလိုက်ကျွေးမယ်ဆိုပြီး မောင်နဲ့ ကျွန်မ အိမ်နား က ရှမ်းခေါက်ဆွဲ ဆိုင်ကို ထွက်လာခဲ့ပါတယ။် တို့ဟူးနွေး ကို အရမ်းကြိုက်တဲ့ မောင်က တို့ဟူးနွေးနှစ်ပွဲ စားပြီး ဗိုက်ကားသွားလို့ လမ်းလျောက်ချင်တယ်ဆိုတာနဲ့ ကျွန်မလည်းမောင့်ဘေးနားက တိတ်တိတ်လေး လိုက်ခဲ့မိပါတယ်။ လမ်းမှာ မောင်က ကျွန်မကို ချစ်ရေးဆိုပါတယ်။ ကျွန်မလည်း မောင်ဘွဲ့ တစ်ခုခုရမှ အဖြေပေးမယ်လို့။ ဒီလိုနဲ့ မောင်နဲ့ ကျွန်မတို့ အသီးသီးဘွဲ့ ရခဲ့ပါတယ်။ မောင်က Eco နဲ့ဘွဲရခဲ့သလို ကျွန်မလည်း Electronic Engineer ဘွဲ့ကို ရခဲ့ပါတယ်။ မောင်က သူဘွဲ့ယူပြီးအပြန် ကျွန်မအိမ်ကို ဘွဲ့ဝတ်စုံနဲ့ ရောက်လာပြီးတော့ အဖြေတောင်းပါတယ်။ ကျွန်မလည်း ခေါင်းညိမ့် ခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မတို့နှစ်ယောက် လက်ထပ်ဖို့ ပိုက်ဆံလေးတွေစုဆောင်းခဲ့ကြပါတယ်။ အဲလို စုဆောင်းနေချိန်မှာဘဲ ကျွန်မ စင်ကာပူ လာဖို့ အခြေ အနေဖြစ်လာပါတယ်။ ကျွန်မ အရင်ရောက်ပြီးတစ်နှစ် အကြာမှာ မောင် က ဒီကို အလည်လာရင်း အလုပ်ရသွားပါတယ်။ ကျွန်မတို့ နှစ်ယောက်နှစ်ကုန်တော့ ရန်ကုန်ပြန်ပြီး လက်ထပ်ဖြစ်ခဲ့ပါတယ်။ ခုဆို အိမ်ထောင်သက် ၅ နှစ်ရှိပြီ။ တစ်ခါတစ်လေ တစ်ယောက်နဲ့ တစ်ယောက် စိတ်အခန့်မသင့်ဖြစ်ပြီး သူနိုင်ကိုယ်နိုင် အော်ကြတာကလွဲလို့ ကြီးကြီးမားမား ပြသနာ ရယ်လို့မရှိခဲ့ဖူးပါဘူး။ ကျွန်မ ကုတင်ပေါ်မှာ အရူးတစ်ယောက်လိုငိုကြွေးရင်း မောင့်အပေါ်မှာ မောင်စိတ်ဆိုးလောက်အောင် ကျွန်မ ဘာတွေလုပ်ခဲ့ မိသလဲဆိုတာစဉ်းစားလို့မရဖြစ်နေပါတယ်။ မောင့်အပေါ်မှာလည်း ယောင်လို့တောင်မှ သစ္စာမဖောက်ခဲ့ပါဘူး။ မောင်လိုချင်တာဆို ကျွန်မ ဘာမဆို ၀ယ်ပေး ခဲ့ပါတယ်။ မောင်ဖြစ်ချင်တာဆို ကျွန်မအားလုံးလိုက်လျောခဲ့ပါတယ်။မောင့်ကို အမတစ်ယောက် အမေတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို ချစ်သူတစ်ယောက်လိုပုံမျိုးနဲ့ ကျွန်မသိပ်ချစ်ခဲ့ပါတယ်။ မောင်ကလည်း သူတစ်ခုခုလုပ်မယ်၊ ၀ယ်မယ်ဆိုတိုင်း ကျွန်မသဘောတူမှ လုပ်ပါတယ်။ ကျွန်မကို လစာထုတ်တိုင်း လခအကုန်ပြန်အပ်ပြီး ကျွန်မပေးတဲ့ မုန့်ဖိုးကို ဘဲ လောက်ငအောင် သုံးတတ်တဲ့ မောင်၊ ကျွန်မအလုပ်ပင်ပန်းတိုင်းမှာ ကျွန်မကြိုက်တဲ့ Premier ကော်ဖီကို နို့ဆီနဲ့ဖျော်ပြီး နှပ်ထားပေးတတ်တဲ့ မောင်၊ ကျွန်မနဲ့ ရန်ဖြစ်တိုင်းမှာ ကျွန်မကို ပြန်ချော့တတ်တဲ့ မောင် ။ ခုတော့ အဲဒီမောင် ကဘယ်ရောက်သွားပြီလဲဟင်။ ကျွန်မ ဆောက်တည်ရာမရအောင် ဖြစ်နေခဲ့တယ်။ ငိုရလွန်းလို့ မျက်လုံးတွေလည်းအစ်ပြီး မို့နေတယ်။ ကျွန်မ ချက်ချင်းသတိ တစ်ခုရလာတယ်။ မောင်ခိုးခိုးပြီးရေးတတ်တဲ့ ဒိုင်ယာရီစာအုပ်လေးကိုပေါ့။ ကျွန်မ ဗီရို ထဲမှာ ရှာကြည့်တယ်။ မတွေ့၊ ကျွန်မနဲ့ မောင်နဲ့ လက်ထပ်ပွားပစ္စည်းတွေထားတဲ့ မီးခံသေတ္တာလေးထဲမှာလည်းရှာတယ်။ မတွေ့ ။ နေရာအနှံ့ လိုက်ရှာခဲ့တယ်။ ကျွန်မ မတွေ့ခဲ့ပါဘူး။ မနက် ၃ နာရီ ထိုးသွားခဲ့ပြီ။ ကျွန်မ အိပ်လို့မရဘဲ ကုတင်ပေါ်မှာဟိုလွန့်ဒီလူး ဖြစ်နေခဲ့တယ်။ မောင့်ကို ထကြည့်လိုက်တော့ အိမ်ရှေ့ကုလားထိုင်မှာ ထိုင်ရင်းမျက်လုံးမှိတ်နေတယ်။ ဟင်…မောင်ငိုနေတယ်။ မျက်လုံးဒေါင့်မှာမျက်ရည်တွေ လဲ့ နေတယ်။ ကျွန်မ မောင့်ကိုကြည့်ရင်းဝမ်းနည်းလာလို့ အိမ်ခန်းထဲပြန်ဝင်ပြီး ကျွန်မတို့နှစ်ယောက်မင်္ဂလာဆောင်တုန်းက ရိုက်ထားတဲ့ လက်မ ၃၀ လောက်ရှိတဲ့ အလှ ဓါတ်ပုံကို ကြည့်ရင်း ဖတ်ငိုမိတယ်။ ပြီးတော့ ကျွန်မ ဒီဓါတ်ပုံကို ဖြုတ်လိုက်တဲ့ အခါမှာမထင်မှတ်ဘဲ အံဝှက်လေးတစ်ခုသွားတွေ့မိတယ်။ အဲဒါကို ဖွင့်ကြည့်တော့ ကျွန်မရှာနေခဲ့ တဲ့ မောင့်ဒိုင်ယာရီ စာအုပ်လေးပါလား။

ကျွန်မ ဒိုင်ယာရီစာအုပ်လေးကို ယူလိုက်တော့ စာအုပ်ထဲက ကျွန်မရဲ့ ဓါတ်ပုံလေးတစ်ပုံထွက်ကျလာခဲ့တယ်။ ကျွန်မ ဓါတ်ပုံလေးကို ပြန်ကောက်ယူပြီး ဒိုင်ယာရီ စာအုပ်လေးကို စပြီးလှန်ခဲ့ တယ်။ အစပိုင်းမှာ သူနဲ့ ကျွန်မနဲ့ စပြီး ပိုက်ဆံ စုနေပြီဆိုတဲ့ အကြောင်း၊ ကျွန်မနဲ့ အတူတူနေရရင် သူအရမ်းပျော်တယ် ဆိုတဲ့ အကြောင်း ကျွန်မကို သူသိပ်ချစ်တယ် ဆိုတဲ့ အကြောင်းရေးထားပါတယ်။ ကျွန်မလည်း အရင် ကအကြောင်းတွေကို မနေ့တစ်နေ့ ကလိုဘဲပြန်မြင်ယောင်လာပြီး ကြည်နူးလာပါတော့တယ်။ နောက်ပိုင်းစာမျက်နှာတွေမှာတော့ အဲလို ကြည်နူးမှုမျိုးမပါဘဲနဲ့ မာနတွေ သာ တွေ့ရပါတော့တယ်။ ကျွန်မရဲ့ ထိန်းချုပ်မှုဟာ သူ့ရဲ့ ယောကျာ်းမာန ကိုထိပါးတယ်တဲ့ ။ မောင်ရယ် ကျွန်မနဲ့ မောင်နဲ့ ကြားမှာ မာနတွေ ဘာတွေ ဘယ်တုန်းကရှိသွားတာလည်းဟင်း။ ကျွန်မ မောင့်ကိုထိန်းချုပ်တယ် ဆိုတာ တွေဟာမောင့်အတွက်ပါ။ မောင် ဘာလို့ အဲလိုတွေးတာလည်းဟင်။ ပြီးတော့ ကျွန်မက မောင့်ကို အထင်မကြီးဘူးတဲ့ ။ မောင့်ကို အထင်ကြီးလို့ မောင့်ကိုလေးစားလို့ ကျွန်မရဲ့အိမ်ဦးနတ်နေရာမှာ မောင့်ကို ထားထားတာပေါ့မောင်ရယ်။ ကျွန်မ အထင်မကြီး မလေးစားတဲ့ လူတစ်ယောက်ကို ကျွန်မ ဘယ်တော့မှမယူဘူးမောင်။ တခြားမိန်းမတွေက သူတို့ယောကျာ်းတွေ ကို ရိုသေတယ်တဲ့ ။ကျွန်မမောင့်ကို ရိုသေပါတယ်။ ဒါပေမယ့် ကျွန်မမောင့်ကို ကန်တော့လို့မှ မရတာ။ မောင်က ကျွန်မထက် အသက်ငယ်တယ်လေ။ ကျွန်မ မောင့်ကို အရမ်းချစ်လွန်းလို့ လက်ထပ်ခဲ့တာပါ။ ကျွန်မထက်ငယ်တာ မပြောနဲ့ ကျွန်မ နဲ့ သက်တူရွယ်တူ တောင် ကျွန်မ မယူဘူးလို့ ဆုံးဖြတ်ထားတဲ့ ကျွန်မဆုံးဖြတ်ချက်ကို ကျွန်မ ရိုက်ချိုးပြီးမောင်နဲ့ လက်ထပ်ခဲ့တာပါ။ မောင်ရယ် …ငယ်ငယ်လေးတည်းက ဟင်းချက်မကောင်းခဲ့တဲ့ ကျွန်မက မောင့်ကို စားစေချင်လို့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ကျွန်မ ကြိုးစားချက်ပြုတ်ခဲ့ပါတယ်။ မောင်က ကျွန်မကို တခြားမိန်းမတွေလိုနေစေချင်တာလားဟင်။ ယောကျာ်း အပ်တဲ့ လစာနဲ့ လောက်အောင်သုံး ၊ အချိန်တန်ရင် ကလေးမွေး၊ ကလေးကြီးအောင် ပြုစု၊ မီးဖိုချောင်ထဲမှာ တကုတ်ကုတ်နဲ့ အလုပ်တွေလုပ်နေတတ်တဲ့ အိမ်ရှင်မတာဝန်တွေကို ယူစေချင်တာလားဟင်။ ထက်ထက်မြတ်မြတ် နဲ့ စီးပွားရေးလုပ်တတ်တဲ့ မိန်းမတစ်ယောက် ကို မောင်မလိုချင်တော့ဘူးလား ။ မောင့်ကို အားကိုးတကြီးနဲ့ ကြည့်တတ်တဲ့ မျက်ဝန်းတွေကို မောင် ကျွန်မဆီက လိုချင်တာလားဟင်။ မောင့်ကို ကျွန်မသိပ်ချစ်ပါတယ်။ ကျွန်မ ဘာလုပ်ရမလဲ။ ကျွန်မ ဘယ်လိုဆုံးဖြတ်ရမလဲ။ ထက်မြတ်တဲ့ မိန်းမတစ်ယောက် ရဲ့ မာန နဲ့ မောင့်ကို ချစ်တဲ့ အချစ် လွန်ဆွဲနေတယ်။ ကျွန်မ မောင့်ကို ချစ်တဲ့အချစ်ကို ဘဲအနိုင်ပေးချင်ပါတယ်။ မာနတွေအားလုံးကို မောင့်ခြေထောက်အောက် ကို ပစ်ချပေးလိုက်ပါပြီ။ မောင်ကြိုက်သလိုသာဆုံးဖြတ်ပါတော့နော်။ ကျွန်မ ခနအိပ်ပျော်သွားတယ်။ ကျွန်မ အိပ်ရာကနိုးတော့ မောင် က မနိုးသေးဘူး။ မောင် နောက်ကျမှ နိုးပါစေ။ မောင်နိုးရင် ကျွန်မတို့ နှစ်ယောက် တရားရုံးသွားပြီး ကျွန်မတို့ရဲ့ ကမ္ဘာလေးကို ဖျတ်စီးပစ်ရတော့မယ်လေ။ ကျွန်မမှာ မောင့်ကို ပြန်သိမ်းသွင်းဖို့ တစ်မနက် ဘဲကျန်ပါတယ်။

ကျွန်မ မောင့်မျက်နှာက အ၀ကြည့်ပြီး မောင့်နဖူးလေးကို နှစ်ခြိုက်စွာနမ်းလိုက်ပါတယ်။ ပြီးတော့ ကမန်းကတန်း ကျွန်မ မီးဖိုချောင်ထဲ ပြေးပြီး မောင်ကြိုက်တတ်တဲ့ ဘာဂါ လုပ်ဖို့ ပေါင်မုန့်၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ဆလပ်ရွက်၊ Cheese ၊ Mayonese နဲ့ အသားပြားတို့ ကို ပြင်ဆင်ပါတယ်။ ပြီးရင်း ပေါင်မုန်းကို ဓါးနဲ့လှီးပြီး Mayonese ဆလပ်ရွက် ခရမ်းချဉ်သီး၊ သခွားသီး၊ တို့ကို ရေစင်အောင်ဆေးပြီး ပေါင်မုန့်ပေါ်မှာ ဖြန့်ခင်းပါတယ်။ ပြီးတော့ အသားပြားကို မောင့်အကြိုက်ကြွပ်ကြွပ်လေးကြော်ပြီး ခုနအရွက်တွေပေါ်မှာ တင်လိုက်ပါတယ်။ပြီးတော့ Cheese ကိုခွဲခြမ်းပြီး အသားပြားပေါ်မှာတင်ပါတယ်။ ပြီးတော့ ပေါင်မုန့်တစ်ခြမ်းကို ပြန်အုပ်လိုက်ပါတယ်။ ဒါဆို ဘာဂါရပြီ။ ပြီးရင် အာလူးချောင်းကြော် ကြော်ပါတယ်။ ပြီးတော့ ကြက်ဥ အနှစ်မကြတ်တဲ့ Half Fried ကြော်ပြီး မောင် နိုးလာရင်စားဖို့ ထမင်းစား စားပွဲပေါ်တင်ထားပါတယ်။ ကျွန်မရေမိုးချိုး အ၀တ်လဲ သနပ်ခါးလိမ်းလို့ အပြီးမှာ မောင်နိုးလာပါတယ်။ အရင်ကဆို မောင်နှိုးမှ ထတဲ့ ကျွန်မ က သူ့ထက်အရင်နိုးနေလို့ သူအံ့သြနေပါတယ်။ မောင့်အတွက် အဆင့်သင်လုပ်ထားတဲ့ တဘက်နဲ့ သွားတိုက်ဆေးထည့်ထားတဲ့ သွားပွတ်တံကို မောင့်ကို ကမ်းပေးတော့ မောင်က ကြောင်အမ်းအမ်းနဲ့ ယူလိုက်ပါတယ်။ မောင် ရေချိုးပြီးရင် ၀တ်ဖို့ အ၀တ်တွေကို ကျွန်မ ညတည်းက မီးပူထိုးပြီး အဆင်သင့်ဖြစ်အောင် လုပ်ထားပါတယ်။ မောင်ရေချိုးခန်းထဲကထွက်လာတော့ ..မောင့်ကို ရေတွေ ဘာတွေသုတ်ပေးပြီး မီးပူတိုက်ထားတဲ့ အကျင်္ိ လေးကို ကျွန်မကိုယ်တိုင် ၀တ်ပေးနေမိပါတယ်။ မောင်က ကျွန်မကို အံအားသင့်သလိုနဲ့ ကြည့်ရင်း နဲ့ ဒီမိန်းမ ရူးများရူးသွားပြီးလားမသိဘူး ဆိုတဲ့ အထာနဲ့ပေါ့။ ကျွန်မမောင့်ကို ရွေးခဲ့ပြီးပြီဘဲ။ ကျွန်မ စိုပြီးသားလက်ကို မခြောက်စေချင်ပါဘူး။ မောင့်ကို ချစ်တဲ့ အချစ်ဟာ ကျွန်မကို အနိုင်ရသွားပါပြီ။

“ မောင် အ၀တ်လဲပြီးရင် ထမင်းစားပွဲကို လာခဲ့နော်။ Breakfast စားရအောင်။”

ခနနေတော့ မောင်အခန်းထဲက ထွက်လာပါတယ်။ ပြီးတော့ မောင့်ကို ထိုင်စေပြီး

“ ဒီမှာ မောင်ကြိုက်တဲ့ ဘာဂါလေ။ ခရုကိုယ်တိုင်လုပ်ထားတာ။ အာလူးချောင်း လဲပါတယ်။ မောင်ကြိုက်တဲ့ Half Fried လည်းပါတယ် ။ ကော်ဖီက ဒီဘက်မှာ မောင်။ ”

“ ရု ကော မစားဘူးလား ။” မောင့်ဘေးနားမှာ ယပ်ခတ်ပေးနေတဲ့ ကျွန်မကို မောင် က စားဖို့ခေါ်ပါတယ်။

“ မစားသေးဘူးမောင်။ မောင်စားပြီး မှ ဘဲ ခရု စားတော့မယ်နော်။ မောင်ရေ.. ခရု အလုပ်ထွက်တော့မယ် နော်။ မောင့်ဘေးနားမှာ နေပြီး မောင့်ရဲ့ အိမ်ရှင်မဘဲ ခရုလုပ်တော့မယ်နော်။..”

ခနနေတော့ ကျွန်မ စားဖို့ ကြက်ဥ ကြော်မယ်လုပ်တော့ Gas မီးဖို က Gas က ဖွင့်လို့မရတော့ဘူး။ အရင်ကဆို ကျွန်မပြင်နေကြပါ။ ခုလည်းပြင်တတ်ပါတယ်။ ဒါပေမယ့်။

“မောင်ရေ…မောင် ဒီမှာ Gas မီးဖို ဘာဖြစ်သွားလည်းမသိဘူး လာကြည့်ပေးပါဦးနော်”

မောင်ပြာပြာသလဲနဲ့ ရောက်လာပြီး Gas မီးဖိုကို ပြင်လိုက်တယ်။မောင့်ကို ကျွန်မ အားကိုးတကြီးနဲ့ ကြည့်နေမိတယ် ။

“ မောင်ရေ..မောင်မရှိရင် ကျွန်မတော့ဒုက္ခပဲနော်။ ”

မောင်။။ကျွန်မ ဆီက လိုချင်တာ အဲဒါတွေလား။ ကျွန်မပေးနိုင်ပါတယ်။ ကျွန်မကတော့ မောင့်ဆီက ကျွန်မကို ဘယ်တော့မှ ပစ်မသွားပါဘူးဆိုတဲ့ ကတိတခုဘဲလိုချင်ပါတယ် မောင်ရယ်။


11 comments:

မြူးမြူး said...

တခါတလေကျတော့ ယောက်ျားတွေရဲ့အတ္တကို ရှင်သန်ခွင့်ပေးဖို့လိုတယ်.. သိပ်ထက်မြက်လွန်းတဲ့မိန်းမတွေ ကြုံတွေ့ရလေ့ရှိတဲ့ အဖြစ်လေးပေါ့နော်.. မမရေးထားတာလေး ကြိုက်တယ်..း)

မျက်မှန်လေး said...

ဟုတ်တယ်။မြူးမြူးရေ...အရာရာကို သူတို့ကို ရှေ့တန်းတင်မှ ကြိုက်ကြတယ်လေ...

စန္ဒကူး said...

အင်း...ခက်တော့နေပြီ...
ယောက်ျားတွေလဲအမျိုးမျိုးပါလား...
ယူရမှာတောင်ခပ်လန့်လန့်ရယ်..း)))

Anonymous said...

http://www.mediafire.com/?dc1dnseufggvc2w#2

ဒီလင့်လေးကိုဒေါင်းပြီးဖတ်ကြည့်နော်....
ခက်တော့ ခက်သားနော် ယောကျာင်္းတွေယောကျာင်္းတွေ ....
ယူဖို့တောင်ခပ်လန့်လန့်ရယ်...........ဟင်းးးးးးးးးးးးးး

မျက်မှန်လေး said...

Hi SadaKuu....don't be so afraid. actually that is depending on how you manage on him... :)


Hi Anonymous.. I already read it..It is quite good to read.. :D Thank you for sharing... :D

မြစ်ကျိုးအင်း said...

ဘယ်သူကမှ အထူးတလည် အလျှော့ပေးတာမျိုး မဟုတ်ဘဲနဲ့ တစ်ယောက်ကို တစ်ယောက် နားလည်မှုနဲ့ တည်ဆောက်နိင်ရင် အကောင်းဆုံးပါပဲ။
ဖြစ်လေ့ရှိတဲ့ ဇာတ်လမ်းမျိုးမို့လို့ ဖတ်ရတာ သဘာဝကျကျ ခံစားမိပါတယ်။

မေသိမ့်သိမ့်ကျော် said...

တော်သေးတာပေါ့....ရင်တမ'မ နဲ့ အသက်မရှူဘဲ ဖတ်လာတာ.... တော်လိုက်တာရှင်။ စိတ်ကူးလေးကလည်း အရမ်းကောင်းတယ်။ ရေးတာလေးကလည်း ဆွဲဆောင်မှု အရမ်းရှိတယ်

ခင်တဲ့

Lorem Ipsum said...

ဖတ်လို့ကောင်းလိုက်တာ....စိတ်ထက်လွန်းအားကြီးတဲ့ သူများကိုမှီခိုချင်စိတ်မရှိတဲ့ညီမလည်း ဘယ်လိုလာမလဲမသိဘူးအမရယ်..။
တစ်ယောက်တည်းနေတာပဲကောင်းပါတယ်..း)
ဖတ်လို့အရမ်းကောင်းပါတယ်..။

Anonymous said...

ယောက်ျားတွေက သူတို့ ထက်သာတဲ့ မိန်းမတွေကို အလို မရှိဘူးလေ ... သူတို့ပဲ ဦးဆောင်ချင်ကြတာ ... သူတို့ကပဲ ဘာမဆိုလုပ်ချင်ကြတာလေ ... ဒီတော့ ယောက်ျားတွေ ရွေးချယ်ခဲ့တဲ့ သူတို့မိန်းမတွေဟာလဲ သူတို့လောက် မသိတဲ့ ခပ်ညံ့ညံ့ ခပ်တုံးတုံးတွေလောက်ကိုပဲ ရွေးချယ်လေ့ရှိတယ် (ဒါမှ သူတို့ နှပ်ချင်သလို နှပ်လို့ရမယ် ပြောတဲ့စကားကို ယုံမယ် သူတို့ ဦးစီးဦးဆောင် လုပ်လို့ရမယ်လေ)... အရမ်းကြီးထက်မြက်ပြီး သွက်လက်နေရင်တော့ တခဏလောက်တော့ ဂုဏ်ယူတယ် ဒါပေမယ့် ကြာတော့ မကြိုက်ချင်တော့ဘူး ....

ကဲ .. အပျိုကြီးများ ခု ဆိုရင် ရှင်တို့ ဘာလို့ ယောက်ျားမရလဲ ဆိုတာ သိလောက်ရောပေါ့ ..... ရှင်တို့က ယောက်ျားတွေထက် ပိုတော်နေလို့ ယောက်ျား မရတာပါ .....

ပုံ
အပျိကြီးလောင်းလျာ ဝက်ဝံလေး

Burmese Buddhist Society, BC said...

ဇာတ်လမ်းက အဆင်ပြေသွားပြီးလား
ခရု.. မှတ်စု ..စာအုပ်ဖတ်လိုက်လို့ပေါ့..

မိုးနတ်ကြယ်စင် said...

ဟုတ်ပါ့ ...ရင်တမမနဲ့ဖတ်လာတာ ..ဇာတ်သိမ်းလေးကောင်းလို့တော်သေးတာပေါ့၊ ကျေးဇူးပါ..ဇာတ်သိမ်းလေးကို ပေါင်းပေးထားလို့ ...အရေးအသားလေးအရမ်းကောင်းပါတယ်