လက်ဆောင်များ

ကျွန်မ ငယ်ငယ်လေးထဲ ကနှစ်သက်ခဲ့ရတဲ့ အကျင့်တစ်ခုက လက်ဆောင်ပေးရခြင်း နှင့် လက်ဆောင်ရယူခြင်းပါ။ အဲဒီ လက်ဆောင်တွေထဲကမှ ကျွန်မဘ၀မှာ မှတ်မှတ်ရရ ရရှိခဲ့ဖူးတဲ့ လက်ဆောင်လေးတွေ အကြောင်း ပြောပြချင်ပါတယ်။

ကျွန်မ ရဲ့ ဖေဖေ နဲ့မေမေ က ကျွန်မရဲ့ မွေးနေ့ ရောက်တိုင်းမှာ ကျွန်မ ကို လက်ဆောင်လေးတွေ ကို ပေးလေ့ရှိပါတယ်။


ကျွန်မ ရနှစ်သား အရွယ်မှာ တစ်ဦးတည်းသော သမီး ဖြစ်တဲ့ ကျွန်မအတွက် မေမေ ကကျွန်မ ကို မောင်လေးတစ်ယောက်မွေးဖွားပေးခဲ့ပါတယ်။ အဲဒီ လက်ဆောင်ကို မေမေ က ခက်ခက်ခဲခဲ ယူဆောင်လားပေးခဲ့တာပါ။ ကျွန်မ အသက် ငါးနှစ် လောက်တုန်းက ကျွန်မ က မေမေ့ကို မေးဖူးတယ်။

 “မေမေ ရေ…သမီး က ဘာဖြစ်လို့ တစ်ယောက်တည်းဖြစ်နေတာလဲ။ သမီးသူငယ်ချင်းတွေမှာ မောင်တွေ အမတွေ ရှိကြတယ်။”

 ဆိုပြီး တက်မတတ်ချက်မတတ် ငိုပြီး မေ့မေ့ ကို မောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် မွေးပေးဖို့ ပူဆာခဲ့တယ်။ နှလုံးရောဂါ အခံရှိတဲ့ မေမေ့ အတွက် နောက်ထပ် ကလေးယူရတာ ခက်ခဲမှန်း သိပေမယ့် ကျွန်မကို မေမေ က ကလေးထပ်မွေးပေးဖို့ ကတိတွေအထပ်ထပ်ပေးခဲ့တယ်။ ဒီလိုနဲ့ နောက်တစ်နှစ်လောက်အကြာမှာ ကံကောင်းထောက်မစွာဘဲ မေမေ့ ဗိုက်ထဲမှာ ကလေးလေးရှိနေပြီဆိုတာ သိခဲ့ရတယ်။ မေမေ က မောင်လေးကိုယ်ဝန်နဲ့တုန်း ကဆိုရင် ကျန်းမာရေးသိပ်မကောင်းရှာဘူး။ မောင်လေးကို မွေးဖွားမယ့် ရက်နီးလာလေလေ၊ မေမေဟာ ပိန်လာလေလေပါဘဲ။ ကျွန်မ ကတော့ မေမေရဲ့ ဒုက္ခ တွေကိုမသိဘဲ မောင်လေးတစ်ယောက် သို့မဟုတ် ညီမလေးတစ်ယောက် ရတော့ မယ်ဆိုပြီး အပျော်ကြီးပျော်နေတယ်လေ။ ဒီလိုနဲ့ ကျွန်မ ရဲ့ ရ နှစ်မြောက်မွေးနေ့ရောက်ဖို့ တစ်ရက်အလိုမှာ …မေမေ က

 “သမီး …မနက်ဖြန် သမီးမွေးနေ့နော်။ သမီးမွေးနေ့မှာ သမီးကို မေမေ မောင်လေးဖြစ်ဖြစ် ညီမလေးတစ်ယောက်ဖြစ်ဖြစ် လက်ဆောင်ပေးမယ် သမီး။ “ 

 အဲဒီနေ့ည ၁၁ နာရီ လောက်မှာ မေမေ ဟာဗိုက်နာလာပါတယ်။ ဖေဖေက မေမေ့ကိုတွဲပြီး ကားနဲ့ ဆေးရုံကို မောင်းခဲ့ပါတယ်။ ဆေးရုံကို ရောက်တော့ ကျွန်မရဲ့ မွေးနေ့ ကို ရောက်နေပြီလေ။ မေမေ ခွဲစိတ်ခန်း ၀င်သွားပြီ။ ဖေဖေ ကဘုရားစာ တွေဆိုနေပါတယ်။ ကျွန်မကတော့ မောင်လေးရောက်လာမှာကို တွေးပြီး ပျော်နေပါတယ်။ ခွဲစိတ်ခန်း ကဆရာဝန်ကြီး က။။

“ ယောကျာ်လေးမွေးတယ်။ ကလေးတော့ ကျန်းမာ တယ်။ အမေကတော့…..” 

 ဖေဖေ ကျွန်မ ကို ဖက်ပြီး အရုပ်ကြိုးပြတ် လဲကျသွားခဲ့တယ်။ မေမေ့အသက်နဲ့ရင်းပြီး ကျွန်မ အတွက်မွေးနေ့လက်ဆောင် မောင်လေးကို မွေးထုတ်ပေးခဲ့တယ်။ အဲဒီလို မေမေ့အသက်နဲ့ရင်းရမယ် ဆိုရင် သမီးမောင်လေး ကိုမလိုချင်ပါဘူးမေမေ။ မေမေ့ အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့ တဲ့ မောင်လေးကို သမီး မေမေ့ကိုယ်စား စောင့်ရှောက် ချစ်ခင်ကြင်နာပါ့မယ် မေမေ။

ဒုတိယ လက်ဆောင်က တော့ ကျွန်မ ဖေဖေက ပေးတဲ့ လက်ဆောင်ပါ။ ကျွန်မ အသက် ၂၅ နှစ်လောက်မှာပါ။ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ဆိုတဲ့ စကားအတိုင်း ကျွန်မ ဒီအရွယ်မှာ ချစ်သူတစ်ယောက် ရှိခဲ့ပါတယ်။ အချိန်တန်လို့ လက်ထပ်ဖို့ဆုံးဖြတ်တဲ့ အခါ ထုံးစံအတိုင်း ဖေဖေ့ကို ဖွင့်ဟပြောခဲ့ပါတယ်။ ဖေဖေ က ကျွန်မတို့တွေကို လွယ်လွယ်နဲ့ သဘောမတူခဲ့ပါဘူး။ သူ့သမီးရဲ့ ဘ၀တစ်ခုလုံးအပ်နှင်းရမယ့်သူ ကို သူကိုယ်တိုင် သေချာလေ့လာ အကဲဖြတ်ခဲ့ပါတယ်။ ဖေဖေ စမ်းသပ်တဲ့ အချိန်အတိုင်းအတာ ကို ကျွန်မရဲ့ ခင်ပွန်းလောင်းက အောင်အောင်မြင်မြင်ဘဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ကျွန်မ ရဲ့ အသက် ၂၉ နှစ်မြောက်မွေးနေ့ မှာ ကျွန်မ ကို ဖေဖေပေးခဲ့ တဲ့လက်ဆောင် ကတော့ ကျွန်မ ဘ၀ အတွက် ကျွန်မ ကိုယ်တိုင်စိတ်တိုင်းကျ ရွေးချယ်ထားတဲ့သူနဲ့ တစ်သက်လုံးပေါင်းသင်းခွင့်ပေးတဲ့ သဘောတူညီမှု ပါဘဲ။ ကျေးဇူးတင်ပါတယ် ဖေဖေ။

တတိယ လက်ဆောင်ကတော့ ကျွန်မ ရဲ့ ခင်ပွန်းက ပေးတဲ့ တစ်ဘ၀လုံး အေးချမ်းသာယာမှုပါ။ ကျွန်မတို့နှစ်ယောက် လက်တွဲခဲ့ တာ ခုဆိုရင် အနှစ် သုံ်းဆယ်ကျော်လို့ လေးဆယ်ထဲမှာပါ။ ကျွန်မတို့ တစ်သက်လုံး လက်တွဲညီညီ နဲ့ အေးအတူ ပူအမျှ နဲ့ ဘ၀တိုက်ပွဲ များစွာကိုတွန်းလှန်ခဲ့ကြတယ်။ အချိန်တန်လို့ သားသမီးတွေက ကိုယ့်အနားက စွန့်ခွာသွားတော့လည်းဘဲ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အားပေးဖေးမရင်း ဘ၀ကို လက်တွဲမဖြုတ်တမ်း ဖြတ်သန်းခဲ့ကြတယ်။ ကျွန်မရဲ့ ခိုလှုံစရာ သူ့ရင်ခွင်ဟာ အမြဲ နွေးထွေး လတ်ဆတ်နေတယ်။ ကျွန်မ စိတ်တွေလေနေတဲ့ အခါတိုင်း၊ ကျွန်မ စိတ်ဓါတ်တွေကျတဲ့ အခါတိုင်းမှာ သူရဲ့စကားသံဟာ ကျွန်မ အတွက် အားဆေး တစ်ခွက်ပါ။ အဲဒီ အတွက် ကျွန်မ ရဲ့ ခင်ပွန်းကို သိပ်ကျေးဇူးတင်ပါတယ်။  

နောက်ဆုံးလက်ဆောင်ကတော့ ဘုရားက ပေးတဲ့ တရားဓမ္မပါ။ ကျွန်မ ခင်ပွန်း လူ့လောက ထဲက ထွက်ခွာ သွားအပြီးမှာ. ကျွန်မ အတွက်နောက်ဆုံးသော အားထားရာဟာ ဘုရား ပေးတဲ့ တရားပါ။ ကျွန်မ ဘ၀အတွက် နောက်ဆုံးရက်တွေမှာ ကျွန်မ ဘုရားရဲ့ တရားတော် အတိုင်းလိုက်နာ ကျင့်သုံး နေထိုင်ခဲ့ပါတယ်။ လာတော့လည်း တစ်ယောက်တည်း၊ သေတော့လည်း တစ်ယောက်တည်း ပါဘဲ။ တစ်စိတ်တည်းထား၊ တစ်ယောက်တည်းနေတတ်ဖို့ ကျွန်မ ကြိုးစားထားပါတယ်။ ၀ိပဿနာ တရားတော် ကို အချိန်ရှိတိုင်း အားထုတ်နေမိပါတယ်။ အဲဒီ အတွက် ကျွန်မ မကြာခင်မှာ သေရတော့မယ်ဆိုတာ သိနေပေမယ့်လည်း သေမင်းကို ရဲရဲ ၀င့်ဝင့် ရင်ဆိုင်နိုင်အောင် ကြိုးစားထားလို့ ဘယ်အချိန်ပဲသေသေ ကျွန်မ ဘာကိုမှ မကြောက်တော့ပါ။

2 comments:

Anonymous said...

Nice post...ဟုတ်တယ်။ သဲ။ အမှန်ပဲ။ လာတော့လည်း တစ်ယောက်တည်း၊ သေတော့လည်း တစ်ယောက်တည်း ပါဘဲ။ ။ အိညှက်

Unknown said...

good