တုတ်ကြမယ်ဟေ့....အတင်း/သတင်း



ကဲ…ဒီတခါတော့ တို့များ မိန်းကလေးပီပီ အတင်းတုတ်လိုက်ကြရအောင်။
ဒီထဲမှာ ပါဝင်ဆင်နွှဲ တုတ်လို့ရတာကတော့ စင်ကာပူက လူငယ် လူကြီး လူလတ်မရွေးဘဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ စင်ကာပူ ကမြန်မာဆိုင်တွေ အကြောင်းအတင်းတုတ် အဲ သတင်းထုတ်မလို့ ပါဘဲ။

အဟမ်း…အဟမ်း…. ကမ္ဘာကြီးက ရွာကြီးတရွာဆိုရင် စင်ကာပူနဲ့ မြန်မာကတော့ တံတားလေးဘဲ ခြားတဲ့ ဘေးချင်းကပ် ရွာလေး နှစ်ရွာ ပေါ့နော်။ မြန်မာ တွေတော်တော်များ များ စင်ကာပူကို အခြေချ လာတဲ့ နဲ့ အမျှ little Myanmar လို့ခေါ်တွင်တဲ့ Pennisula Plaza ကြီှးမှာလည်း သူ့ထက်ငါ အလုအယက် ဆိုင်လေးတွေဖွင့်လာ လိုက်ကြတာ ခုဆိုရင် ဆိုင်ခန်း တစ်ခန်း ထဲတောင်မှ နှစ်ခန်းခွဲ ငှား၊ ခွဲပြီးသားတခန်းကို လည်း အရှေ့ကို ဖုံးကဒ် သို့ ကွမ်းယာဆိုင်ကို ငှား အနောက်ကို ရုံးခန်း တခုကို ငှားနဲ့ တစ်ဆိုင်ထဲကို owner လေးယောက်လောက် ရှိတဲ့ အထိကို များပြားလာပါတယ်။ အဲလို များပြားလာတဲ့ အတွက် ကိုယ်တို့ အတွက်လည်း အတင်းတုတ်စရာတွေ များ ပြားလာတာပေါ့နော်။ အတင်းတုတ်ရုံတင် မဟုတ်ပါဘူး။ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာလေး တွေလည်း ဖော်ပြချင်လို့ပါ။

ပထမဆုံး စားသောက်ဆိုင်တွေနဲ့ စလိုက်ရအောင်။



၁. ရနံ့သစ် မြန်မာထမင်းဆိုင်

Basement မှာ ရှိတဲ့ မြန်မာစားသောက်ဆိုင်လေးတစ်ဆိုင်ပါ။ အရသာ ကတော့ စားလိုက် ရတဲ့ သူတိုင်း လျှာလည်သွားလောက်အောင်ကို ကောင်းပါတယ်။ သူ့ဆိုင်က ဟင်းလေးတွေက အိမ်မှာချက်တဲ့ ဟင်းအရသာလေးတွေနဲ့ တူတယ်။ ဟင်းဂျီးများတဲ့ ကိုယ့် မေမေ တောင် အဲဒီမှာ စားရတာ အာတွေ့ပါတယ်။ သူ့ရဲ့ အားသာချက်နောက်တစ်ခု က ငပိနဲ့ တို့စရာပါ။ မျှစ် နဲ့ သခွားသီးတို့စရာလေး ကသူတို့ လုပ်ထားတဲ့ ငပိနဲ့တော်တော်လေးလိုက် ဖက်ပါတယ်။ ဒါက သူတို့ဆိုင်ရဲ့ကောင်းကွက်လေးပါ။ ဆိုးကွက်ကလေးတစ်ခုကတော့ ဈေးကြီးခြင်းနဲ့ ဈေးနှုန်းတွေကို မသိမသာနဲ့မြှင့်ထားခြင်းပါ။ ထမင်းဖြူ အလွတ်တစ်ပွဲကို ၁ ကျပ်ခွဲယူပါတယ်။ ကိုယ်က လူတစ်မျိုး။ စားရင်အမြဲ ရေးထားတဲ့ ဈေးကြည့်ပြီးမှ မှာနေကျပါ။ သူတို့ရေးထားတာ အသီးအရွက် တစ်မျိုး နဲ့ အသားတစ်မျိုးကို ၄ ကျပ် ၂၀ ပြား လို့ရေးထားပါတယ်။ ဒါနဲ့ ကိုယ်လည်း ကြက်သားတစ်မျိုးနဲ့ ပဲပြုတ် နဲ့ကို ယူလိုက်ပါတယ် ။ဈေးတွက်တော့ ၅ ကျပ် ၂၀ ပြားတဲ့ ။ ပဲပြုတ် မို့လို့ ၁ ကျပ်ပိုယူပါတယ်တဲ့ ။ သြော်ပဲပြုတ်က အသီးအရွက်မှ မဟုတ်တာလို့ စိတ်ဖြေပါတယ်။ နောက်တရက်ကျတော့ ပဲကြီးနဲ့ ဆူးပုတ် တွဲထားတဲ့ ဟာမှာတယ်။ အဲဒါလည်း ပဲကြီး ကဈေးကြီးလို့တဲ့ ၅ ကျပ် ၂၀ ယူပြန်ရော။ ကိုယ်လည်း စိတ်မနာနိုင်သေးဘဲ နောက်ရက်ကျတော့ အသား တစ်မျိုးနဲ့ မှိုကန်စွန်း မှာရော။ ဒီတစ်ခါ ပို ဈေးကြီးသွားပြီဗျို့။ ၆ ကျပ်တဲ့။ မှိုကန်စွန်းထဲမှာ ကြက်သားပါလို့်တဲ့ ။ ကြက်သားဖတ်က မှိုနဲ့ ရောနေတော့ မမြင်ရဘူး။ စားတော့လည်း ကြက်သားက များများစားစား တစ်ဖက်ရယ်။ ခပ်နင်နင်နဲ့ ဘဲစားလိုက်ရပါတယ်။ လက်ဖက်ရည် သူများ ၁ ကျပ်ရောင်းရင် သူတို့က ၁ ကျပ် ၃၀၊ ဒိန်ချဉ် က သူများက ၂ ကျပ် သူတို့က ၃ ကျပ်၊ ရေနွေးကြမ်းတစ်ခွက် ၁ ကျပ် (တစ်ဆိုင်လုံးမှာ အညံ့ဆုံးက ရေနွေးကြမ်း)
ဒါပေမယ့်လည်း လက်ရာလေးက ကောင်းနေတော့ နှစ်ပတ်တစ်ခါ လောက်တော့ စားဖြစ်ပါတယ်။ စာဖတ်သူတို့လည်း ဈေးမေးပြီးမှ စားကြနော်။

၂.ရွှေအင်းလေး

Basement မှာ ရှိတဲ့ မြန်မာစားသောက်ဆိုင်လေးတစ်ဆိုင်ပါဘဲ။ သူကတော့ International Standard အမှီ ဖွင့် ထားတဲ့ဆိုင်လေးပါ။ သက်တမ်းအရင့်ဆုံး ဆိုင်လေးတစ်ခုလည်းဖြစ်ပါတယ်။ သန့်ရှင်းမှု၊ Waiter ချောလေးတွေရဲ့ Service ကောင်းမှု၊ Chef တွေရဲ့ လက်ရာကောင်းမှု ၊ သေသပ်လှပတဲ့ ဆိုင်အပြင်အဆင် တို့ကြောင့် နာမည်တက်နေတဲ့ ဆိုင်ပါ။ ကိုယ့် အလုပ်က လူတွေ၊ နိုင်ငံခြားသားတွေကို မြန်မာထမင်း ကျွေးချင် ရင် အဆင့်အတန်းမြင့်မြင့်လေး ကျွေးနိုင်တဲ့ ဆိုင်လေးတစ်ဆိုင်ပါ။ ဈေးအနည်းငယ် ကြီးပေမယ့် သူ့ဆိုင်အနေအထားနဲ့ သူမို့ စားသုံးသူတွေအတွက် ကျေနပ်စေပါတယ်။ ဈေးကြီးတယ်ဆိုတာကလည်း ရနံ့သစ် လို့ ပိုယူတာမျိုးမဟုတ်ဘဲ menu ပါဈေးနှုန်း အတိုင်းဘဲ ရောင်းပါတယ်။ ဆိုးတာကတော့ ဆိုင်ရှင်အမျိုးသမီး ရဲ့ ဆက်ဆံရေးပါ။ အဲနေ့ က ကိုယ်တို့ အင်းလေးကို ၆း၃၀ PM မှာရောက်ပါတယ်။ ကိုယ်တို့ အုပ်စုကြီးဘဲ ၁၀ ရောက်လောက်ရှိပါတယ်။ ကိုယ့်သူငယ်ချင်းတစ်ယောက် က ၇:၀၀ မှာ ရောက်ပြီးကြေးအိုးဆီချက်မှာပါတယ်။ ကိုယ်တို့ အစားအသောက်တွေကို ၇း၁၅ မှာ ရပါတယ်။ ကြေးအိုးဆီချက်က လွဲလို့ပေါ့။ ကိုယ်တို့ ၇:၄၅ မှာ အစားစားပြီးလို့ အအေးမှာတာ ၈:၀၀ မှာ ရပါတယ်။ ကြေးအိုး ဆီချက်ကတော့ မရသေးပါဘူး။ အဲဒါနဲ့ ကိုယ်တို့လည်း Waiter ကိုပြောလိုက်ပါတယ်။ သူက ယဉ်ယဉ်ကျေးကျေးဘဲ ကြည့်ပေးမယ် ဘာမယ်ပြောပါတယ်။ ၈:၁၅ ကျတော့ ကိုယ်တို့အအေးကုန်ပြီး သူ့ကြေးအိုးဆီချက်က မလာသေးလို့ Waiter လေးတစ်ယောက် ကို အဲဒါမယူတော့ဘူးလို့ ပြောလိုက်ပါတယ်။ သူကလည်း ရပါတယ် တဲ့။ အဲဒါနဲ့စကားခနထိုင်ပြောပြီး ၈း၃၀ ကျတော့ ကိုယ်တို့ ကောင်တာမှ ပိုက်ဆံရှင်းပါတယ်။ ကိုယ်က Bill စစ်ကြည့်တော့ မယူတော့တဲ့ ကြေးအိုးဆီချက် ဖိုး ထည့်တွက်ထားတာနဲ့ အဲဒီဆိုင်ရှင်အမကြီးကို အမ ဒီကြေးအိုး ဆီချက်က မပါဘူးလို့။မှာထားတာ ကြာလို့လို့ ကောင်းကောင်းမွန်မွန်ကိုယ် ပြောပါတယ်။ တကယ့်ကို ကောင်းကောင်းမွန်မွန်ပါ။ အဲဒါကို သူက “မကြာပါဘူး၊ မကြာပါဘူး။တဲ့” အသံမာမာနဲ့ ပြောတယ်။ ကိုယ်လည်း အမရယ် ကျနော်တို့မှာထားတာ ၇း၀၀ ထဲက ခု ၈း၃၀ ထိမရလို့ ကျနော်တို့ မယူတာပါလို့ တကယ်ကြီးကို ကောင်းမွန်စွာ ပြန်ပြောခဲ့ပါတယ်။ ဒါကိုသူက “လုံးဝမကြာပါဘူး။လုံးဝမကြာပါဘူး” လို့ သုံးခါလောက်ကိုယ့်ကို လေသံမာမာနဲ့ ပြန်ပြောတယ်။ ကဲကိုယ်လည်း မကြာဘူးဆို ခု ဘယ်မှာလည်းလို့မေးတော့ ၁၅ မိနစ်တဲ့ ။ အမကျနော်တို့ အားလုံးပြန်တော့မှာ လို့ပြောတော့ မစောင့်နိုင်တော့ဘူးပြောမှ bill ထဲက နေနှုတ်ပေးတယ်။ အမှန်ဆို သူပြောရမှာက ဆောရီးပါ။ လူများလို့ ဘာဖြစ်လို့ ညာဖြစ်လို့ နဲ့ ပြောရမှာ။ အဲလိုဆို နားလည်ပေးလို့ရသေးတယ် ခုဟာက အတင်းကြီးကို မကြာဘူး ဆိုတာ ငြင်းနေတယ်။ အဲဒီထဲက ကိုယ်လည်း မစားတော့ဘူး။

၃. ၀င်းမြန်မာ

သူကတော့ တတိယထပ်မှာပါ။ ဆိုင်ခန်း ၃ ဆိုင်လောက်ကို ငှားပြီးတော့ စားသုံးသူ တွေ ကျယ်ကျယ်ပြန့် ပြန့် စားနိုင်အောင်စီစဉ်ပေးထားပါတယ်။ ဖုန်း Battery သွင်းချင်သူများ လည်း သွင်းနိုင်အောင် အင်တာ နက် သုံးချင်သူများသုံးနိုင်အောင် အခမဲ့ စီစဉ်ပေးထားပါတယ်။ နောက် အဲဒီ ၀င်းမြန်မာ က အသုတ် သုတ်တဲ့ အန်တီကြီးလက်ရာ ကလည်း “အသုတ်မှာ ဆရာ ၀င်းမြန်မာ” လို့ ဆိုရလောက်အောင် ကောင်းပါတယ်။ ရှောက်သီးသုတ်၊ လက်ဖက်သုတ်၊ ဂျင်းသုတ်၊ လက်ဖက်ထမင်းသုတ်၊ မုန့်တီသုတ် စတဲ့ အသုတ်မျိုးစုံ ဟာ ဘယ်ဆိုင်ကမှ သူ့ကို မမှီနိုင်ပါဘူး။ နောက် ဟင်းထည့်တာလည်း အရမ်းစေတနာပါပါတယ်။ အများကြီးပါဘဲ။ စားရတာလည်း အရသာရှိပါတယ်။ ဒီလောက် အစစ အရာရာပြည့်စုံနေပေမယ့် သူမှာလည်း မကောင်းတဲ့ အချက်တော့ရှိပါသေးရဲ့ ရှင့်။ အဲဒါ ကတော့ အနံ့ အသက်ပါဘဲ။ သူ့ဆိုင်ဝင်လိုက်တဲ့ အဲဒီဟင်းတွေစုံတဲ့ ဟင်းနံ့ ချည်းက ထောင်းကနဲ ကိုရတော့တာပါဘဲ။ ကိုယ်ထင်တာတော့ သူတို့ မီးဖိုဆောင်က မီးခိုးတံ ကမနိုင်လို့လားတော့မသိဘူး။ အဲဒီ အနံ့ကြီး ကတော်တော်လေးဆိုးရွားပါတယ်။ သူ့ဆိုင်က အသုတ်စားချင်ရင်တော့ အဲမှာ parcel ၀ယ်ပြီး အပြင်မှာစားရမလိုပါဘဲ၊ သူ့ဆိုင်ခန်းတိုင်းလို လိုက အဲဒီအနံ့ရတာပါ။ အဲဒီအနံ့ လေးပျောက်သွားရင်တော့ ကိုယ်အမြဲထိုင်ဖြစ်မှာ ၀င်းမြန်မာပါဘဲရှင်။

၎. ရွှေဝါမြေ

သူကတော့ အင်းလေးနဲ့ ညီအမတွေပါ။ ဟင်းချက်လက်ရာကောင်းပါတယ်။ သန့်ရှင်းပါတယ်။ သပ်ရပ်ပါတယ်။ ဒါပေမယ့် ဈေးက အဆမတန်ကြီးပါတယ်။ ရနံ့သစ် မှာတောင် ၂ ကျပ်ယူတဲ့ ငါးခူကြော်တစ်ကောင်ကို မေးလိုက်တာ ဘယ်လောက်လို့ ထင်လည်း၊ ၂ ဆဗျိုး…၂ ဆ ။။။၎ ကျပ်တဲ့။ တော်တော်စိတ်လေသွားတယ်။ ပြီးတော့ ဟင်းတွေပေးတာကလည်း စေတနာမပါဘူး။ သူငယ်ချင်းတစ်ယောက်က ပြောတာ နတ်တင်တာကျ နေတာဘဲ တဲ့။

၅.ရဲရင့်

သူကတော့ ၃ လွှာမှာတည်ရှိပါတယ်။ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ ၊ ဒိန်ချဉ် ၊ မုန့်လက်ဆောင်း ၊လက်ဖက်ရည် စတာတို့မှာ သူမတူအောင်ကောင်းတဲ့ဆိုင်ပါ။ စေတနာ လည်းကောင်းပါတယ်။ ဒါပေမယ့် သူကကျတော့တစ်မျိုး၊ တောက လက်ဖက်ရည်ဆိုင်လိုမျိုး ကတ်ဆတ်ကို အကျယ်ကြီးပါဘဲဖွင့်တာ။ ဒါကကျတော့ သိပ်မပြောပလောက်ဘူးထင်လို့ ကိုယ်တို့ဆို အမြဲ ဆိုင်ပိတ်ခါနီးမှ ပြန်ပါတယ်။

၆. အောင်ချမ်းသာ

ဒီဆိုင်ကတော့ ပါတိတ်မျိုးစုံ ကို ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးနေတဲ့ဆိုင်ပါ။ Triser ဆိုရင်လည်း သူ့ဆိုင်က အထည်တွေက အရောင်ဆန်းပြီး ဈေးမှန်ပါတယ်။ သူက နားဖောက်ခြင်းလုပ်ငန်းလည်းလုပ်ပါတယ်။ သူ့ဆိုင်ရဲ့ အဓိက ချွတ်ယွင်းချက်ကတော့ ဆက်ဆံရေးပါ။ တစ်ခါ ကိုယ်က ကိုယ့်သူငယ်ချင်းကို အဲဆိုင်မှာ နားဖောက်ဖို့ခေါ်သွားတာ နားကပ်ရွေး ဘာရွေးနဲ့ နည်းနည်းတော့ကြာသွားတယ်။ အဲဒါကို သူက ရုပ်တည်ကြီးနဲ့ “နင်တို့ ဖောက်မှာ လား မဖောက်ဘူးလား။ မဖောက်ရင်သွားတော့ ။ငါအလုပ်ရှိသေးတယ် တဲ့” ။အဲဒီ ထဲက လန့်သွားတာဘဲ။ သူတို့က ပိုက်ဆံရှိတဲ့ အသိုင်းအ၀ိုင်းပါ။ ဒါပေမယ့် ဘယ်လောက်ဘဲ ရှိရှိပါ ကိုယ့်ဆိုင်လာတာ ကိုယ့် Customer ဘဲပေါ့။ ကောင်းကောင်းမွန်မွန်ဆက်ဆံ ရမှာပေါ့၊ ဟုတ်ဖူးလား စာဖတ်သူတို့ရေ..
ကဲ အတင်းတုတ်ရတာလည်းမောသွားပြီ။
အားလုံး အားလုံး စေတနာကောင်း အနံ့အသက်များကင်းပြီး စားကောင်းသောက်ဖွယ်များ ရောင်းနိုင်ကြပါစေရှင်။ လူကို လူလို့ဆက်ဆံပြီး “Customer is always right.” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားနိုင်ကြပါစေ။
မည်သူ မည်သူကိုမှထိခိုက် နစ်နာလိုစိတ်မရှိပါ။ အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း ကိုယ်တွေ့ကြုံရသည်များကို ရေးသားခြင်းဖြစ်ပါသည်။
ပုံကို ဒီက ယူပါတယ်။





17 comments:

shin said...

ရွှေဝါမြေကိုတော့ ဝေးဝေးကရှောင်တယ်။ တခါက ငါးဖယ်အရမ်းစားချင်လို့ pennisula ကဆိုင်တွေမှာ တဆိုင်ချင်းလိုက်မေးရင်းရွှေဝါမြေရောက်တော့ ရတယ်ဆိုလို့ ဝမ်းသာအားရ take awayယူသွားတာ အိမ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့ artificial ငါးဖယ်ကြီးမျိုးဖြစ်နေတယ်။ အဲ့ဒါပြင် ငါးဖယ်၁တုံး ချဉ်ပေါင်လေးလက်တကော်စာလောက်ကို ၄ကျပ်ပေးခဲ့ရတယ်။ အဲ့ဒီထဲက တခါထဲစိတ်ကုန်သွားတယ်။

မျက်မှန်လေး said...

ဟုတ်တယ်..ငါးခူ တုန်းက ဆိုတော်တော်ခံလိုက်ရတယ်။ ထည့်ပြီးသားကြီးလည်းဖြစ်နေတော့ အားနာတာနဲ့ ယူလိုက်ရတယ်။ မြိုမကျဘူး။

ကိုဇော် said...

လုပ်လို့ ရလို့ လုပ်နေကြတာတွေ ဖြစ်မှာပါ။ လုပ်လို့ မရတော့ဘူး ဆိုရင် ဘယ်လုပ်တော့ မလဲ။ အဲဒီလို ရေးထားတာ တခြား တောင်းတာ တခြား ဆိုရင်တော့ သနားတယ်ပဲ ပြောလိုက်မယ်။ ရဲကို ဖုန်းဆက် ခေါ်လိုက်စမ်းဘာ။ မြန်မာ ဘာညာ အားမနာတတ်ဘူး။ သူတောင်မှ ကိုယ့်အပေါ် အားမနာသေးတာပဲလေ။

ahphyulay said...

အင်း ....
အဲ့ ဒါကတော့  ကျွန်တော်တို့  လူမျိုးတွေရဲ့ 
ကိုယ့်ရိုးရာကို ကိုယ်ခုံမင်တဲ့  ဓလေ့ ကြောင့် ပါပဲ။
ထိုင်ဝမ်မှာလည်းဒီတိုင်းပါပဲ။ ဒါပေမဲ့  မလေးလုံး ပြောသလို
ချက်တဲ့ လက်ရာတွေကတော့  ကျွန်တော့်လောက်မကောင်း
ပါဘူး၊ ယနေ့ အချိန်ထိ မုန့် ဟင်းခါးကောင်းကောင်း
မစားရသေးပါဘူး၊ ငပိရည်ဆို ဆွမ်းတော်တင်တဲ့ ခွက်ထက်
တောင်သေးတယ်၊ နဖာကလော်လောက်ဇွန်းနဲ့ ခပ်ရတယ်။
ဈေးလဲမမေးနဲ့ ၊ မြေပဲစာထက်အမြဲ မြင့်တယ်။ အဲ.. ဒါတောင် ရှုံးသေးတယ်တဲ့  ..။
ဇာတ်တူသားစားတဲ့  အကျင့်တွေလေ..။
(ကြုံတုံး ပေါက်ကွဲသွားတာပါ )

Anonymous said...

လေးထပ်က Faster Internet မှာ
scanတို့  copy တို့ ဆွဲဖူးကြလားဟင်?? ဆက်ဆံရေးကောင်းချက်က နောက်ဆုံးရန်တောင်ဖြစ်ယူရတယ်... ဒေါသထွက်လွန်းလို့မျက်ရည်တောင်ကျမိသေးတယ်.. အဲဒီမှာ ဆိုင်ထိုင်တဲ့ ကြောင်တောင်ကန်းမကြီး ရှိတယ်..

Anonymous said...

Mya Nandar မှာတော့ စားပြီးတိုင်းဝမ်းသွားတယ်

Shinlay said...

မြန်မာဆိုင်တွေအများကြီး...ပျော်စရာကြီး၊
စားချင်တာလွယ်လွယ်နဲ့ ဝယ်စားလို့ ရတာပေါ့

Anonymous said...

ag chan thar ka ah phwar gyi twe ka kalane kakyit twe

T T Sweet said...

ဟင် ... မြနန္ဒာအကြောင်းလဲပါဘူး။
တို့က အိမ်မှာချက်စားတာများတော့ သိပ်မ၀ယ်စားဖြစ်ဘူး။ ဒါပေမဲ့ ပနင်စူးလားရောက်တိုင်း စားဖြစ်တာက မြနန္ဒာမှာပါ။ အစားအသောက် မဆိုးပါဘူး။ ဈေးလဲ သက်သာတယ် ထင်တာပဲ။ အိမ်က သမီးက အဲဒီဆိုင်က ခေါက်ဆွဲကြော် အသည်းစွဲ။

ဟုတ်တယ်။အင်းလေးလဲ အစားအသောက် တော်တော်ကောင်းတယ်။ ကြေးအိုးဆီချက် ကောင်းချက်ကတော့ ရန်ကုန်ပြန်ရောက်သွားတဲ့ အတိုင်းပဲ.။

ဆိုင်တွေကျန်သေးတယ်နော်။ ဆက်ရေးပါဦး။ အဲလို ရီဗျူးလေးလုပ်ပေးတော့ ဆောင်ရန် ရှောင်ရန်လေးတွေ သိရတာပေါ့။ ကျေးဇူး။

မျက်မှန်လေး said...

တီတီ ဆွီရေ...မြနန္ဒာ ကအကြော်တွေတော့ အရမ်းကောင်းတယ်နော်.ကြာဇံကြော် ခေါက်ဆွဲကြော်... ထမင်းပေါင်းတို့ ဘာတို့။ ဒါပေမယ့် ဟင်းချက်ထားတာတွေတော့ မကောင်းဘူး။ အရင်တုန်းက ကောင်းတယ်။ခု အဲအန်တီကြီးမရှိတော့မကောင်းတော့ဘူး။

မြူးမြူး said...

၃ထပ်က ဇေယျာဆိုတဲ့ဆိုင်လေးလဲ ဟင်းတွေကောင်းတယ်.. ဟိုးတလောက မ,ကိုတောင် အဲဒီဆိုင်မှာစားနေတာ တွေ့လိုက်သေးတယ်.. မသိမှာစိုးလို့ မခေါ်လိုက်တာ.. ;)

မိုးခါး said...

ကိုယ်လည်း ဖြည်းဖြည်းတုတ်ချင်လို့ :D

ပင်နဆူလာရောက်ရင် စားဖြစ်တာက ရနံ့သစ်ပါပဲ .. ဆက်ဆံရေးလည်း ကောင်းတယ် အစားအသောက်လဲ ကောင်းတယ် .. အမြဲစားဖြစ်တာ မုန့်ဟင်းခါး နန်းကြီးသုပ် .. (ခုတောင် ဗိုက်ဆာလာသလိုလို :D) ကိုယ်နဲ့ ဓါတ်တည့်တယ်ပြောရမယ် ..

အိုရီယမ်မှာတော့ ကြေးအိုး ကြိုက်တာ .. ကျန်တာ ဘာမှ မကြိုက်ဘူး ..

ဧရာဝတီက ထိုင်လို့ ကောင်းတယ် အစားအသောက် မကောင်းပါ .. ဖျော်ရည်ဆိုလည်း အရည်ကျဲ .. သွားဖြစ်ရင်တော့ ထမင်းပေါင်း စားပါတယ် .. :D

အင်းလေးကတော့ ကိုယ်နဲ့ ဓါတ်မတည့်ဘူး ပြောရမယ် .. ကြာတယ် .. အလွန်အလွန်ကြာပါတယ် .. စားချင်တာ မျက်နှာငယ်လေးနဲ့ လူတကာ လိုက်ကြည့်ရတယ် .. ဒါလည်း ဂရုမစိုက်ပါဘူး .. ရေတခွက် တောင်းတာ ပြန်သာပြန်သွားတယ် မရလိုက်ဘူး .. အစားအသောက်လည်း မကြိုက်ပါ .. ဟင်းတွေတော့ ကောင်းပါတယ် .. တခြားဟာတွေက ပေါ့ရွှတ်ရွှတ်လားလို့ .. :D

ဝက်ဝံလေး said...

လုပ်ကြပေါ့ ရှင်တို့ကရဲတွေပဲ ကျုပ်တို့မရောက်ဖူးတော့မသိဘူးလေ

ကျုပ်ကတော့ ဖြစ်သလိုပဲ ချက်စားလိုက်တာပဲ ဟဟဟဟ

မျက်မှန်လေး said...

Daw gyi WAT,,,,

lar lal lay...Sg ko....Sg ga shop twae a kyaung research load lo ya tal...hehe

ဆောင်းနှင်းရွက် said...

ရနံ့သစ်က မြေအိုးမြီးရှည် ကို ကြိုက်တယ် ..

နောက် ပထမ ထပ်က
ဆိုင်သေးသေးလေး
(ဆိုင်နာမည်ကို သွားတိုင်း မဖတ်ဖြစ်ပါ) .:D
ငါးပေါင်း နဲ့ ရှမ်းခေါက်ဆွဲ ကြိုက်တယ် ..

ဧရာဝတီ က ဖျော်ရည် များ ညံ့၏ ..
ထမင်းပေါင်င်း လုံးဝ သွားမစားနဲ့ .. မကောင်း ..

စီးတီးဟောသွားရင်
တော်ရုံတန်ရုံ
မြန်မာထမင်း ဟင်း လုံးဝ မစားပါ ..

ဒီဘလော့ ကို
ရောက်ဖူးဖူးချင်းပဲ အတင်းနဲ့ တုတ်တာနဲ့ တိုးတယ် .. :D
ကိုယ်ပါ ရောတုတ်ရင်း
လင့်ခ် ပါ ယူသွားပါတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ရွှေပြည်သူ (ShwePyiThu) said...

Little Myanmar က ဆိုင်တွေအကြောင်းကို ဖတ်ပြီး ပြုံးသွားပါတယ်။ စင်္ကာပူက မြန်မာဆိုင်တွေရဲ့ Review ပေါ့နော်။ စုလည်း စုစည်းတတ်ပါပေတယ် ညီမလေးရေ...း)

Anonymous said...

အတင်းတုတ်တာမှ တကယ့်အတင်းပဲဗျို့ မြန်မာပြည်ထဲမှာ လည်း အဲလို တုတ်ရင် ရှယ်ပဲနေမှာ .. စလုံးက ပဲတုတ်တတ်အောင်သင်ပေးတာလား ဝေ