အလောင်းတော်ကဿပ ခရီးစဉ် အပိုင်း ( ၁ )

ကိုယ်တို့ အလောင်းတော်ကဿပ သွားတဲ့အကြောင်းလေး ရေးချင်လို့ပါ။

ကိုယ်တို့ငယ်ငယ်လေးထဲက ကိုယ်တို့ အတန်းတင်စာမေးပွဲ ပြီးပြီးချင်း မေမေနဲ့ဖေဖေ တို့က ကိုယ်တို့ကို

ခရီးတစ်ခုမဟုတ် တစ်ခုလိုက်ပို့နေတာ ကိုယ်တို့ ပထမနှစ်ရောက်တဲ့အထိပါ။ ဒါပေမဲ့ အစ်ကိုက

ကိုယ်ဒုတိယနှစ် အလယ်လောက်မှာ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်တာမို့ ဒုတိယနှစ်အပြီး ထွက်တဲ့

ဒီအလောင်းတော်ကဿပ ခရီးစဉ်မှာ သူလိုက်ခွင့် မရခဲ့ပါဘူး။

ကိုယ်စာမေးပွဲဖြေလို့ပြီးပြီးချင်း နေ့လည်ဘက်မှာ ဖေဖေက အထုပ်အပိုးတွေကို ကားနောက်ဖုံးထဲမှာ ထည့်၊

မေမေက ညကကြော်လှော်ထားတဲ့ ကြက်သားပြုတ်ကြော်ရယ်၊ ငပိကြော်ရယ်၊ ၀က်သားနီကြော်ရယ်

ကိုစတီးချိုင့် လေးဆင့်ချိုင့်နဲ့ ထည့်၊ ထမင်းကိုအပေါ်အဆင့်မှာ အပြည့်အသိပ်ထည့်ပြီး ခရီးသွားရင်းစားဖို့

ပြင်ဆင်နေခဲ့ပါတယ်။ ကိုယ်တို့ညီအစ်မ သုံးယောက်ကလည်း ကိုယ်ခရီးဆောင်အိတ်ထဲ ကိုယ်အ

ဝတ်အစားများကို ထည့်ရင်း ခရီးသွားဖို့တက်ကြွနေခဲ့ကြပါတယ်။ အားလုံးပြင်ဆင်ပြီးတော့

အိမ်ကနေစထွက်ပါတော့တယ်။ ညနေ ၅း၀၀ လောက်တော့ရှိမယ်ထင်ပါရဲ့။ ပြီးတော့ ဓါတ်ဆီ ၀င်ထည့်ပြီးတာနဲ့

ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်ကို ကားဘီးစချခဲ့ပြီ။ အားလုံးသိကြတဲ့အတိုင်း ခရီးသွားမယ်ဆိုရင်

ပထမဆုံးဦးဆုံး ကားဦးတိုက်ရတာက ရွှေညောင်ပင်ဘိုးဘိုးကြီးပါ။ အဲဒီမှာ ဖေဖေက ကားဦးတိုက်ပြီး အဲဒီက

ပေးလိုက်တဲ့ စံပယ်ပန်းကို နောက်ကြည့်မှန်မှာဆွဲ ၊ သပြေပန်းကို ကားဘောနက်မှာ ထိုးပြီး

မောင်းနှင်လာခဲ့တယ်။ ပြီးတော့ တောက်လျှောက် ပဲခူးအထိ ကားကိုမောင်းခဲ့တယ်။ ပဲခူးရောက်တော့ ည ၉း၀၀

နီးပါးရှိနေပြီ။ စားနေကျ ဖြစ်တဲ့ ပဲခူးတံတားကြီးနားက ကျော်စွာ စားသောက်ဆိုင်မှာဘဲ ညစာကိုစားပြီး

ပြန်ထွက်ခဲ့ကြတယ်။ ကိုယ်တို့ ညီအစ်မသုံးယောက်ကတော့ တစ်ယောက်တစ်လှည့်စီ အိပ်ရင်း၊ မေမေကတော့

ပုတီးစိပ် ရင်း ဖေဖေကို မအိပ်ချင်အောင်စကားတွေ ပြောပေးနေတယ်။ ဒီလိုနဲ့မောင်းလာလိုက်တာ မနက်

၎း၀၀ လောက်ကျတော့တောင်ငူကို ရောက်တယ်။ ဖေဖေကလဲ အရမ်းအိပ်ချင်နေတာနဲ့ မေမေက

ဆက်မမောင်းခိုင်းတော့ဘဲ နီးတဲ့တည်းခိုခန်းရှာပြီး အိပ်ခဲ့ကြတယ်။

မနက်နိုးတော့ ၁၀း၀၀ လောက်ရှိမယ်ထင်ပါရဲ့၊ ဟိုလုပ်ဒီလုပ်နဲ့ ၁၁း၀၀ လောက်မှ တည်းခိုခန်းကထွက်

မနက်စာကို ဆိုင်တစ်ဆိုင်မှာ ၀င်စားပြီး ခရီးဆက်ခဲ့ကြတယ်။ ဆာရင် စားလိုက်၊ ပေါက်တောလိုက် နဲ့

၊ကားရပ်ပြီးအိမ်ကယူလာတာတွေစားလိုက် နဲ့ ။ မင်းအောင်သီချင်းကလည်း ကားထဲမှာဆူညံလို့နေတယ်။

ကိုယ်တို့ခရီးထွက်တိုင်း CD တစ်ထပ်အမြဲပါနေကျ။ မနက်ဆိုရင် တရားခွေဖွင့်၊ နေ့လည်ဆိုရင် မင်းအောင်တို့၊

ပိုးအိစံ တို့တွေဖွင့် နဲ့ ဟုတ်လို့။ အဲဒီလိုနဲ့ လာလိုက်ကြတာ ယောနယ်ကိုရောက်ပါလေရော ညနေ ၄း၀၀ ၅း၀၀

လောက်ရှိမယ်ထင်တယ်။ ယောနယ်ရဲ့ အကျော်ကြားဆုံးဖြစ်တဲ့ အမေရေယာဉ် ပွဲတော်ရက်နဲ့ တိုက်နေတာမို့

အဲဒီကို တစ်ခါတည်း ၀င်ခဲ့ကြတယ်။အမေရေယာဉ်ရဲ့ နန်းထဲမှာလည်း နတ်ချော့တဲ့ နတ်ကတော်တွေရယ်၊

ပြီးတော့ နတ်ကတော်နောက်ကလိုက်တဲ့သူတွေရယ် နဲ့ရှုပ်ရှပ်ခတ်လို့နေတယ်။ ကြားဖူးနားဝရှိတာတော့

ပွဲတော်ရက်ကြရင် အမေရေယာဉ်ရဲ့ အသက်ကိုထည့်ထားတဲ့ ရွှေကြုတ်လေးက လှုပ်တယ်ဆိုဘဲ။

ကိုယ်တိုင်တော့ မမြင်ခဲ့ရပါဘူး။ အသက်ဘူးလေးနားတောင် မရောက်ခဲ့ဘူး။ လူတွေတိုးတာနဲ့ဘဲ။ အဲဒီမှာ

မေမေ့အသိနတ်ကတော်နဲ့တွေ့တော့ ဒီနယ်ကညနေဘက်ပြန်လို့ မကောင်းဘူး၊ အဲဒါ သူတို့တည်းတဲ့ ဆီမှာဘဲ

အိပ်လို့ပြောတာနဲ့ အဲဒီမှာဘဲ အိပ်ဖြစ်တယ်။

မေမေကတော့ သူအသိနဲ့ စကားစမြည် မပျက်တာနဲ့ဘဲ တော်တော်နဲ့ အိပ်မရဘူးဖြစ်နေတယ်။

ဖေဖေကတော့ မော်တော်မောင်းနေလေရဲ့။ အိပ်ရင်းနဲ့ဟောက်တာကို ပြောတာပါ။

မနက်ကတော့ ထုံးစံအတိုင်း ၁၀း၀၀ မှနိုး။ ဖေဖေကတော့ ကားကိုရေတွေဘာတွေဖြည့် အင်ဂျင်ဝိုင်တွေစစ် နဲ့

အလုပ်ရှုပ်နေတယ်။ ကိုယ်တို့ညီအစ်မတွေကတော့ သူတို့နယ်ကျွေးတဲ့ ပဲပြုတ်ဆီစမ်း ထမင်းကို ကာဖီရည်နဲ့

ကောင်းကောင်းကြီး လွေးနေတယ်။ နောက်တော့ စကားပြောဆိုနှုတ်ဆက်ပြီး ၁၂း၀၀ လောက်မှာ ယောကနေ

ပြန်ထွက်ခဲ့တယ်။ ယောနယ်လည်းကျော်ပြီးတော့ လမ်းတစ်လျှောက် ဘေးဘီဝဲယာမှာ ကြည့်လိုက်တော့

ပူပြင်းဒေသ ဖြစ်တဲ့အတိုင်း ဆူးပင် တို့၊ တစောင်းပင်တို့ နောက် ဆူးပါတဲ့ အပင်တွေတော်တော်များများ

ပေါက်နေတာ တွေ့ရတယ်။ အဲဒီလိုနဲ့ တစ်ရွာဝင်တစ်ရွာထွက်၊ တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ လာလိုက်ကြတာ

9း00 လောက်ရောက်တော့ မြို့လေးတစ်မြို့တွေ့တယ်။ အဲဒီမှာဘဲထမင်းဝင်စားဖြစ်တယ်။ ပြီးတော့ ၁၀း၀၀

လောက်ကျတော့ ပြန်ပြီးခရီး ဆက်ခဲ့တယ်။ မီးတွေကလည်းမှောင်မဲနေတာဘဲ။ လမ်းကအရမ်းကြမ်းတာဘဲ။

ကျောက်ခင်းလမ်းလိုမျိုးဘဲ။ ပြီးတော့ လမ်းကကျဉ်းကျဉ်းလေး။ မေမေတို့လည်း လမ်းရောမှန်ရဲ့လားမသိဘူး

ဆိုပြီးဇဝေဇ၀ါဖြစ်နေခဲ့တယ်။ လူကလဲပျက်လိုက်တာ အရမ်းဘဲ။ နာရီကြည့်လိုက်တော့ မနက် ၁း၀၀ ထိုးနေပြီ။

အဲဒီလိုနဲ့ ဖြေးဖြေးချင်မောင်းလာတာ ကံကြီးပေလို့ လူတစ်ယောက်နဲ့တွေ့တယ်။ အဲဒီလူကို မေးကြည့်တော့မှ

ခင်ဗျားတို့လမ်းမှားနေပြီ။ တည့်တည့်ဆက်သွားရင် ဖလမ်းရောက်ဖို့ဘဲ ရှိတော့တာတဲ့ ။ အဲဒါနဲ့

လာလမ်းအတိုင်းပြန်လာခဲ့ကြတယ်။ ပြန်လာရင်းနဲ့ဘဲ လမ်းအရမ်းကြမ်းတော့ ကားဘီးပေါက်သွားတယ်။

ကဲအဲဒါနဲ့ မထူးဘူးဆိုပြီး ကားပေါ်မှာဘဲ အိပ်မယ်ဆိုပြီး ကားမှန်တွေအလုံပိတ် AIR CON ဖွင့်ပြီး

အိပ်လိုက်တော့တယ်။ မနက် ၈း၀၀ လောက်မှ ကိုယ်ကနိုးတာ။ ကိုယ်တို့ထင်တာက အဝေးပြေးလမ်းမထင်တာ

ဘယ်ဟုတ်ပါ့မလဲ။ မြို့လေးတစ်မြို့ ဖြစ်နေတာ။ ကိုယ်တို့ ကားကဈေးဘေးနားမှာ ရပ်ထားတာဗျ။

ကိုယ်တို့ရပ်တဲ့နေရာရဲ့ မျက်စောင်းထိုးမှာ လေထိုးကျွတ်ဖာ ဆိုင်လေ။ အဲဒီရဲ့ဘေးမှာ လက်ဘက်ရည်ဆိုင်လေး

။ မေမေတို့ကအဲဒီမှာတောင်ထိုင်နေကြပြီ။ ကိုယ်နိုးတော့ မကြီးက ကိုယ့်ကိုလာခေါ်တယ်။ မေမေပြန်ပြောပြတာ

က သူနိုးတော့တဲ့ လူတွေအများကြီးက ကားနားမှာအုံပြီးကြည့်နေကြတယ်တဲ့။ သူတို့ကတော့

ထူးဆန်းနေမှာပေါ့။ ကားပေါ်မှာ အိပ်နေတယ်ဆိုပြီး။ အဲလိုနဲ့ လက်ဘက်ရည်သောက်ရင်း ကျွတ်ဖာတဲ့ဆိုင်က

မဖွင့်သေးလို့ စောင့်နေရတယ်။ ဖွင့်တာနဲ့ ဖာပြီး ခရီးဆက်ကြပြန်တယ်။

2 comments:

ဝက်ဝံလေး said...

အယ် ပထမ တခုက မရောက်ဘူးတော်ရေ နောက်တခု comment အသစ်ရေးပေးလိုက်တယ်သိလား မနိုင်းနိုင်းဆီမှာ လာလည်ပါဦးဆိုလို့ လာလည်တာပါ တာ့တာနော်

မျက်မှန်လေး said...

ကျေးဇူးအထူးတင်ပါတယ်ရှင့်။