မမေ့နိုင်တဲ့ အတိတ်.......၈၈၈၈ သပိတ်


အစဉ်အလာ ငါးဆယ့်ရှစ်
အများ မချစ်ခဲ့။

ခြောက်ဆယ့်နှစ်
အမြှောက်နဲ့ပစ်။

ဦးသန့် အရေး ခုနှစ်ဆယ့်လေး
ဒူးနှံပြီးတော့ သွေးအေးတယ်။

ရှစ်ဆယ့်ရှစ်
ပစ် ဆက်ပစ်။

နှစ်ထောင့်ခုနှစ်
ဓမ္မ န္တရာယ်များ ပစ်ဖောက်ပစ်။

နှစ်ထောင့်ရှစ်…နာဂစ်
ဘာဖြစ်ဖြစ် ဖွဲ့စည်းပုံကို ညစ်။

နှစ်ထောင့်ကိုး
အဆိုးမြင်ဝါဒီ တွေ
ရေသန့်ဗူးကို ရမယ်ရှာ
ငြိမ်းချမ်းရေး ငှက်ပြာကိုဖမ်း
အင်းစိန် ဂက်စတာပို စခန်းပို့တယ်။

နှစ်ထောင့်တစ်ဆယ်
ပြည်သူ့အသည်းကြားက မဲတစ်ပြား
လှံစွပ်ဖျားနဲ့ ကော်ထုတ်
တစ်သက်လုံး အုပ်ချုပ်သူလုပ်ဖို့အတွက်
စကောလောက်မှ ဇောက်မနက်
အကြံတွေ ပက်စက်။

တပ်က မတော်မှတော့
သူတို့အော် အော်နေတဲ့
တပ်မတော် ရဲ့ အစဉ်အလာ
အဲဒါ….။။


ဒါလေးက ဇူလိုင်လထုတ် မဇ္ဈိမ ဂျာနယ်မှာ ပါတဲ့ မောင်မောင်ငြိမ်းအေး ရေးသားတဲ့ အစဉ်အလာ ဆိုတဲ့ ကဗျာလေးပါ။

ဒီနေ့ဟာ ဘာနေ့လည်းဆိုတာ အထူးတလည်ရှင်းပြနေဖို့မလိုပါဘူး။ ကိုယ်ကအဲဒီ ၈လေးလုံး အရေးတော်ပုံဖြစ်တဲ့နှစ်မှာ နှစ်တန်းပါ။ ကိုယ်တို့မေမေဘက်က အဖိုးနဲ့ အဖွားဟာ ဗဟန်းရေတာရှည် လမ်းဟောင်းမှာနေပါတယ်။ အဖိုးတို့ ခြံရယ် ၊ညာဘက်က ဦးအောင်တို့ခြံရယ်နောက် ဘယ်ဘက်ကတော့ ရှေ့နေဦးကျော်ဇေယျ တို့နေတဲ့ခြံရယ် အဲဒီ သုံးခြံလုံးက ဗဟန်းမှာ တော်တော်ကျယ်တဲ့ ခြံတွေဖြစ်တဲ့ အပြင် ဘိုးဘွားပိုင်မြေ ဂရမ်တွေနဲ့ပါ။ အရေးအခင်းလည်း ဖြစ်ရော အဖိုးနဲ့ အဖွားနဲ့ က အနီးအဝေးမှာ ရှိတဲ့ သားသမီးနဲ့ မြေး တွေကို သူတို့တိုက်မှာဘဲ ခေါ်ထားပါတယ်။ အရေးအခင်းမဖြစ်ခင်း တုန်းကလည်း အဖွားက သားသမီး မြေးတွေကို တစ်ပတ်တစ်ခါ တနင်္ဂနွေနေ့တိုင်း အုန်းနို့ခေါက်ဆွဲ ၊ ဗူးသီးကြော် (ခြံထဲမှာဗူး စင်ရှိလို့ ဗူးသီး အလကားရပါသည်) တို့ မုန့်ဟင်းခါး
တို့ တမျိုးမဟုတ် တမျိုးမရိုးနိုင်အောင် လုပ်ကျွေးပါတယ်။ အရင်တပတ်တခါတွေ့ ရတော့ ခု မောင်နှမ တစ်ဝမ်းကွဲ တွေအများကြီးနဲ့ တူတူနေရတော့မယ်ဆိုတော့ ပျော်တာပေါ့နော်။ကလေးအတွေးနဲ့ပေါ့။ ကြောက်ရမယ်မှန်းလည်းမသိဘူးလေ။

အဖိုးတို့ခြံက ရွှေတိဂုံဘုရားနဲ့ နီးတော့ တစ်ခါတစ်ရံမှာ သေနတ်သံတွေကြားရတတ်တယ်။ အဖိုးနဲ့ သားတွေ သားမက်တွေက ခြံတံခါးတွေ လိုက်ပေးရတယ်။ ခြံကအရမ်းကျယ်တော့ လူသုံးယောက် လေးယောက်လောက် ပတ်ပိတ်မှ မြန်မြန်ပြီးမှာ။ သေနတ်သံကြားပြီးလို့ အေးအေးဆေးဆေးဖြစ်သွားပြီး ဆိုရင် ကိုယ်တို့တွေကပြတင်းပေါက်ကနေ အသာလေးချောင်းကြည့်တယ်။ အစ်ကိုကြီး တစ်ယောက်ပေါ့နော် သွေးသံရဲရဲ နဲ့ ပြေးလာတာတို့၊ အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတို့ တွေ့ရတယ်။ အဲလိုမျိုးကျရင် ပြတင်းတံခါးကိုမြန်မြန်ပိတ်ပြီး ကုတင်အောက်ထဲမှာသာ ပုန်းနေကြတော့တယ်။ ညဘက်တစ်ညမှာတော့ အဖိုးတို့ခြံကို ကျောင်းသားလို့ထင်ရတဲ့ လူလေးယောက် တံခါးလာခေါက်တယ်။ အဖိုးက ဘာကိစ္စလည်းမေးတော့ သူတို့က ကျွန်တော်တို့ ဒီခြံထဲမှာ ခဏ ခိုလှုံချင်လို့ပါတဲ့။ အဖိုးကလည်း ခိုလှုံခွင့်ပေးခဲ့တယ။် မနက်ကျတော့ ခြံထဲဆင်းကြည့်တော့ အဲဒီလူတွေမတွေ့ရတော့ဘူးလေ။

ကိုယ်တို့ အိမ်မှာအဲဒီတုန်းက Publica ကားလေးတစ်စီးရှိတယ်။ ဖေဖေက ကိုယ်တို့မောင်နှမ တစ်ဝမ်းကွဲတွေေ၇ာ၊ မေမေ့ညီမတွေရောခေါ်ပြီး မြို့ထဲကို ကားလျှောက်မောင်းပြီး တရားဟောတာတွေလိုက်ကြည့်ကြပါတယ်။ ကားခေါင်းမှာ ခွပ်ဒေါင်းအလံကြီးက တစ်လူလူပေါ့။ ကိုယ်တို့ တွေကလည်း နဖူးစီး တွေ လက်ပတ်တွေ ပတ်ထားလိုက်ကြတာ။ဘာမှကို ကြောက်စိတ်မရှိခဲ့ကြတာ။ အဲဒီတုန်းက တူးတူးတို့ ဘာတို့တောင်တွေ့ခဲ့သေးတယ်။ ထားပါတော့။ အဲလိုနဲ့နောက်ပိုင်း မဲစနစ် ဆိုတော့လည်း ကိုယ်တို့တစ်အိမ်လုံး NLD ကိုဘဲမဲပေးခဲ့ကြပါတယ်။ စပါးနှံ ဆိုတဲ့သူတွေကို မုန်းမှမုန်းဘဲ။ မဲနိုင်ပေမဲ့လည်း သူတို့ကတိမတည်ခဲ့ကြပါဘူး။

၁၉၉၁ ခုနှစ် ဘုန်းကြီး ဦးကောသံလခေတ်မှာ ကိုယ်တို့အရမ်းပျော်ခဲ့ကြတဲ့ ဗဟန်းအိမ်ကြီးကို အပြီးတိုင်စွန့်လွှတ်ခဲ့ရပါတယ်။ ဘိုးဘွားပိုင်မြေ ကို ဂရမ်မပေါက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သာသနာ့မြေ အဖြစ်သိမ်းပိုက်ခဲ့ပါတယ်။ ဖေဖေကဖိုးဖိုးကိုပြောပါတယ်။ အဲဒါလိုက်လုပ်ရင်ရတယ်တဲ့။ကိုယ်တို့ အဖိုးက ကောင်စီခေတ်မှာ တော်တော်အရာရောက်တဲ့ပုဂ္ဂိုလ်တစ်ဦးပါ။ တောင်တန်းသာသနာ ပြုအဖွဲ့ကိုလည်း သူဦးဆောင်ပြီး အကုန်လိုက်လုပ်ပေးပါတယ်။ လာဘ်လည်မစားပါဘူး။ အဲဒါကြောင့် ဗဟန်းမှာ ကိုယ်တို့အဖိုးကို ဆိုရိုသေကြပါတယ်။ လေးစားကြပါတယ်။ ကိုယ်တို့ အဖိုးက တကယ့်ကို စာအုပ်ကြီးသမား ဖြစ်တဲ့အတိုင်း ဖေဖေစကားကို လက်မခံခဲ့ပါဘူး။ ဖိုးဖိုးတို့ကို မြေနေရာအစားပြန်ပေးတော့ ဒဂုံမြို့သစ်တောင်ပိုင်းတဲ့။ ပြီးတော့ ဖိုးဖိုးတို့ခြံ အကျယ်ကြီးဟာကို ပြန်ပေးတော့ အိမ်နှစ်လုံးလောက်စာ။ နောက်တော့ဖိုးဖိုးလည်း အဲဒီစိတ်ကြောင့် အိပ်ယာထဲဘုန်းဘုန်းလဲ ခဲ့ပါတယ်။ သူကောင်းခဲ့သလောက် ပြန်မကောင်းဘူးဆိုပြီး။ ကိုယ်တို့တွေလည်းအရမ်းကိုမုန်းခဲ့ပါတယ်။

ဒါက ကိုယ်တို့အဲဒီအချိန်က အဖြစ်အပျက်လေးပါ။
ကျဆုံးသွားသော ကျောင်းသားများ ရဲဘော်များ အာဇာနည်များကို ဂုဏ်ပြုလျှက် ။။။။။။။

8 comments:

kiki said...

သူတို့ အမျိုးအဆွေတွေက လွဲရင် ဘယ်သူမှ စက်ကွင်းမလွတ်ပါလား နော် ။
အာဏာစက်က ဓမ္မစက်ထက် ပို အသက်ဝင်နေတဲ့  အခါကိုး...
ပြောရရင် ဒေါသယှဉ်မိတော့ ၊ အ ကုသိုလ် ....ဒါပေမဲ့လည်း ပြောချင်နေတာ ဘယ်လိုမှ ထိန်းမရလို့ ဒီလောက်ပဲ ထိန်းထိန်း သိမ်းသိမ်း ပြောတော့မယ် ကွယ် ....

မယ့်ကိုး said...

မရေ...ဖတ်ရတာ ကြေကွဲလိုက်တာ။

ခြေလှမ်းသစ် said...

ကဗျာလေးကိုဖတ်ရင် အရမ်းလေးစားမိသွားပါတယ် အခုလို ၈၈ အမှတ်တရ ရေးထားတာလေးတွေကိုလဲ သမိုင်းအတွက် ဂုဏ်ယူသွားပါတယ်ဗျာ

rose of sharon said...

၈၈ရဲ့အတိတ်ခြေရာတွေက အားလုံးရဲ့ရင်မှာ တမျိုးစီနာကျင်စွာထင်ကျန်ခဲ့တာပါဘဲ...

သုခုမလေဒီ said...

မျက်မှန်လေးရေ ၈၈၈၈ရဲ့ အတွေ့ အကြုံလေးဖတ်ရလို့  ထပ်တူခံစားရပါတယ်။ ၈၈၈၈ရဲ့ အမှတ်တရလေးတွေ ကြုံတွေ့ ခဲ့ရသူတိုင်း ခံစားချက်ကိုယ်စီရှိကြမှာပါ။
အဆင်ပြေပျော်ရွှင်ပါစေ

kyalkalay said...

ဪ ကိုယ်တိုင်မြင်တွေ. ခဲ့ရတဲ့သူတွေ ဘယ်လောက် ဝမ်းနဲကြေကွဲမလဲနော်

လက်တွဲဖော်လက်တွဲဖက်တွေ ရက်ရက်စက်စက်ပြစ်သတ်ခံခဲ့ရတာ

ရာဇဝတ်သားလဲမဟုတ်

သူပုန်လဲမဟုတ်

မတရားတာလဲမလုပ်ပဲနဲ့

သေနတ် နဲ့ပြစ်သတ်ခံရတယ်

ရင်နင့်လိုက်တာ

အမရေလေးစားပါတယ်

သူတို့ငရဲကျဖို့ကျနော်တို့ ခါးစည်းခံပေးတာလေ

ကိုလူထွေး said...

မမေ့နိုင်သလို မမေ့သင့်တဲ့အတိတ်...
အမှန်တရားအတွက် သွေးမြေကျရတဲ့သပိတ်...

မင်းအိမ်ဖြူ Minn Eain Phyu said...

အစ်မရေ လာဖတ်ပြီး ခံစားသွားပါတယ် ၊၊

တခါတခါတော့ မေးကြည့်ချင်မိတယ်

မသိတာလား ၊ သိသိကြီးနဲ့ တမင်လုပ်နေတာလားလို့

စိတ်တော့ပျက်တာအမှန်ပဲ အစ်မေ၇

သူတို့ ပြည်သူကိုမသနားဘူး